မြန်မာနိုင်ငံ မြောက်ပိုင်း အခြေစိုက် စစ်အင်အား တောင့်တင်းသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) ၇ ဖွဲ့ သည် ‘ဝ’ ဒေသ၏ မြို့တော် ပန်ဆန်းတွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း တွေ့ဆုံခဲ့ကြသည်။
ပန်ဆန်းသည် စစ်အင်အား ၃ သောင်းကျော် ရှိသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသော မြို့လည်း ဖြစ်သည်။
အဆိုပါ မြို့တွင် မြောက်ပိုင်း မဟာမိတ် EAO များဖြစ်သည့် UWSA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင်စစ်တပ် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ခေါင်းဆောင်ပိုင်းများ တွေ့ဆုံခဲ့ကြောင်း AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြောသည်။
ကချင် လွတ်မြောက်ရေး တပ် (KIA) ဘက်ကမူ ခေါင်းဆောင်ပိုင်း မတက်သော်လည်း ကိုယ်စားလှယ်အချို့ တွေ့ဆုံပွဲ သို့ တက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ချက်ကြောင့် တွေ့ဆုံမှု မရှိခဲ့သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ (FPNCC) အဖွဲ့ဝင် EAO များသည် UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။
ဗိုလ်မှူးချုပ် ညိုထွန်းအောင် က “FPNCC အဖွဲ့ဝင်တွေရဲ့ ကနဦး တွေ့ဆုံပွဲလို့လည်း ပြောလို့ ရပါတယ်။ အဲဒီအချိန်မှာ ‘ဝ’ ၊ မိုင်းလား၊ SSPP ကို နေပြည်တော်မှာ တွေ့ဆုံဖို့ စစ်ကောင်စီက ခေါ်ပါတယ်။ အဲဒီအချိန်မှာ အဲဒီအဖွဲ့တွေက ပန်ဆန်းမှာ နေတယ်။ နေပြည်တော်ကို သူတို့ လာဖို့ အကြို တွေ့ဆုံပွဲ လုပ်ကြပါတယ်။ KIA မပါတာတော့ မဟုတ်ပါ။ KIA က ပန်ဆန်းမှာ ထိပ်ပိုင်း ခေါင်းဆောင်တွေ ရုံးထိုင်တာ မရှိဘူး။ ကိုယ်စားလှယ်အနေနဲ့က FPNCC မှာ KIA ဒုတာဝန်ခံ ညစာ စားပွဲ တက်ပါတယ်” ဟု ပြောဆိုသည်။
ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပန်ဆန်း တွေ့ဆုံပွဲသည် မဟာမိတ် အဖွဲ့များကြား ချစ်ကြည်ရင်းနှီးမှုနှင့် လိုအပ်ချက်အရ တွေ့ဆုံကြခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “ကျနော် ကိုယ်တိုင်ကလည်း ULA/AA ရဲ့ ပန်ဆန်းရုံး တာဝန်ခံ ဖြစ်ပါတယ်။ FPNCC အတွင်းရေးမှူးအဖွဲ့မှာ လည်း ကျနော်က အတွင်းရေးမှူး ဖြစ်ပါတယ်။ UWSA ထဲမှာ မျိုးဆက်သစ်လူငယ်တွေနဲ့ ကျနော်တို့ အချင်းချင်းကြားထဲ အရင်ကထက် ပူးပေါင်း ဆောင်ရွက်မှုတွေ၊ လက်ရှိ မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေရယ်၊ တခြား ပူး ပေါင်း ဆောင်ရွက်ပြီး ဆက်လက် လုပ်ဆောင်လို့ ရတဲ့ ကိစ္စတွေရယ်။ ပန်ဆန်းမှာ တွေ့တာက တခြား ရင်းနှီးချစ်ကြည် မှုနဲ့ လိုအပ်ချက်အရ တွေ့ကြတာပါ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း UWSA သည် လူငယ်တပ်မှူးများကို ခေါင်းဆောင်ပိုင်း ရာထူးသို့ တိုးမြှင့်ခန့်အပ်ခဲ့ပြီး အဆိုပါ ခေါင်းဆောင်သစ်များနှင့် မဟာမိတ် EAO များကြား ရင်းနှီးမှု ရစေရန် ရည်ရွယ်ကာ စတင်ဘာလ ၁၅ ရက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့၌ တွေ့ဆုံစေခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲပြီးသည့် နောက်တွင် UWSA ဌာနချုပ်ရှိရာ ပန်ဆန်း၌ မြောက်ပိုင်း မဟာမိတ် EAO များနှင့် UWSA ခေါင်းဆောင်များ ထပ်မံတွေ့ဆုံကြခြင်း ဖြစ်သည်။ ပန်ဆန်းတွေ့ဆုံပွဲတွင် အသစ်တက်လာသည့် UWSA လူငယ်ခေါင်း ဆောင်များ မပါဘဲ ယခင် ခေါင်းဆောင်ဟောင်းများ ဖြစ်သည့် ဦးပေါက်ယူချန်း၊ ဦးရှောက်မင်လျံနှင့် ဦးကျောက်ကော်အန်း တို့သာ ပါကြောင်း တိုင်းရင်းသားအရေး လေ့လာသူတဦးက ဆိုသည်။
