ကယားပြည်နယ်နှင့် နယ်နိမိတ်ခြင်းထိနေသည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို အပြည့်အဝထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်များ ယနေ့ မြို့တွင်းသို့ ဝင်ရောက်ကာ နေရာယူထားပြီ ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မိုးဗြဲဒေသတဝိုက် ကရင်နီကာကွယ်ရေးတပ်များက ထ်ိန်းချုပ်လှုပ်ရှားနေရာ စက်တင်ဘာ ၁၈ ရက် ညပိုင်းက မိုးဗြဲမြို့ တောင်ဘက်၊ ဝါရီဆူးပလိုင်ရွာမှအင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်က အပြင်းအထန်တိုက်ခိုက်လာပြီး အရပ် သားများကို လူသားဒိုင်းသဖွယ် အသုံးပြုလာသဖြင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် တော်လှန်ရေးတပ်များ ဆုတ်ခွာ ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းစစ်ကောင်စီတပ်များမှာ မိုးဗြဲအခြေစိုက် တပ်ရင်း ခမရ ၄၂၂နှင့် တပ်မ ၆၆ လက်အောက်ခံတပ်များဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
မိုးဗြဲတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် မြို့ပြတော်လှန်ရေးတပ်ဦးမှ ကိုညိုက “အင်အား မတန်တရာ သုံးထားတဲ့ အပြင် အရပ်သားတွေကိုပါ ကြားထဲက ဓားစားခံလုပ်နေတဲ့အတွက် ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ပွဲကို မဖော်ဆောင်နိုင်ဘဲနဲ့ တဖြည်းဖြည်းချင်း နောက်ဆုတ်နေရတဲ့ အနေအထားပါ။ မိုးဗြဲကို နောက်ဆုတ်လိုက်ရတယ်ဆို တဲ့ အကြောင်းရင်းက အရပ်သားတွေ ရှိနေလို့ပါပဲ။ စစ်စည်းကမ်း လိုက်နာတဲ့အဖွဲ့လည်း မဟုတ်တော့ ကျနော်တို့က တော့ တတ်နိုင်သလောက် လူထုကိုရှောင်ပြီး သူတို့နဲ့ ထိတွေ့မှုဖြစ်ဖို့ကို ကြိုးစားနေတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒေသခံပြည်သူများ ပိတ်မိနေပြီး စက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီး ကျောင်းတို့တွင် ပြည်သူ ၁၀၀ ခန့် စစ်ကောင်စီက ဓားစားခံလုပ်ကာ လူသားဒိုင်းအဖြစ် အသုံးပြု၍ အကာအကွယ်ယူထားကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ထံမှ သိရသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံကလည်း စစ်ကောင်စီတပ်ဖွဲ့များ မိုးဗြဲမြို့ ရပ်ကွက်တော်တော်များများတွင် အရပ်ဝတ်တွေနဲ့ နေရာဝင်ယူထားကြောင်း ပြည်သူများ ပိတ်မိနေပြီး လူထုကို အကာအကွယ်ယူထားသည့် ပုံစံမျိုးဖြစ်ကြောင်း ဧရာဝတီကို အတည်ပြုပြောသည်။
အမည်မဖော်လိုသူ ဒေသခံတဦးက “ရွာက လူငယ်တွေလို့ ပြောတယ်။ ကျောင်းမှာသွားအိပ်ရင်းနဲ့ စစ်ကောင်စီက မနက်စောစော ရောက်ချလာတော့ သူတို့လည်း မရှောင်နိုင်ဘဲ အဲဒီမှာပဲ ပိတ်မိနေတာ။ သူတို့ကို ပြန်မထွက်ခိုင်းဘူး” ဟု ရှင်းပြသည်။
ကရင်နီ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ လှုပ်ရှားနယ်မြေဖြစ်သည့် မိုးဗြဲကို စစ်ကောင်စီက အပြည့်အဝ ထိန်း ချုပ်နိုင်ရန် ယခုနှစ် မတ်လအတွင်းက စပြီး မြို့တွင်းထိုးစစ်ဆင်မှုများကို မကြာခဏ ပြုလုပ်နေရာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပြန်လည်တိုက်ထုတ်သဖြင့် မိုးဗြဲမြို့တွင် ကြာရှည် တပ်စွဲထားနိုင်ခြင်း မရှိပေ။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်မှ စတင်ပြီး ၄ ရက်ကြာ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ ကြား မိုးဗြဲမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၆၀ ဦးခန့် သေဆုံးခဲ့ကာ စက်တင်ဘာ ၁၂ ရက်၌ မြို့မှပြန်လည် ဆုတ်ခွာသွားပြီးနောက် ၁ ပတ်အကြာတွင် စစ်ဆင်ရေးပြုလုပ်ရန် ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။
