ရုရှားတပ်များထံမှ ပြန်လည်သိမ်းပိုက်ထားသည် မြို့တမြို့တွင် အစုလိုက်အပြုံလိုက်မြှုပ်နှံထားသော နေရာတခုမှ တူးဖေါ်ရရှိသော အလောင်းများ၌ ညှင်းပမ်းနှိပ်စက်ထားသည့် လက္ခဏာများ တွေ့ရကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး ပြောကြားလိုက်ပြီး ဥေရောပသမဂ္ဂ (EU) က စစ်ရာဇဝတ်မှု ခုံရုံးထူထောင်ရန် တောင်းဆိုလိုက်သည်။
အရပ်သားများကို ရုရှားက တိုက်ခိုက်မှုသည် မစဉ်းစားကောင်းသော စက်ဆုပ်ဖွယ် ကိစ္စဖြစ်သည်ဟု ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဂျန် လစ်ဗာစကီးက စနေနေ့တွင်ပြောသည်။
“ဒီကိစ္စကို မသိချင်ယောင်ဆောင်နေလို့ မရဘူး။ စစ်ရာဇဝတ်ကောင်တွေအားလုံး အပြစ်ပေးခံရဖို့အတွက် ကျနော်တို့ ရပ်တည်ရမယ်” ဟု တွစ်တာတွင် သူရေးသားသည်။ “ ကျူးကျော်တဲ့ စစ်ရာဇဝတ်မှုတွေကို စီရင်ဖို့ အထူးနိုင်ငံတကာခုံရုံးကို အမြန်ဆုံးထူထောင်ဖို့ ကျနော်တောင်းဆိုတယ်” ဟုလည်း သူဆက်လက်ရေးသားသည်။
ယခင်ရုရှားသိမ်းပိုက်ထားသည် အဇ်ယွမ်း မြို့ပြင်တွင် မြှုပ်နှံထားသော သချိုင်္င်းနေရာ ၄၅၀ ခန့်တွေ့ကြောင်း တူးဖေါ်ရရှိသည့် အချို့အလောင်းများတွင် ညှင်းပမ်းနှိပ်စက်ခံထားရသည့် လက္ခဏာများတွေ့ကြောင်း ယူကရိန်း အာဏာပိုင်များကပြောကြားပြီးနောက် အထက်ပါအတိုင်း သူတောင်းဆိုခြင်းဖြစ်သည်။
ထိုနေရာများတွင် မြှုပ်နှံထားသည့် အလောင်းများတွင် ညှင်းပမ်းနှိပ်စက်ခံထားရသည့် အထောက်အထားများ တွေ့ကြောင်း ဇယ်လန်းစကီးကလည်း ပြောသည်။
“ညှင်းပမ်းနှိပ်စက်တဲ့နေရာ ၁၀ ခုလောက်ကို ခါကိဗ်က မြို့တွေမှာ တွေ့ထားတယ်” ဟုလည်း သူပြောကြားပြီး ညှင်းပမ်းနှိပ်စက်ရာတွင် အသုံးပြုသည့် လျှပ်စစ်ကိရိယာ တခုတွေ့ကြောင်းလည်း သူပြောသည်။
“ဒါတွေက နာဇီ လုပ်ရပ်တွေဖြစ်တယ်။ ရုရှားဖက်ဆစ်လုပ်ရပ်ဖြစ်တယ်။ သူတို့ကို ဖက်ဆစ်တွေလိုပဲ စစ်မြေပြင်မှာရော တရားရုံးမှာပါ အရေးယူရမှာဖြစ်တယ်” ဟု ရုရှားနှင့် ဖက်ဆစ်ဆိုသည့် စကားလုံးများကို ပေါင်းကာ“Ruscists” ဆိုသော စကားလုံးကို အသုံးပြုပြောသည်။
ခါကိဗ်တွင် သတင်းယူနေသည့် Al Jazeera သတင်းထောက် ဟွန်ဒါ အဗ္ဗဒယ် ဟာမစ်က အဇ်ယွမ်းမြို့သည် တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်နေကြောင်း ပြောသည်။

“အဇ်ယွမ်းက လူသူကင်းမဲ့တဲ့ မြို့ကြီးဖြစ်ပြီး လုံးဝပျက်စီးနေတယ်။ နည်းနည်းပါးပါးပဲ ပျက်စီးတဲ့ အဆောက်အအုံ ဆိုတာ မရှိသလောက်ပဲ။ အရပ်သားတွေနေတဲ့ နေရာတွေမှာဖြစ်နေတာ။ လူနေတိုက်ခန်းတွဲတွေ၊ ကျောင်းတွေ၊ ဆေးခန်းတွေ၊ ဘုရားကျောင်းတွေ။ အရမ်းကို ဆိုးရွားတဲ့ မြင်ကွင်းဖြစ်တယ်” ဟု အဗ္ဗဒယ် ဟာမစ် ပြောသည်။
“စစ်ရဲ့အနိဋ္ဌာရုံပါပဲ။ ဒီမြို့ဟာ ဝိုင်းပတ်သိမ်းပိုက်ခံရတဲ့မြို့ဖြစ်တယ်။ နှစ်ဘက် အသေအကြေ တိုက်ခိုက်ခဲ့တဲ့ မြို့ဖြစ်တယ်။ အခုတော့ ယူကရိန်း ထိန်းချုပ်မှုအောက်ကို အခိုင်အမာ ပြန်လည်ရောက်ရှိပြီဖြစ်တယ်။ လမ်းမတွေမှာ စစ်သားတွေ သွားလာနေကြပေမယ့် ရှင်သန်နေတဲ့ လက္ခဏာ တခုမှ မရှိသလောက်ပဲ” ဟု သူပြောသည်။
ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရသူ တထောင်ခန့်ရှိနိုင်
