ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ “စိုးရိမ်မှုများ”ကို အသိအမှတ်ပြုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကြာသပတေးနေ့ပြောကြားလိုက်ပြီး တရုတ်၏ “မျှတသော ရပ်တည်မှု”ကို လေးစားကြောင်းး ဖေါ်ပြသည်။
ထိုခေါင်းဆောင် ၂ ဦးတို့သည် ဥဇဘက်ကစ္စတန်တွင် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမှ သီးခြားအစည်းအဝေးတွင် တွေ့ဆုံခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံခြင်းသည် မော်စကိုက ယူကရိန်းကို ဖေဖေါ်ဝါရီလတွင် ကျူးကျော်ပြီးနောက် ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်သည်။
ရှီသည် ကဇတ်စတန်သို့ သွားရောက်ပြီးနောက် ရှေးဟောင်း ပိုးလမ်းမမှ မြို့ကြီးတမြို့ဖြစ်သည့် ဆာမာခန်သို့ ဗုဒ္ဓဟူးနေ့ညတွင် ရောက်ရှိသည်။ ထို ခရီးစဉ်သည် ၂၀၂၀ ခုနှစ် အစောပိုင်းတွင် ကိုဗစ်နိုင်တင်း အပြင်းအထန်ကူးစက်ပြီးနောက်ပိုင်း ရှီ၏ ပထမဆုံး ပြည်ပခရီးဖြစ်သည်။
ရှီနှင့် ပူတင်တွေ့ဆုံဆွေးနွေခြင်းကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေသည်။ ဘေ့ဂျင်း၏ တရုတ် တနိုင်ငံတည်းမူကို မော်စကိုက ထောက်ခံကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြားတွင် အမေရိကန် ရန်စမှုကို ဆန့်ကျင်ကြောင်း ပူတင်ကပြောသည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ယူကရိန်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံတွင် မေးခွန်းများ ပူပန်မှုများ ရှိနေသည်ကို နားလည်ကြောင်းနှင့် မော်စကို၏ သဘောထားကို ရှင်းပြမည်ဖြစ်ကြောင်းလည်း ပူတင်ပြောသည်။
သို့သော် တရုတ်နိုင်ငံ ဆင်ဝှာသတင်းဌာန၏ ထုတ်ပြန်ချက်တွင် ယူကရိန်းအကြောင်းကို ဖေါ်ပြထားခြင်း မရှိပေ။
“နှစ်နိုင်ငံ အဓိက အကျိုးစီးပွားများနဲ့ ပတ်သက်တဲ့ ပြဿနာတွေမှာ အပြန်အလှန် အခိုင်အမာ ထောက်ခံဖို့ တရုတ်က ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်” ဟု ရှီကပြောပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ဆက်သွယ်ရေး ကိစ္စများသည် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်နိုင်သော နယ်ပယ်များဖြစ်ကြောင်း ထောက်ပြသည်ဟု ဆိုသည်။
ရှုပ်ထွေးပြောင်းလဲ ဆက်စပ်နေသော ကမ္ဘာသို့ တည်ငြိမ်မှုများ ထည့်သွင်းပေးကာ အင်အားကြီး နိုင်ငံများ၏ အခန်းကဏ္ဍမှ ပါဝင်ရန် တရုတ်သည် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရှီ ပြောသည်။
ဘေ့ဂျင်းနှင့် မော်စကိုတို့ နွေးထွေးသော ဆက်ဆံရေး ရှိကြောင်း ဆင်ဝှာက ပူတင်ကို ကိုးကားရေးသားသည်။