စက်တင်ဘာ လဆန်းပိုင်းကတည်းကစပြီး စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို လေကြောင်း တိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းကပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ကဆိုလျှင် သံချပ်ကာ ကား ၂ စီးဖြင့်ပါ ပစ်ကူ အသုံးပြုခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာများပါမချန် မြို့တွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေး ၃ ဦးနှင့် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Mobye Rescue Team က ဆိုသည်။
မိုးဗြဲမြို့တွင် လူဦးရေ ၁၅,၀၀၀ ကျော် ရှိသည့်အနက် ၄,၀၀၀ ခန့်မှာ မြို့တွင်း၌ ကျန်ရှိနေသေးကြောင်း၊ လက်နက်ကြီး များဖြင့် နေ့စဉ် ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ် အဆောက်အအုံ ၁၂၀ ခန့် ပျက်စီးသွားကြောင်း သိရသည်။
မိုးဗြဲမြို့သည် ဖယ်ခုံနှင့် လွိုင်ကော်ကြားရှိ အဓိကကျသော ဆက်သွယ်ရေး လမ်းကြောင်းတွင် တည်ရှိရာ အဆိုပါ ဆက်သွယ်ရေးလမ်းကြောင်း မပြတ်တောက်စေရန်အတွက် စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း တိုင်းရင်းသားအရေးနှင့် စစ်ရေးလေ့လာနေသူတဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “မိုးဗြဲကို သူတို့ မထိန်းနိုင်ဘဲနဲ့ KNDF က ထိန်းထားတော့ ထိန်းချုပ်နိုင်ဖို့ အကြီးအကျယ် ထိုးစစ်ဆင်တာပေါ့။ တပ်ရဲ့ အဓိက ရည်ရွယ်ချက်က မြို့တွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ဖို့။ မိုးဗြဲက ဖယ်ခုံနဲ့ လွိုင်ကော် ကြားက အဓိက ဆက်သွယ်ရေး လမ်းကြောင်းပေါ်မှာ ဖြစ်တယ်။ မိုးဗြဲကို ကောင်းကောင်း မထိန်းချုပ်နိုင်ရင် ဖယ်ခုံနဲ့ လွိုင်ကော်ကြားက ဆက်သွယ်ရေးကို ထိခိုက်နိုင်တာပေါ့” ဟု ပြောသည်။
မိုးဗြဲမှ ကားဖြင့် ၄ နာရီခွဲကြာ သွားရသည့် ၁၂၃ မိုင်သာ ကွာဝေးသော အာဏာသိမ်း စစ်ခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်မည့်အတွက် ယခုလို စစ်တပ်ဘက်က အင်အား အများ အပြားဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟူသော ယူဆချက်များလည်း ရှိသည်။
အဆိုပါ စစ်ရေးလေ့လာသုံးသပ်သူ တဦးကမူ “မိုးဗြဲကသူတို့ ထိန်းချုပ်မှုအောက်မှာ လွတ်နေတဲ့အတွက် အကြီးအကျယ်ထိုးစစ်ဆင်တဲ့ သဘောပါပဲ။ မိုးဗြဲဧရိယာက မြို့ပြဖြစ်တဲ့အခါကျတော့ ကရင်နီထဲက မြို့ပြတွေကို ထိန်း ချုပ်ရာမှာ အရေးကြီးတဲ့ အခြေအနေဖြစ်တော့ ထိန်းချုပ်ဖို့ ကြိုးစားတယ် ပြောရမယ်။ နေပြည်တော်ကို ခြိမ်းခြောက် မယ် ဆိုတာကတော့ နည်းနည်းဝေးပါသေးတယ်” ဟု သုံးသပ်ပြောဆိုသည်။
ကယား (ကရင်နီ) ပြည်နယ်တွင် ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့အပြင်၊ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ်များ၌ စက်တင်ဘာလ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိသလို ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း စစ်ကောင်စီ ပြောခွင့်ရက ကယားပြည်နယ်ဒေသအချို့၌ ငြိမ်းချမ်းမှု မရှိသေးကြောင်း၊ လွိုင်ကော်တွင် ယခင် မြို့ပေါ်လောက်သာရှိသည့် အနေအထားမှ ယခု ပြန်ဝင်ရောက်နေထိုင်ပြီ ဖြစ်သော်လည်း ဖယ်ခုံ ကဲ့သို့သော ဒေသတွင် လာရောက် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲ ဖြစ်ကြောင်းသာ ပြောဆိုသွားခဲ့သည်။
၂၀၂၂ နှစ်ဆန်းပိုင်းလောက်ကတည်းကစပြီး စစ်ကောင်စီသည် ကယားပြည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာသလို ရဟတ်ယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ၊ သံချပ်ကာကားများနှင့် အတွဲလိုက်ဒုံး များသုံးပြီး တိုက်ခိုက်လျက် ရှိသည်။