အထက်မြန်မာပြည် ကုန်စည်စီးဆင်းမှုအတွက် အရေးပါဆုံးစျေးတခုဖြစ်သည့် မန္တလေးဈေးချိုတော်တွင် ကုန်စည်စီးဆင်းမှု နှင့် အရောင်းအဝယ်များ ထက်ဝက်နီးပါး ရပ်တန့်သွားကြောင်း စျေးချိုတော် တာဝန်ရှိသူများနှင့် စျေးသည်များထံမှ စုံစမ်း သိရှိရသည်။
မန္တလေးဈေးချိုတော်မှတဆင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များသို့ ကုန်စည်စီးဆင်းမှု အများဆုံးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်ခြင်းနှင့် တိုက်ပွဲများကြောင့် ကုန်သွယ်မှု ထက်ဝက်နီးပါး ရပ်တန့်သွားရခြင်းဟု သိရသည်။
မန္တလေးဈေးချိုတော်အကျိုးဆောင်အဖွဲ့က တာဝန်ရှိသူတဦးက “လက်ရှိအနေအထားကတော့ ပုံမှန်လည်ပတ်နေတဲ့ ကုန်စည်တွေ ရှိသလို အချို့ကုန်စည်တွေလည်း အရောင်းအဝယ် ရပ်တန့်နေတာမျိုးပေါ့၊ အချို့လုပ်ငန်းတွေက နယ်မြေဒေသကြောင့် အရောင်းအဝယ်က ရပ်တန့်နေတယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်က လမ်းကြောင်းပိုင်း မငြိမ်းချမ်းတော့ ဘယ်လိုမှ အရောင်းအဝယ် မဖြစ်တော့ဘူး၊ ရပ်တန့်တယ်ဆိုတာမှာလည်း အကုန်လုံးမဟုတ်ဘူးပေါ့၊ အားလုံးခြုံငုံသုံးသပ်ပြီး အရင်အခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်း လောက်ပဲ လည်ပတ်နိုင်တော့တယ်”ဟု ဧရာဝတီသို့ ပြောသည်။
မန္တလေး စျေးချိုတော်ကို ၁၉၉၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ရုံတော်ကြီး ၈ ရုံ၊ ဆိုင်ခန်းပေါင်း ၃ ထောင်ကျော် ရှိကြောင်း၊ အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ အလှကုန်၊ အိုးခွက်ပန်ကန်း၊ ငါးပိငါးခြောက်၊ ဆေးဝါးပစ္စည်းများ၊ စာရေးကိရိယာ၊ လယ်ယာသုံးပစ္စည်းများနှင့် စက်ပစ္စည်းများ၊ ရွှေဆိုင်တန်း၊ အသား၊ ငါး စသည့် ကုန်စည်များကို အများဆုံး ရောင်းချသည်။
လုပ်ငန်း ရပ်နားထားသည့် စာရေးကိရိယာဆိုင်ရှင်တဦးက “အခုနောက်ပိုင်း နိုင်ငံရေး ပြဿနာကြောင့် အချို့လည်း လုပ်ငန်းတွေ ရပ်နားထားကြတယ်၊ တချို့လည်း တနိုင်တပိုင် လုပ်တာလေးတွေတော့ ရှိသေးတယ်၊ အာဏာသိမ်းပြီး နောက်ပိုင်း နယ်အမှာ မရှိတော့ဘူး၊ ပြီးတော့ အကုန်လုံးက ဈေးအတက်ပဲရှိပြီး အရင်းမလိုက်နိုင်ကြတာမျိုးလည်း ရှိတယ်၊ ကျနော်ဆိုရင် ကိုဗစ်စကတည်းက နားထားတာ၊ လက်ရှိ အခြေအနေ အရပ်ရပ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပြီးတော့ လုပ်ငန်းလည်ပတ်နိုင်ဖို့ မလွယ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်က အာဏာမသိမ်းမီ သီတင်းကျွတ် ကာလများတွင် မန္တလေးဈေးချိုတော်၌ နယ်စုံမှ ဈေးဝယ်လာသူများဖြင့် စည်းကားခဲ့ပြီး အရောင်းအဝယ် လှိုင်လေ့ရှိသော်လည်း ယခုအခါတွင် အရောင်းအဝယ်ဖြစ်မှု ကျဆင်းလာခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မုန့်မျိုးစုံဆိုင်ရှင်တဦး က “ပုံမှန်အခြေအနေဆိုရင်တော့ အခုအချိန်က ဝါကျွတ်ကာလနဲ့ တန်ဆောင်တိုင်ကာလအတွက် အရောင်းအဝယ် လှိုင်လှိုင် ဖြစ်တဲ့အချိန်မျိုးပေါ့၊ လက်ရှိအနေအထားကို သုံးသပ်ရမယ်ဆိုရင် နယ်မြေအေးချမ်းမှုတွေ ရှိလာမယ်ဆိုရင် ပြန်ဖြစ် လာနိုင်ချေရှိတယ်၊ အရောင်းအဝယ်အတွက် အဓိက သွားရေးလာရေးအပေါ် မူတည်နေတာလေ၊ အဲဒီလိုဆိုရင်တော့ အရောင်းအဝယ် ပြန်လိုက်လာနိုင်တာပေါ့၊ အဲဒါကလည်း မျှော်လင့်မိတာပေါ့လေ၊ ထင်သလို ဖြစ်မလာနိုင်တော့ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဈေးချိုတော်မှတဆင့် ပြန်လည်ဖြန့်ချိနေသည့် ကုန်စည်များစွာအနက် အခြေခံစားသောက်ကုန်၊ ငါးပိငါးခြောက်၊ အဝတ်အထည်၊ ပရဆေးပစ္စည်းများ ဝယ်လိုအား မရှိတော့သလို ဘဏ်များတွင် ငွေထုတ်၊ ငွေလွှဲ မလွယ်ကူသည့် အခြေအနေများ၊ လောင်စာဆီဈေး မြင့်တက်မှုများကြောင့် သယ်ယူပို့ဆောင်ခ စရိတ် ကြီးမြင့်ခြင်းများ ရင်ဆိုင်နေကြရသည်။
၈၈ အရေးအခင်းကာလတွင်လည်း နိုင်ငံတဝန်းလုံး၏ အုပ်ချုပ်ရေး ယန္တရား ရပ်ဆိုင်းခဲ့သော်လည်း မန္တလေးဈေးချိုတော်၏ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားခြင်း မရှိခဲ့ဘဲ ပုံမှန်လည်ပတ်နိုင်ခဲ့ကြောင်း၊ လက်ရှိ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဈေးချိုတော်၏ ကုန်စည်စီးဆင်းမှုကို ထိခိုက်လာရခြင်းဟု ဆိုသည်။
မန္တလေးဈေးချိုတော် အကျိုးဆောင်အဖွဲ့က တာဝန်ရှိသူတဦးက “အခုဖြစ်နေတဲ့အခြေအနေတွေက အရောင်းအဝယ်ပိုင်းကို ခန့်မှန်းပြောရဖို့ အတော်ခက်တဲ့အနေအထားဖြစ်တယ်၊ ကျနော် တသက် တခါမှ မကြုံဘူးတဲ့အနေအထားမျိုးဖြစ်နေတယ်၊ အခုက တဖြည်းဖြည်းချင်း ထိုးနှက်ခံနေရတာ၊ လက်ရှိက နိုင်ငံရေးအခြေအနေတွေနဲ့ နယ်မြေအေးချမ်းရေးပိုင်းမှာ ၂ နှစ်နီးပါး ကြာလာတဲ့အထိ တည်ငြိမ်မှုမရှိတော့ ကုန်စည်စီး ဆင်းမှုနဲ့ အရောင်းအဝယ်ပိုင်းမှာ တိုးတက်မှု ရှိမလာဘဲ ဆုတ်လာတဲ့ အနေအထားလို့ ပြောရမယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကြောင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးချို တော်အပါအဝင် ရတနာပုံစျေး၊ မန်းမြန်မာပလာဇာတို့ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကုန်ပိုင်းက ပိတ်သိမ်းထားခဲ့ပြီး နောက် ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီမှ ခန့်အပ်ထားသည့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။
ထို့နောက် ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင်လလယ်မှ စတင်၍ ပြန်လည် ပိတ်ခိုင်းခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ခြင်း မရှိသည့် ဆိုင်ခန်းများ ရှိခဲ့သဖြင့် ဖွင့်လှစ်ခြင်းမရှိပါက သိမ်းဆည်းသွားမည်ဟု စစ်ကောင်စီမှ ခန့်အပ်ထားသည့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက အသိပေးထား သည်။
