မြန်မာ့စစ်တပ်အတွက် လက်နက်တင်သွင်းသူ တဦးဖြစ်သည့် Star Sapphire Group လုပ်ငန်းစုပိုင်ရှင် ဒေါက်တာ ထွန်းမင်းလတ်အား မူးယစ်ဆေးဝါး အပါအဝင် ငွေကြေးခဝါချမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း Justice for Myanmar အဖွဲ့က ဆိုသည်။
ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ထိုင်းရဲ တပ်ဖွဲ့၊ စစ်တပ်၊ မူးယစ်ဆေးဝါးတိုက် ဖျက်ရေး တပ်ဖွဲ့များနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၁၇ရက် နံနက် ၆နာရီက အသက် ၅၃နှစ် ရှိ မြန်မာအမျိုးသား တဦး၊ အသက် ၃၈နှစ်အရွယ်ရှိ ထိုင်းအမျိုးသားတဦး၊ ၄၄ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတဦး၊ အသက် ၅၀ အရွယ်ရှိ ထိုင်းအမျိုးသမီးတဦးကို တဖက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်လာမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း၊ ၎င်းတို့နှင့်အတူ ထိုင်းဘတ် သန်း၂၀၀ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် အဖိုးတန်ပစ္စည်း များနှင့် အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
၎င်းတို့ကို ထိုင်းနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေအရ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူရန် လက်ရှိထိုင်းဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ်က ညွှန်ကြားထားကြောင်း၊ လက်ရှိတွင် ထိုသူများကို ထိုင်းရဲတပ်ဖွဲ့ စစ်ဆေး နေပြီး ခိုင်လုံသည့် အချက်အလက်များ ရှာဖွေကာ တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသည့် မြန်မာအမျိုးသား၏ အမည်နှင့် ဖမ်းခံရသည့်နေရာကို ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသော်လည်း Justice for Myanmar အဖွဲ့နှင့် Myanmar Now သတင်းဌာနတို့ကမူ မြန်မာ့စစ်တပ်အတွက် လက်နက်တင်သွင်းသူ တဦးဖြစ်သည့် Star Sapphire Group လုပ်ငန်းစု ပိုင်ရှင် ဒေါက်တာ ထွန်းမင်းလတ်ဖြစ်ကြောင်း ဖော်ပြထားသည်။
Justice for Myanmar အဖွဲ့၏ အဆိုအရ ဒေါက်တာ ထွန်းမင်းလတ်သည် ထိုင်းနိုင်ငံ၏ အထက် လွှတ်တော်အမတ်တဦး ဖြစ် သည့် Upakit Pachariyangkun အပါအဝင် နှင့် တခြားထိုင်းလုပ်ငန်းရှင်တို့ ပူးပေါင်း တည်ထောင်ထားသော ထိုင်း- မြန်မာ ဖက်စပ်လုပ်ငန်းစု Allure Group မှတဆင့် ငွေကြေးခဝါချမှုများ ကျူးလွန်နေသည်ဟု သတ်မှတ်ခံထားရခြင်း ဖြစ်သည်ဟု သိရသည်။
Allure လုပ်ငန်းစုသည် က ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေသည့် ကုမ္ပဏီဖြစ်သလို တာချီလိတ်မြို့ရှိ မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံးက ပိုင်ဆိုင်သော မြေပေါ်တွင် ကာစီနိုလုပ်ငန်းလည်း လုပ်ကိုင်လျက်ရှိကြောင်း Justice For Myanmar ထံမှ သိရသည်။
ဒေါက်တာ ထွန်းမင်းလတ်၏ Star Sapphire လုပ်ငန်းစုသည် မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းစုများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည့်အပြင် မြန်မာ့လေတပ်အတွက်လည်း လိုအပ်သည့် ကိရိယာပစ္စည်းများနှင့် အသုံးအဆောင်များကို တင်သွင်းခွင့်နေရသော ကုမ္ပဏီ ဖြစ်သည်။
အဓိကအားဖြင့် သူသည် အစ္စရေးလုပ် ကင်းထောက် ဒရုန်းများ၊ လေယာဉ်များအတွက် အပို ပစ္စည်းများကို တင်သွင်းပေး နေ သူ ဖြစ်သည်။
ရန်ကုန်မြို့ သီလဝါရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် MEHL ပိုင်မြေနေရာတွင် ဟောင်ကောင်ကုမ္ပဏီ VPower ၏ LNG သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း တည်ဆောက်နိုင်ရန်အတွက် အဓိက ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးသူမှာ ဒေါက်တာ ထွန်းမင်းလတ် ဖြစ်ကြောင်း ဂျပန်သတင်းဌာန Nikkei Asia ၏ သတင်းတပုဒ်က ဆိုထားသည်။
ထို့ပြင် Star Sapphire ကုမ္ပဏီသည် ၂၀၀၁ ခုနှစ်မှ စတင်ပြီး သတ္တုတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်နှင့် အကျိုးတူ လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးဖြစ်သည့် ခင်သီရိသက်မွန် ပါဝင် ပတ်သက်နေကြောင်းလည်း မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့် ဖော် ထုတ်နေသည့် Justice For Myanmar က ထုတ်ပြန်ထားသည်။
ဒေါက်တာ ထွန်းမင်းလတ်သည် စစ်အစိုးရလက်ထက်u ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူ ခဲ့သည် လေတပ် ဒုဗိုလ်မှူးကြီးဟောင်း ဦးခင်မောင်လတ်၏ သားဖြစ်ပြီ၊ ဦးခင်မောင်လတ်မှ ထိုင်း- မြန်မာ နယ်စပ် တာချီလိတ်မြို့ရှိ Allure Resort တရားမဝင် ကာစီနို လောင်းကစားရုံ လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြု လက်မှတ်ထိုး ပေးခဲ့သူ ဖြစ်ကြောင်းလည်း JFM က ဆိုထားသည်။
ဒေါက်တာထွန်းမင်းလတ် ထိုင်းနိုင်ငံတွင် အဖမ်းခံရသည့် သတင်းနှင့် ပတ်သက်၍ ထိုင်းသတင်းများတွင် လတ်တလော ဖော်ပြထားခြင်း မရှိသေးပေ။
You may also like these stories:
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို
မြန်မာ့ခရိုနီလက်သစ်တဦး (သို့မဟုတ်) ဒေါက်တာထွန်းမင်းလတ်
မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်
ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်
ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)
စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်