ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ရွာမြေများအထိပါ ကုမ္ပဏီများက တရားမဝင်ကျောက်စိမ်းတူဖော်လာသဖြင့် မြေပြိုမှု အန္တရာယ်ကြုံလာသည့်အတွက် လုံးခင်းကျေးရွာအုပ်စုရှိ ကုဋေ၊ မရောင်နှင့် ဆိပ်မူကျေးရွာ အုပ်စုရှိ သာယာကုန်း စသည့် ကျေးရွာများ ယခုလ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။
သာယာကုန်း ကျေးရွာဒေသခံတဦးက “စက်တင်ဘာလကုန်ရင် အပြီး ရွှေ့ပြောင်းရမယ်။ ဒါက ရွာမြေတွေအထိ ကျောက် စိမ်း တူးဖော်တာတွေ ရှိလာလို့ အခု ကျမတို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) စီမံဌာနကနေ ပြောင်းရွှေ့ဖို့ ပြင်ပေးနေ တာ ဖြစ်တယ်။ အခုကတော့ ရွာတဝက်နီးနီးက ပြောင်းနေဆဲ။ စက်တင်ဘာလအပြီး ရွှေ့ရမယ် ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပြောင်းရွှေ့ရန် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများနှင့် KIO မှ အကြောင်းကြားလာခြင်းဖြစ်ပြီး ရွှေ့ပြောင်း စရိတ် နှင့် ပြန်လည်နေရာချထားရေးများကိုပါ လုပ်ဆောင်ပေးကြောင်း ဒေသခံတဦးက ဆိုသည်။
“KIO က ကြားဝင်ပြီး စေ့စပ်ညှိနှိုင်းပေးတဲ့ သဘောပေါ့။ ပြန်လည်နေရာချထားဖို့ ပြောင်းရွှေ့ဖို့တွေကို KIO အစိုးရက စီမံပြီး လုပ်နေတယ်။ ဦးသန်းရွှေခေတ်တုန်းက အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းလို့ နစ်နာကြေး မရဘဲ ရွှေ့ပေးရတယ်။ အခုက ကျနော်တို့က အဲဒီလို မလုပ်ပါဘူး၊ ရွှေ့ပြောင်းရေးမှာ တာဝန်ယူပေးမယ်လို့ KIO က ပြောတယ်။ မပြောင်းဘဲနေမယ်ဆို ရင်လည်း ပြိုသွားရင် ဘယ်သူမှ တာဝန်ယူမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် မပြောင်းချင်လဲ ပြောင်းရတယ်။ ခြံဝင်းအလိုက် တပေကို ၁ သောင်း ၂ သောင်းလား အဲဒီလိုသတ်မှတ်ပြီး ရွှေ့ပြောင်းစရိတ် ပေးပါတယ်” ဟု ရွှေ့ပြောင်းပေးရမည့် ဒေသခံ အမျိုးသမီးတဦးက ဧရာဝတီကို ပြောသည်။
ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်သူများမှာ စစ်တပ်မှ စီမံပြီး လုပ်ကိုင်ခြင်းများ ရှိသလို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဦးဆောင် လုပ်ကိုင်ခြင်းများလည်းရှိပြီး နှစ်ဖက်စလုံးနှင့် ပတ်သက်သူများပါ တူးဖော်နေမှုများလည်း ရှိသည်။
လက်ရှိတွင် တနိုင်တပိုင် (လက်ကျင်း) သမားများထက် ကုမ္ပဏီ လုပ်ငန်းရှင်များက ပေ ၁၀၀၊ ပေ ၂၀၀ ပတ်လည် လုပ် ကွက်များယူ၍ စက်ယန္တရားကြီးများနှင့် နေ့၊ ညမပြတ် တူးဖော်နေကြလျက်ရှိကြသလို၊ တချို့ကုမ္ပဏီများမှာ သက်တမ်းကုန် သွားပြီဖြစ်သော်လည်း ဆက်လက် တူးဖော်နေကြသည့်အတွက် တရားမဝင်တူးဖော်မှုများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (MGE) က ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များကို ယခု ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ စ၍ ဆက်လက် တူးဖော်ခွင့် မပြုကြောင်း နိုင်ငံပိုင် သတင်းစာများမှ တဆင့် ကြေညာထားသော်လည်း ကုမ္ပဏီအများစုမှာ မြေပြင်တွင် တူးဖော်မှု ရပ်ဆိုင်းထားခြင်း မရှိဘဲ သက်ဆိုင်ရာ အာဏာရှိသူများနှင့် ပူးပေါင်း၍ စက်ယန္တရားကြီးများနှင့် နေ့စဉ် တူးဖော်နေမှုများကို ပြုလုပ်လျက်ရှိနေ ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိ ကျောက်စိမ်းတူးဖော်မှုများကြောင့် ရွာပျက်စီးလာသဖြင့် ပြောင်းရွှေ့ရမည့် ကုဋေ၊ မရောင်နှင့် သာယာကုန်းကျေး ရွာများတွင် ၁ သုံးလုံး ကျောက်မျက် တူးဖော်ရေးကုမ္ပဏီက လုပ်ကွက်အများဆုံးဖြစ်ပြီး တခြား ကုမ္ပဏီများလည်း ရှိ ကြောင်း၊ ယခုအချိန်ထိလည်း တူးဖော်နေဆဲဖြစ်ကြောင်း သိရသည်။