ရုရှားသည် ယူကရိန်းတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ထိုအစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် နေရာများက အထောက်အထားပြသနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန် ပြောသည်။ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က အဇီယမ်မှ ဖြစ်ရပ်များသည် ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ကြောင်းပြောသည်။
ယူကရိန်း ပါလီမန်၏ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဒီမိုင်ထရို လူဘင်နက်စ်က ခါကိဗ် ဒေသမှ လွတ်မြောက်ဒေသများတွင် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရသည့် ယူကရိန်း နိုင်ငံသား တထောင်အထိ ရှိနိုင်ကြောင်း ပြောသည်။
သေဆုံးမှုအခြေအနေများကို စုံစမ်းစစ်ဆေးရန် အဖွဲ့တဖွဲ့စေလွှတ်မည်ဖြစ်ကြောင်း ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကပြောသည်။

ရုရှားတပ်များ ယူကရိန်းမြို့တော် ကိဗ်အနီး ဘူချာမှ မောင်းထုတ်ခံရပြီးနောက် အရပ်သားအလောင်း ရာနှင့်ချီကျန်ခဲ့ပြီးနောက် ၅ လကျော်အကြာတွင် ယခု မရှုမလှ သေဆုံးမှုများကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ထိုစဉ်က သေဆုံးသည့် အရပ်သားများတွင်လည်း ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ထားသည့် လက္ခဏာများ တွေ့ရသည်။
ဥရောပသမဂ္ဂ အကြီးအကဲ အာဆူလာ ဗွန် ဒါ လိုင်ယန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ယူကရိန်းမှ စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် အမှုရင်ဆိုင်စေလိုကြောင်းပြောသည်။
တချိန်တည်းတွင် သမ္မတ ဘိုင်ဒင်က ရုရှားတပ်များ ယူကရိန်းတွင် ထိခိုက်ဆုံးရှုံးမှု အကြီးအကျယ် ခံစားနေရချိန်တွင် ဓာတုနှင့် နည်းဗျူဟာဆိုင်ရာ နျူကလီးယားလက်နက်များ မသုံးရန် ပူတင်ကို သတိပေးနေသည်။
“နျူကလီးယားလက်နက် မသုံးရဘူး၊ လုံး၀ မသုံးရဘူး” ဟု CBS သတင်းဌာနက သောကြာနေ့တွင် ထုတ်လွှင့်သည့် ၆၀ မိနစ် တွေ့ဆုံမေးမြန်းခန်းတွင် ဘိုင်ဒင်ပြောသည်။
“အဲဒီလိုသုံးလိုက်ရင် စစ်ပွဲက ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဘယ်စစ်ပွဲနဲ့မှ တူမှာ မဟုတ်ဘူး” ဟု ပူတင်ပြောသည်။
ထိုသို့လုပ်ဆောင်ပါက အမေရိကန် ပြည်ထောင်စု၏ တုံ့ပြန်မှုသည် ပြင်းထန်မည်ဖြစ်ကြောင်း သူပြောသော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပေ။ ရုရှားသည် မည်သည့်ခေတ်ကထက်မဆို ပိုမိုအပစ်ပယ် ခံလာရကြောင်းလည်း ဘိုင်ဒင်ပြောသည်။ “သူတို့ ဘယ်လိုလုပ်တယ်ဆိုတဲ့အပေါ် မူတည်ပြီး အမေရိကန် ပြည်ထောင်စုက တုံ့ပြန်သွားမယ်” ဟုလည်း သူဆက်ပြောသည်။
မော်စကိုဘက် နည်းဗျူဟာ နျူကလီးယား လက်နက်များ သုံးလာနိုင်သည်ဆိုသည့် ပြောဆိုမှုများကို ရှရှားအစိုးရ အရာရှိများက ပယ်ချသည်။
သမ္မတ ပူတင်သည် နျူကလီးယား လက်နက်များ ဖြန့်ကျက်လာနိုင်ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန ညွှန်မှူးက ကွန်ဂရက်တွင် သတိပေးခဲ့သည်။