၎င်းက “SSPP ကလည်း ဒု ဥက္ကဋ္ဌ လာတယ်။ မိုင်းလားက အတွင်းရေးမှူးဖြစ်တဲ့ ဦးကြည်မြင့် လာတယ်။ ကိုးကန့် ကတော့ ဦးဖုန်တာ့ရွှင် (MNDAA စစ်ဦးစီးချုပ်) တက်တယ်။ ‘ဝ’ ကတော့ ဦးပေါက်ယူချန်း ကိုယ်တိုင် တက်တာ တွေ့ တယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်က ပုံမှန်တွေ့ဆုံမှုလို့ ပြောတာပေါ့။ လမုန့် စားပွဲကို အကြောင်းပြုပြီးတွေ့ဆုံမှုလို့ ပြော ကြတာပဲ။ လက်တွေ့အားဖြင့် မြောက်ပိုင်း မဟာမိတ်တွေကြား နိုင်ငံရေးအရ စုစည်းတာတွေ ဘာတွေက မရှိတာကြာ ပြီလေ” ဟု မှတ်ချက်ပေးသည်။
မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် ၇ ဖွဲ့ ပန်ဆန်းတွင် တွေ့ဆုံခြင်းသည် တရားဝင်ပြုလုပ်သည့် FPNCC ၏ အစည်း အဝေးတရပ် မဟုတ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူတဦးက ဆိုသည်။
၎င်းက “KIA ခေါင်းဆောင်တွေကလည်း တရုတ်ပြည်ကနေ ဖြတ်သွားဖို့ မလွယ်တာကြောင့်လည်း ဖြစ်တယ်။ အစည်းအဝေး မဟုတ်လို့ မလာတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့က တပ်ပေါင်းစုနဲ့ ပြန်လည်စုစည်းဖို့ ကြိုပြင်တဲ့ သဘောပါပဲ။ ဒါကို အစည်းအဝေးကြီး တရပ်ပဲလို့ ကြည့်ရင်တော့ မှားတယ်လို့ ထင်ပါတယ်။ သူတို့ကြည့်ရတာက လက်ရှိ ရှိပြီးသားအဖွဲ့ ကိုပဲ ပိုပြီး စုစုစည်းစည်းနဲ့ တောင့်တောင့်တင်းတင်း ဖြစ်အောင် လုပ်မယ် ထင်တယ်။ ဒါပေမယ့် ကြိုခန့်မှန်းဖို့တော့ ခက်တယ်” ဟု မှတ်ချက်ပေးသည်။
လက်ရှိတွင် မြောက်ပိုင်း မဟာမိတ် EAO ၇ ဖွဲ့ထဲမှ KIA ၊ AA နှင့် SSPP တို့သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့ အခြေစိုက်ရာ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ AA နှင့် KIA တို့သည် အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိဘဲ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့၌ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်နေရသည့်အပြင် စစ်ကောင်စီတပ်၏ လေကြောင်း အင်အားသုံး ဗုံးကြဲ တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရ သည်။
AA သည် စစ်ကောင်စီ၏ ခြေကုတ်စခန်းပေါင်း ဆယ်ဂဏန်းခန့်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်က လည်း အင်အားဖြည့်တင်းကာ တန်ပြန် တိုက်ခိုက်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် လေကြောင်း အင်အား အလွန် အကျွံသုံးသည့် စစ်ကောင်စီတပ်ကို ရင်ဆိုင်နိုင်ရန် AA အနေနှင့် UWSA ထံမှ စစ်နည်းဗျူဟာနှင့် လေယာဉ်ပစ်လက် နက်များ အကူအညီ တောင်းနိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
AA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်ကမူ စစ်ရေးကိစ္စ ပြောဆိုမှုများကို သတင်း ထုတ်ပြန်ရန် မရှိကြောင်း ဆိုသည်။ ၎င်းက “ဒီလူတွေနဲ့ တွေ့ဆုံမှု ရှိတယ်ဆိုရင်တော့ ဒီကိစ္စတွေကို ဆွေးနွေးကြမယ် ဆိုတာကိုတော့ သိပြီးသား နားလည် သဘောပေါက်ပြီးသားပါ” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