ယင်း ၁ သုံးလုံးကျောက်မျက် တူးဖော်ရေး ကုမ္ပဏီသည် ဖားကန့်ဒေသတွင် ၎င်း၏ လုပ်ကွက်များမှာ လက်ညှိုးထိုး မလွဲ သည့် အခြေအနေထိရှိပြီး စစ်တပ်ရှိ ဗိုလ်မှူး၊ ဗိုလ်ချုပ်များနှင့် ဆက်နွှယ်သည့် ကုမ္ပဏီတခု ဖြစ်သလို ပိုင်ရှင်မှာလည်း “ဝ” လူမျိုး ပိုင်ဆိုင်သည့် ကုမ္ပဏီတခု ဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် ဒေသခံများထံက သိရသည်။
အဆိုပါ ပြောင်းရွှေ့ရမည့် သာယာကုန်း၊ မရောင်နှင့် ကုဋေကျေးရွာများမှာ လူဦးရေ သိန်းနှင့်ချီရှိပြီး အိမ်ထောင်စုပေါင်း ထောင်နှင့်ချီရှိကာ အိမ်ခြေပေါင်း ၅၀၀၊ ၆၀၀ မက ရှိကြောင်း၊ ထိုအထဲတွင် ကျူးကျော်တဲများလည်း ပါဝင်သည်။
ထို့ပြင် သာယာကုန်းကျေးရွာသည်၂၀၀၅ ၊ ၂၀၀၆ ခုနှစ်ခန့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကလည်း ၎င်း၏ ဇနီး ဒေါ်ကြိုင်ကြိုင် ပိုင်ဆိုင်သည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက် ဖြစ်သည်ဟုဆိုကာ မိုးတွင်းကာလမှာပင် ရွာလုံး ကျွတ် ပြောင်းရွှေ့ခဲ့ရကြောင်း၊ ယခု အာဏာသိမ်းပြီးနောက်တွင် ထပ်မံ တူးဖော်လာသောကြောင့် ထပ်ပြောင်းရမည် အခြေ အနေ ဖြစ်နေကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
ဖားကန့်ဒေသခံတဦးက “ကျနော်တို့ဆီမှာ အခု ကျောက်စိမ်းတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်လည်း လုံးဝကို ပျက်စီးသွားပြီ။ ဝှေ့ခါချောင်းတွေ ဘာတွေ မရှိတော့တာ။ လုံးဝ ပျက်စီး ပျောက်ကွယ်ကုန်တာ။ အာဏာ မသိမ်းခင်ထဲက သစ်တွေကို ခုတ်တယ်၊ မြစ်၊ ချောင်းတွေကို လမ်းလွဲတယ်။ အခု အာဏာသိမ်းပြီးတဲ့ အချိန်မှာ ပိုဆိုးလာတာပဲ။ အခုလို စက်တင်ဘာလဆို ကျနော်တို့ ဒေသက စောင်ခြုံပြီး နေရတာ။ ပြီးခဲ့တဲ့နှစ်က စပြီး အပူချိန်မြင့်လာတယ်။ ရေခမ်းတယ်။ ထုံးရေတွေ ဖြစ်လာတယ်။ အခု ရွာလုံးကျွတ်တွေပါ ပြောင်းရပြန်ပြီ” ဟု ဧရာဝတီသို့ ပြောသည်။
သဘာဝသယံဇာများကို အဆက်မပြတ် တူးဖော်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်လာ ခြင်း အပေါ် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် ဒေသခံများအနေနှင့် တောင်းဆိုချင်သော်လည်း အာဏာနှင့် လက်နက်ကိုင် လုပ်ဆောင်နေသော ကြောင့် ဒေသခံများအနေဖြင့် ပြောပိုင်ခွင့်မရှိ ဖြစ်နေရကြောင်း ၎င်းက ပြောသည်။
ဖားကန့် ကျောက်စိမ်းများမှာ စစ်ကိုင်း၊ မန္တလေးနှင့် တခြား ကျောက်ဝိုင်းများကို ဝင်ရောက်ပြီး အကျိုးတူနှင့် ပုဂ္ဂလိက ကုမ္ပဏီများက အရည်အသွေးမြင့်မားသည့် ကျောက်စိမ်းများကို ပြည်တွင်း ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချ ကြကြောင်း ကျောက်ကုန်သည်များထံက သိရသည်။
ထို့ပြင် ဖားကန့်ဒေသသည် လက်ရှိအချိန်တွင် တိုက်ပွဲများလည်း ရှိနေပြီး စက်တင်ဘာလ ၁၄ ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာအတွင်းရှိ ကုန်စုံအတွင်းကျရောက်၍ မီးလောင်ပျက်စီးမှု များ ဖြစ်ခဲ့သလို ဒေသခံ ရွာသားများမှာလည်း တချို့ ထွက်ပြေး တိမ်းရှောင်နေရသည့် အခြေအနေ ဖြစ်ကြောင်း သိရ သည်။
You may also like these stories:
ဖားကန့်၌ ရွာမြေများအထိ ကျောက်စိမ်းတူးကြ၍ ပြောင်းရွှေ့ရမည့် အခြေအနေကြုံ
တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