လက်ဖက်အဓိက ဝယ်ယူစားသုံးသည့် မြန်မာပြည် အလယ်ပိုင်း အညာဒေသများတွင် တိုက်ပွဲများ ဖြစ်နေသဖြင့် ဝယ်လို အားကျဆင်းနေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သည့် လက်ဖက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။
ပြည်တွင်း ဈေးကွက်တွင် လက်ဖက်(အစို) ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က ဝယ်လိုအားများပြီး ယခု ယင်း နေရာများ တွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်ခြင်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများမှာ ထွက်ပြေးနေရသဖြင့် ဈေးကွက် တခုလုံး ဝယ်လိုအား ရပ်ဆိုင်းသွားသည့်အပြင် ပြည်ပမှ အမှာစာများမှာလည်း အာဏာသိမ်းပြီး နောက်ပိုင်းမရှိတော့သဖြင့် လက်ဖက်ခူးချိန်တွင် စိုက်ခင်း တဝက်နီးပါးကို မခူးတော့ဘဲ စွန့်ပစ်ရသည်အထိ ဖြစ်နေကြောင်း လက်ဖက်စိုက်တောင်သူ များထံက သိရသည်။
ပလောင်လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးဇော်ညွှန့်က “လက်ဖက်အစို ဝယ်အားကျနေတယ်၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူဘက်ပို့တာများတယ်။ အဓိကတော့ စစ်ကိုင်းတိုင်းပေါ့၊ အခုနောက်ပိုင်း နိုင်ငံရေး ပြဿနာ ကြောင့် ပို့လို့အဆင်မပြေတော့ဘူး။ ဒီအတွက် စက်ရုံလေးတွေ ရပ်လိုက်ရတယ်။ တချို့လည်း တနိုင်တပိုင် လုပ်တာလေး တော့ ရှိတယ်။ တောင်သူလည်း ကုန်သည် ပြန်ရှာရ ရောင်းဖို့ အခက်အခဲဖြစ် လက်ငင်း ပိုက်ဆံမရတော့ဘူး။ အကြွေး စနစ်နဲ့ ရောင်းရတယ်။ ဈေးနှုန်းကလည်း မနှစ်ကထက် လက်ဖက်(အစို) ၁ ပိဿာ ကျပ် ၂၀၀ လောက် နည်းသွားတယ်”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
ထို့အတွက် လက်ဖက်စိုက်တောင်သူများမှာ လက်ဖက်ခူးရာသီတွင် အနည်းငယ်သာ ခူးတချို့ကို အပင်ပေါ်တွင်သာ စွန့်ပစ် ထားသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ရှင်းပြသည်။
“အောက်ပြည်၊ အောက်ရွာက လက်ဖက်ခူးဖို့ လုပ်သားတွေ လာတာ ရှိတယ်။ အခုတော့ နိုင်ငံရေးကြောင့် မလာတော့ လုပ်သားရှားပါးလာတယ်၊ ဒီတော့ လက်ဖက်တွေကို ကျနော်တို့ မနိုင်တော့တာလည်းပါတယ်”ဟု ဆိုသည်။
ဝယ်လိုအား ကျဆင်းပြီး အကြွေးစနစ်နှင့်သာ ရောင်းချရသောကြောင့် အကြွေးများလာသဖြင့် လက်ဖက် စိုက်ဧကများကို လည်း လျှော့ချသွားရမည့် အခြေအနေဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်ဒေသမှ လက်ဖက်စိုက်တောင်သူ တဦးက “အာဏာသိမ်းပြီနောက် အစစအရာရာ အကုန်လုံး ဈေးကြီး လာတယ်။ ဝယ်လိုအားက နည်းသွားတယ်။ လက်ဖက်အဓိကဈေးကွက်ကြီးက စစ်ကိုင်း မကွေး ဧရာဝတီတိုင်း ဒီနေရာကြီး သုံးခုက တောင်သူလယ်သမား အရမ်းများတော့ အဝယ်များတယ်။ အဲဒီနေရာတွေမှာ စစ်မက်ဖြစ်ပွားကြတော့ ပြေးကြ၊ လွှားကြနဲ့ အော်ဒါတွေ နည်းသွားတယ်။ ဒီတော့ လက်ဖက်ထုတ်လုပ်မှု အားလည်း ကျပြီး စက်ရုံတွေက လည်ပတ် မှု နည်းသွားတယ်” ဟု ဆိုသည်။
လက်ဖက်စက်ရုံ အများစုမှာ တနိုင်တပိုင် ထုတ်လုပ်သည့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများတွင် အများဆုံး ပါဝင်ပြီး လက်ရှိတွင် အထက်ပါ အခြေအနေများကြောင့် လက်ဖက် ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း ဝန်းကျင်ခန့် လျော့ချ လိုက်ရကြောင်း ၎င်းက ရှင်းပြသည်။