အလားတူ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့်လည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ လ ၁၇ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာမြောက်ဘက် ဟွေခမ်းတောင်တန်း၌ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီဘက်က ပြောသည့် တပ်ဆုတ်ပေးရန် တောင်းဆိုချက်ကို SSPP ဘက်က လက်မခံရာမှ စစ်ကောင်စီဘက် က စစ်ကြောင်း ထိုးလာခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းကို SSPP ဘက်က ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း SSPP ဘက်က သတင်းထုတ်ပြန် ထားသည်။
SSPP နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာမှုသည် မိုးမိတ်မြို့နယ်၌သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ မိုင်းရှူးမြို့နယ် မြောက်ဘက် လွယ်နိုင်းဒေသနှင့် ပင်လုံမြို့နယ် ဆနင်းတောင်ကြောတို့တွင်လည်း ဖြစ်ပွားခဲ့သည်။ လေ့လာသူများကမူ SSPP ဘက်မှ UWSA တပ်ဖွဲ့ဝင် ထောင်ချီ ပါဝင်အားဖြည့်ထားမှု ရှိနေသဖြင့် SSPP သည် စစ်ကောင်စီတပ်၏ တောင်း ဆိုချက်ကို ငြင်းဆန်ခြင်း ဖြစ်ကြောင်း ဆိုကြသည်။
ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးကမူ မြောက်ပိုင်း မဟာမိတ် EAO ၇ ဖွဲ့ တွေ့ဆုံကြခြင်းသည် အိမ်နီးချင်း တရုတ်နိုင်ငံဘက်က တိုက်တွန်းမှုကြောင့် ဖြစ်ကြောင်း ယူဆသည်။
၎င်းက “တွေ့ဆုံမှုက ထူးခြားတဲ့ အခြေအနေတွေအောက်မှာ တွေ့ဆုံမှုလို့တော့ ပြောလို့ရတာပေါ့။ နစက ဥက္ကဋ္ဌက ဗလာဒီဗော့စတော့ခ် ဖိုရမ်သွားအပြီးမှာ တွေ့ကြတာပေါ့။ AA က ဒေါက်တာ ညိုထွန်းအောင် တို့ ‘ဝ’ နယ်၊ ဒီဘက် မိုင်း လားတို့လာနိုင်အောင်လည်း တရုတ်ဘက်က လမ်းဖြတ်သန်းခွင့် စီစဉ်ပေးတာလည်း ဖြစ်ပုံရပါတယ်။ တရုတ်ပြည် က လည်း မြန်မာနိုင်ငံရဲ့ အခြေအနေက သူ့ရဲ့ ယုံကြည်စိတ်ချရတဲ့ မဟာမိတ် အခြေအနေကနေ လွတ်ထွက်ပြီးလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိနိုင်တယ်။ အဲဒီလို အခင်းအကျင်းမှာ သူတို့အနေနဲ့ ပြောစရာဆိုစရာ အများကြီး ရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် အိမ်နီးချင်း တရုတ်နိုင်ငံထက် ဗဟိုအာရှနှင့် ဥရောပဒေသရှိ လက်နက်အင်အားကြီး ရုရှားနိုင်ငံနှင့် ပိုမိုနီးစပ်ရန် ကြိုးစားလာခဲ့ကြောင်း ရှမ်းပြည်နယ် အခြေစိုက် နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။
၎င်းက “တရုတ်ဘက်က မြင်တာက နစက (စစ်ကောင်စီ) သည် တရုတ်ဟာ သိပ်ပြီး ယုံကြည်အားကိုး ထိုက်တဲ့ အိမ်နီးချင်း မဟုတ်ဘူး ဆိုပြီး ရုရှားကို သွားပြီး မိတ်သစ်ဆွေသစ် ဆရာသစ် ရှာနေတယ်ပေါ့။ အဲဒီတော့ တရုတ်နဲ့ ဆက်ဆံရေးက တင်းမာသယောင် ရှိတာပေါ့။ သိပ်ပြီး မကောင်းလှဘူးလို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
အိမ်နီးချင်း တရုတ်နိုင်ငံနှင့် စစ်ကောင်စီကြား ဆက်ဆံရေး အဆင်မပြေပါက တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု ရှိသော မြောက်ပိုင်း မဟာမိတ် EAO များနှင့် စစ်ကောင်စီကြား ဆက်ဆံရေးသည် အဆင်ပြေရန် လမ်းစ သိပ်မရှိကြောင်းလည်း ၎င်းက မှတ်ချက်ပေးသည်။
You may also like these stories:
ဆိတ်ခေါင်းချိတ် ခွေးသားရောင်းမယ့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်
ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ
UWSA ခေါင်းဆောင်အသစ်များနှင့် AA ဒုစစ်ဦးစီးချုပ် ဘာတွေဆွေးနွေးခဲ့သလဲ
စစ်ကောင်စီကို ဖြုတ်ချရန် လူမျိုးစုံ စည်းလုံးရမည်