“ကမ္ဘာမှာ အပြောင်းအလဲ အများအပြားဖြစ်နေတယ်။ ဒါပေမယ့် မပြောင်းလဲတဲ့ အရာတခုက ရုရှားနဲ့တရုတ်အကြား ချစ်ကြည်မှုနဲ့ အပြန်အလှန် ယုံကြည်မှုဖြစ်တယ်” ဟု ပူတင်ပြောသည်ဟု ဖေါ်ပြထားသည်။ ” နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ပြီး ကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုက တောင်ကြီးတတောင်လို ခိုင်မာတယ်” ဟု ပူတင်က ဆက်လက်ပြောကြားသည်ဟုလည်း ဖေါ်ပြထားသည်။
ရုရှားက ၎င်းတို့တပ်များကို ယူကရိန်းသို့ မစေလွှတ်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အကန့်အသတ် မရှိကြောင်း ခေါင်းဆောင်နှစ်ဦး ပြောသည်။ ရုရှားသည် ယူကရိန်းတွင် အကြီးမားဆုံး တန်ပြန်ထိုးစစ်နှင့် ရင်ဆိုင်နေရချိန်တွင် ထိုဆက်ဆံရေးကို စမ်းသပ်မည်ဖြစ်ပြီး ပူတင်သည် ရှီထံမှ နောက်ထပ်ထောက်ခံမှုများ တောင်းခံနိုင်သည်ဆိုသည့် ခန့်မှန်းချက်များလည်း ရှိနေသည်။
တရုတ်သည် ကမ္ဘာ့နိုင်ငံအများစုနှင့်မတူဘဲ ယခုအချိန်အထိ ယူကရိန်းကို ရုရှား ကျူးကျော်မှုအား ရှုတ်ချခြင်းမရှိဘဲ အမေရိကန်နှင့် အကွဲအပြဲကို ပိုမိုနက်ရှိုင်းစေသည်။ ထိုကျူးကျော်စစ်စတင်ပြီးနောက် တရုတ်သည် အနောက်နိုင်ငံများ သပိတ်မှောက်သောကြောင့် ဈေးလျှော့ရောင်းသော ရုရှားထံမှ စွမ်းအင်များကို စံချိန်တင် တင်သွင်းသည်ဟုလည်း အမေရိကန် အတိုင်ပင်ခံလုပ်ငန်း ယူရေးရှား အုပ်စု၏ အဆိုအရ သိရသည်။
သို့သော် ပူတင်သည် ရှီထံမှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုထက် ပိုမိုပြီး များများစားစား ရနိုင်ဖွယ် မရှိကြောင်း ယူရေးရှားအုပ်စုမှ သုတေသီ နီးလ်သောမတ်က ပြောသည်။ တရုတ်သြဇာကြီးထွားလာခြင်းအား တားဆီးရန် အမေရိကန်၏ လုပ်ဆောင်မှုများကို ထိန်းညှိရန် ရုရှားကို တရုတ်သမ္မတက အားထားသည်။
“ပိုမိုနီးကပ်လာတဲ့ တရုတ်-ရုရှားဆက်ဆံရေးဟာ ကြီးထွားနေတဲ့ တရုတ်-အမေရိကန် သေနင်္ဂဗျူဟာ အားပြိုင်မှုအပြင် အမေရိကန်ရဲ့ တရုတ်မူဝါဒနဲ့ ဒွန်တွဲထားတဲ့ ဥရောပသမဂ္ဂနဲ့ပါ အားပြိုင်မှုတွေကို မွေးဖွားပေးနေစေပါတယ်။ အဲဒါကပဲ တရုတ်ရဲ့ တိုးတက်မှု အလားအလာတွေအပေါ် ဖိအားပိုမိုကျရောက်စေပါတယ်” ဟု အထက်ပါ သုတေသီပြောကြားပြီး ရှီသည် ထိုသို့သော စီးပွားရေးရိုက်ခတ်မှုကို ရှောင်ရှားလိုမည်ဖြစ်ကြောင်း ထောက်ပြသည်။
ပူတင်နှင့် မတွေ့ဆုံမီက ရှီသည် ဥဇဘက် သမ္မတ ရှက်ဗ်ကက် မာဇီယိုယက်နှင့် ဆွေးနွေး ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆုံးဖြတ်ကြသည်။ ထိုဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဥဇဘက် သမ္မတ၏ အင်တာနက်စာမျက်နှာက ဖေါ်ပြရာတွင် မော်တော်ယာဉ် ထုတ်လုပ်ရေး၊ အစိမ်းရောင်စွမ်းအင်၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းများသည် ဦးစားပေးများဖြစ်ကြောင်း ဖေါ်ပြထားသလို တရုတ်၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွေ့အကြုံကို လေ့လာရန် အားထုတ်မှုများကိုလည်း မီးမောင်းထိုးပြထားသည်။ နှစ်နိုင်ငံတို့သည် ဘဏ္ဍာရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒေါ်လာ ၁၅ ဘီလီယံတန်သော သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးကြသည်။