ယင်း အခက်အခဲများကြောင့် ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်စိုက်တောင်သူများမှာ တခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုး သူများ ရှိသလို လူငယ်များကလည်း ပြည်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်သွားရောက်လုပ်ခြင်းများ ရှိလာကြောင်း ပလောင် ဒေသတွင် များသောအားဖြင့် အသက်ကြီးပိုင်းနှင့် ကလေးငယ်များသာ အများစု ကျန်ရှိသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ရှမ်းပြည်နယ်သည် လက်ဖက် အဓိက စိုက်ပျိုးထုတ်လုပ်ရာဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်း လက်ဖက်စိုက်သူတချို့ ယခုအခါ ဂေါ်ဖီ၊ အာလူး၊ မုန့်ညှင်း၊ အစရှိသည့် သီးနှံများပြောင်းလဲ စိုက်ပျိုးသူများ ရှိလာသလို ရှမ်းပြည်မြောက်ပိုင်း လက်ဖက်စိုက် တောင်သူအများစုမှာ တရုတ်ပြည်ဘက်သို့ ထွက်၍ အလုပ်လုပ်ကိုင်သူများ များပြားကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အဓိကပြည်တွင်းလက်ဖက်ဈေးကွက်ဖြစ်သည့် မြန်မာပြည်အလယ်ပိုင်းဒေသ၏ ဝယ်လိုအား မရှိတော့သလို ဘဏ်များတွင် ငွေထုတ်၊ ငွေလွှဲ မလွယ်ကူသည့် အခြေအနေများ၊ သင်္ဘောတင်စရိတ်များ ကြီးမြင့်လာခြင်း အပြင် လောင်စာဆီဈေး မြင့်တက်မှုများကြောင့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်သည့် စက်ရုံများတွင် ကုန်ကျစရိတ်များ ကြီးမြင့်လာကြောင်း မန္တလေးမြို့ လက်ဖက် စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင် တဦးကလည်း
“အာဏာသိမ်းပြီးနောက်ပိုင်း လက်ဖက်တင်မဟုတ် အခြားသီးနှံတွေရော အမှာမရှိတော့ဘူး၊ ဝယ်လိုအား ကျတော့ စက်ရုံတွေကလည်း မထုတ်ကြတော့ဘူး။ လျှော့ပြီး ဝယ်ကြတယ်၊ အဲဒီတော့ တောင်သူကလည်း လက်ဖက်စိုက်ခင်း ၁ ဧကကို ဥပမာ ပိဿာချိန် ၁၀၀ ထွက်တယ် ဆိုရင် ပိဿာချိန် ၅၀ ပဲ ခူးနိုင်တော့တယ်။ ကျန်တဲ့ ၅၀ ကတော့ အပင်ပေါ် မှာပဲ အရွက်ကြမ်း ဖြစ်သွားတာပေါ့။ စွန့်ပစ်လိုက် ရသလိုပဲပေါ့” ဟု လက်ရှိ အခြေအနေကို ပြောသည်။
မြန်မာနိုင်ငံ လက်ဖက်အသင်းက ရရှိသည့်စာရင်းများအရ Green Tea နှင့် Black Tea ကို ဂျာမနီသို့ လည်းကောင်း လက်ဖက်အစိုကို အမေရိကန်၊ ထိုင်ဝမ်နှင့် ယူကေနိုင်ငံများသို့ တင်ပို့ရောင်းချပြီး အချိုခြောက်ဟုခေါ်သည့် Black Tea မှာပြီးခဲ့ သည့် ၂၀၂၀ ပြည့်နှစ်က တန်ချိန် ၇၀ဝ၀ ခန့် အထိ ထွက်ရှိခဲ့သော်လည်း ပြည်ပနိုင်ငံများသို့ တန်ချိန် ၁၀ဝ ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် တရုတ်နိုင်ငံသို့ လက်ဖက်(အစို) တန်ချိန် ထောင်နှင့်ချီ၍ သွားခြင်းလည်းရှိကြောင်း ယင်းမှာ တရုတ်က ငွေတုံးရုပ်၊ လာဘ်ခေါ်ရုပ်များ ပြုလုပ်ခြင်း အတွက်သာ ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
လက်ဖက်ခူးချိန်မှာ တနှစ်လျှင် ဧပြီလမှ နိုဝင်ဘာလအထိ ၈ လခန့် သတ်မှတ်ထားပြီး အရည်အသွေး၊ အနံ့အရသာ၊ ထွက်နှုန်း၊ ဈေးနှုန်း အများဆုံးနှင့် အကောင်းဆုံး လက်ဖက်ဖြစ်သည့် ရွှေဖီဦး(ရွှေဖီမိုးလွတ်) ကို မတ်လကုန်ခါနီးမှစ၍ သင်္ကြန်ကာလအတွင်း ခူးဆွတ်ကြကာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ ကိုးကန့် လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်းနှင့် ရှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ပင်းတယ၊ ရွာငံ တို့တွင် အများဆုံး လက်ဖက် စိုက်ပျိုး ကြသည်။
လက်ရှိ ရွှေဖီလက်ဖက် (အစို) တပိဿာလျှင် ၁၄၀၀ ကျပ်သာ ရှိပြီး တခြားလက်ဖက်များမှာ ၁ ပိဿာ ၁၂၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ အစားစားရှိကြောင်း၊ လက်ဖက် (အစို) ထဲတွင် ဇယန်းလက်ဖက်မှာ အကောင်းဆုံးဖြစ်ပြီး လက်ဖက်ခြောက်မှာတော့ အမျိုးမျိုး ရှိကြောင်း လက်ဖက်စိုက်တောင်သူများထံက သိရသည်။
You may also like these stories:
လက်ဖက်ခြောက် ပိုကောင်းရန် နည်းလမ်းဟောင်းကို ပြုပြင်ရမည်
လက်ဖက်မြို့တော်သို့ အလည်တခေါက်
လက်ဖက် ယဉ်ကျေးမှုနှင့် ပလောင်တို့၏ ဘဝ
လက်ဖက် ထုတ်လုပ်မှု ပြိုလဲတော့မလား
အင်္ဂလန်နိုင်ငံရဲ့“Twinings” လက်ဖက်ခြောက် မြန်မာနိုင်ငံမှာ မိတ်ဆက်