“သမ္မတ ပူတင်ဟာ ရုရှားစစ်ရေးသေနင်္ဂဗျူဟာကို ၂၀၂၀ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တယ်။ အဲဒီ သေနင်္ဂဗျူဟာမှာ အခြားနိုင်ငံတွေက ရုရှားကို နျူကလီးယားလက်နက်နဲ့ တိုက်လာရင် နျူကလီးယား လက်နက်ပြန်သုံးမယ်လို့ ဖေါ်ပြထားတာကို မှတ်သားဖို့ကောင်းတယ်။ အဓိက အချက်ကတော့ ရုရှားဟာ သူ့နိုင်ငံတည်ရှိမှုကို ခြိမ်းခြောက်လာရင် သမားရိုးကျလက်နက်ကို နျူကလီးယားလက်နက်နဲ့ တုံ့ပြန်မယ် ဆိုတဲ့သဘောလည်း ဖြစ်နေတယ်။”

“စစ်ဘက်ကျွမ်းကျင်သူ အများအပြားကတော့ ရုရှားအနေနဲ့ နျူကလီးယားလက်နက် သုံးနိုင်ခြေ မရှိဘူးလို့ ပြောကြသည်။ ဒါပေမယ့် နျူကလီးယား လက်နက်နဲ့ မခြိမ်းခြောက်ဘူးလို့ မပြောနိုင်ဘူး။ တနည်းအားဖြင့် ပြောရရင် တင်းမာမှုမြင့်မားစေဖို့၊ တင်းမာမှု လျှော့ချဖို့၊ တဘက်နိုင်ငံတွေကို စေ့စပ်ညှိနှိုင်းရေးစားပွဲကို ခေါ်ယူဖို့ နျူကလီးယား လက်နက်ကို မသုံးဘူးလို့ မပြောနိုင်ဘူး” ဟု Aljazeera အတွက် ဝါရှင်တန်မှ သတင်းပို့နေသော မိုက်ဟန်နာက ပြောသည်။
တွန်းလှန်မောင်းထုတ်ခြင်း
မြေပြင်တွင်မူ ယူကရိန်း တပ်များသည် မကြာသေးမီ ရက်သတ္တပတ်အတွင်း အရှေ့မြောက်ဒေသ တန်ပြန်ထိုးစစ်ကြောင့် နယ်မြေ စတုရန်း ကီလိုမီတာ ထောင်ပေါင်းများစွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါ တောင်ပိုင်းရှိ ရန်သူစခန်းများကို ခြိမ်းခြောက်နေပြီဖြစ်သည်။ တိုက်ပွဲများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
တန်ပြန်ထိုးစစ်တွင် ရုရှားတပ်များကို ယူကရိန်တပ်များက မောင်းထုတ်နေသောကြောင့် ရုရှားနိုင်ငံသားများ ဒေါသထွက်နေကြောင်း ဇယ်လန်းစကီး၏ ဇာတိ တောင်ပိုင်းမြို့ ကရစ်ဗ်ယီ ရိ မှ အသက် ၄၂ နှစ်အရွယ် အလုပ်သမား စဗစ်လာနာရှပါတ် ပြောသည်။ ထိုမြို့အနီးမှ ဆည်တခုကို ရုရှားဒုံးကျည်တခုက ဖျက်ဆီးလိုက်သောကြောင့် ထိုမြို့တွင် ရေကြီးနေသည်။
ဒုံးကျည် ကျရောက်ပေါက်ကွဲသောကြောင့် အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံးသွားသည်။
၂၀၁၄ ခုနှစ်မှစတင်ပြီး ရုရှားတပ်များက တစိတ်တပိုင်း သိမ်းပိုက်ထားသည့် ယူကရိန်းအရှေ့ပိုင်း ဒွန်နက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ပါဗလို ကရီလန်ကို က မိုင်ကိုလိဗ်ကာမှ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကို ရုရှားတပ်များက စနေနေ့တွင် အမြောက်များဖြင့် ပစ်ခတ်ကြောင်း လူမှုကွန်ရက်တွင်ပြောသည်။
ယူကရိန်း မီးသတ်သမားများသည် ထိုစက်ရုံတွင် လောင်ကျွမ်းနေသော မီးကို ငြိမ်းသတ်နေကြပြီး ရုရှားက အမြောက်များဖြင့် ပစ်ခတ်သောကြောင့် သောက်ရေ ဖြန့်ချိမှုလည်း ပြတ်တောက်သွားကြောင်းပြောသည်။
“ကျူးကျော်ရေးသမားတွေဟာ ဒီဒေသထဲက အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး အရပ်သားတွေ ထိခိုက်နစ်နာအောင် လုပ်လို့ရသမျှ အကုန်လုပ်နေတယ်” ဟု သူပြောသည်။
ကိုးကား။ ။ Aljazeera ၏ EU calls for war crimes tribunal over Ukraine mass graves
You may also like these stories:
ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ
ယူကရိန်းစစ်ပွဲအပေါ် တရုတ် “စိုးရိမ်မှု” ရုရှားနားလည်ဟု ပူတင် ပြော
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့
ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်