ရှီသည် ကဇတ်စတန်တွင် ခရီးတထောက်နားပြီး မှ ဥဇဘက်သို့ ရောက်လာခြင်းဖြစ်သည်။ ထိုသို့သွားရောက်ခြင်းကြောင့် တရုတ်သည် ရုရှား၏ နောက်ဖေးတွင် သြဇာအကြီးမားဆုံး နိုင်ငံဖြစ်လိုသည့် လက္ခဏာအဖြစ် မြင်ကြသည်။
ကဇတ် သမ္မတ ကက်ဆင်ဂျိုမတ် တိုကာယက်ကို ရှီက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သော စကားကို အမျိုးမျိုး ဖွင့်ဆိုနိုင်သော်လည်း ယူကရိန်းစစ်ပွဲ အခြေအနေကို ထင်ဟပ်နေသည်။ “နိုင်ငံတကာ အခြေအနေ ဘယ်လိုပဲပြောင်းလဲပါစေ ကဇတ်စတန်နိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရာမှာ တရုတ်က ပြတ်ပြတ်သားသား ထောက်ခံသွားမယ်” ဟု ရှီပြောကြောင်း တိုကာယက်၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားပြီး ကဇတ်စတန်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုကိုလည်း လက်မခံကြောင်း ပြောသည်ဟု ဆိုသည်။
ရှီနှင့် ပူတင်တို့ အစည်းအဝေးအပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက် ရှာရစ်နှင့် အခြားခေါင်းဆောင်အများအပြားတက်ရောက်သောကြောင့် ထိုထိပ်သီးဆွေးနွေးပွဲကိုလည်း အနီးကပ်လေ့လာစောင့်ကြည့်ကြသည်။
၂၀၀၁ ခုနှစ်က ရှန်ဟိုင်းတွင် ဖွဲ့စည်းခဲ့သော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ မူလရည်ရွယ်ချက်မှာ ဗဟိုအာရှတွင် အစွန်းရောက်အတွေးအခေါ်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဖြစ်သည်။ နောက်ပိုင်းတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ တိုးချဲ့လုပ်ကိုင်လာသည်။ သို့သော် ထိုအဖွဲ့သည် အနောက်တိုင်းဦးဆောင်သည့် စနစ်နှင့် အင်စတီကျူးရှင်းများကို စိန်ခေါ်မှုတခုအဖြစ်မြင်ကြသည်။
ကြာသပတေးနေ့တွင် အီရန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးပြောသည်။ အီရန်သည် အနောက်နိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက် ပြန်လည်အသက်သွင်းရေး ဆွေးနွေးပွဲများ တုံ့ဆိုင်းနေပြီး နိုင်ငံတကာတွင် အထီးကျန်မှုလျှော့ချရန်နှင့် အမေရိကန် အရေးယူပိတ်ဆို့မှုများကို ခံနိုင်ရန် လုပ်ဆောင်နေစဉ် ထိုအဖွဲ့သို့ ဝင်ရောက်ရန် ကြိုးစားခြင်းဖြစ်သည်။
ကိုးကား။ ။ Nikkei Asia ၏ Putin concedes China has ‘concerns’ on Ukraine in Xi meeting
You may also like these stories:
ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ
ပူတင် နုတ်ထွက်ရန် တောင်းဆိုမှု ကြီးမားလာပါက အခြေအနေ တဆစ်ချိုး ပြောင်းနိုင်
ယူကရိန်း အရှေ့ပိုင်းက ရုရှားတပ်များ ဆုတ်ပြေး
တတိယမြောက် ချားလ်စ် ဘယ်လိုဘုရင်လဲ