စျေးချိုတော်မှ အထည်ဆိုင်ဆိုင်ခန်းပိုင်ရှင်တဦးက “ဘိုးဘွားတွေလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ ဆိုင်ခန်းလေး အသိမ်းခံရမှာ စိုးရိမ်လို့ ဖွင့်တော့ထားတယ်၊ အရင်လို တော့ လူတွေ အများကြီးနဲ့ မလုပ်တော့ဘူး၊ လက်ရှိမှာက ဝင်ငွေ ထွက်ငွေ ချိန်ဆနေရတာဆိုတော့ အိမ်ကနေ လုပ်တာ တောင် အလုပ်သမားက ၃ ယောက်လောက်ပဲ ခေါ်ထားတာ၊ အဲဒီအထဲကနေ ဆွဲနှုတ်ပြီး လုပ်နေရတာပဲ”ဟု ပြောသည်။
မန္တလေးဈေးချိုတော်အကျိုးဆောင်အဖွဲ့က တာဝန်ရှိသူတဦးကလည်း “ကိုဗစ်ကြောင့် စျေးကြီးက ပိတ်ထားခဲ့တုန်းကလည်း ကုန်စည် ပြတ်လပ်မှု မရှိအောင်တော့ စျေးသူစျေးသားတွေအနေနဲ့ ကိုယ့်နည်းကိုယ်ဟန်နဲ့ လည်ပတ်ခဲ့တာ ရှိတယ်၊ အခုအနေအထားကတော့ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်စီးဆင်းမှုရော နယ်စပ်ကုန်သွယ်ရေးအနေအထားအရရော အခက်အခဲရှိတဲ့ အနေအထားတော့ ရှိနေတာပေါ့၊ ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး လည်ပတ်နေတဲ့လုပ်ငန်းတွေကတော့ ဖွင့်ကြတယ်၊ အချို့ ရပ်နားထားတဲ့ လုပ်ငန်းတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြတုန်းပဲ” ဟု ရှင်းပြသည်။
မန္တလေးမြို့တွင် အာဏာမသိမ်းမီအချိန်ကဲ့သို့ စည်ကားနေပြီး ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ပုံရိပ်ကို ပြသလိုသဖြင့် စစ်ကောင်စီက မန္တလေးမြို့ရှိ စျေးများကို ပြန်လည် ဖွင့်လှစ်ပေးထားသော်လည်း ဆိုင်ခန်းပိုင်ရှင်အချို့မှာ ယနေ့ အထိ ပြန်လည်ဖွင့်လှစ်ခြင်းမျိုး မရှိသေးဘဲ အွန်လိုင်းစနစ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေကြသလို လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေများကြောင့် ဆိုင်ပြန်မဖွင့်လိုသူများလည်း ရှိနေကြောင်း သိရသည်။
အထည်ဆိုင်ဖွင့်လှစ်ထားသည့် ဆိုင်ပိုင်ရှင်တစ်ဦးက “ဆိုင်ခန်းတွေမှာ မဖွင့်ကြတာကတော့ အချို့က အွန်လိုင်းကနေပဲ အော်ဒါကောက်ပြီး အရောင်းအဝယ်လုပ်နေကြတာလည်း ရှိတယ်၊ စျေးမှာ ဆိုင်မဖွင့်ပေးမယ့်လည်း ဖုန်းအဆက်အသွယ်နဲ့ အွန်လိုင်းကနေ လုပ်တာ အဆင်ပြေနေတော့လဲ ပြန်မဖွင့် ချင်ဘူး၊ ပြီးတော့ စျေးထဲမှာ ဆိုင်ပြန်ဖွင့်ပါပြီတဲ့ တခုခုဆိုရင် ဘယ်သူကမှ တာဝန်ယူပေးကြမှာ မဟုတ်ဘူး၊ ဒါကြောင့် ပြန်မဖွင့်ရဲသေးတာ”ဟု ပြောသည်။
မန္တလေး စျေးချိုတော်အား မှီတင်နေကြသည့် စျေးဆိုင်ခန်းများမှ အတည်ဝန်ထမ်းများ၊ နေ့စားဝန်ထမ်များ၊ ကုန်ထမ်း၊ လှည်း ဆွဲအလုပ်သမား၊ စျေးချိုတော်နှင့်ချိတ်ဆက်ထားသည့် ကားဂိတ်များ၊ တစ်နိုင်တပိုင်လုပ်ငန်းများ၊ စားသောက်ကုန်ရောင်းချ သူများစသည့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း သိန်းဂဏန်းထိ ရှိရာ ယင်းအလုပ်အကိုင်အခွင့်အလမ်းများလည်း ထက်ဝက်နီးပါး ဆုံးရှုံးနေရကြောင်း သိရသည်။