ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ-၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်-ကျိုက်ဒုံလမ်းပေါ်ရှိ စစ်ကောင်စီ၏ ကြိတ်စခန်း (ကျိုက်ရွာ)အား ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့မွန်းလွဲပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များသိမ်းဆည်ရရှိကြောင်း KNU က သတင်းထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၅၅၇) တပ်စွဲထားသည့် ကြိတ်စခန်းအား KNU လက်အောက်ခံ တပ်ရင်း ၁၈ နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းကာ မိနစ် ၂၀ ခန့်အတွင်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် RPG နှင့် စက်သေနတ်အပါအဝင် သေနတ် ၁၀ လက်ကျော်သိမ်း ပိုက်ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကာ ဒဏ်ရာရရှိထားသူ ၂ ဦးအား အရှင်ဖမ်းမိခဲ့ကြောင်းလည်း သိရသည်။
ဒေါနစစ်ကြောင်းတပ်ဖွဲ့ဝင်တဦးက “စခန်းသိမ်းတာရော၊ ပစ္စည်းကောက်တာရောမှ ၂၇ မိနစ်လောက်ပဲကြာတယ်၊ သေနတ်တွေအများကြီး ပါခဲ့တယ်။ တယောက်ကတော့ ပစ်ထားတာ ဇကာပေါက်ဖြစ်နေတာတွေ့ရတယ်၊ သူတို့ရသလောက်တော့ ခံပစ်သေးတယ်၊ ရှေ့ဘန်ကာ ကို သိမ်းတဲ့ အချိန်မှာ ဖိုတီးနဲ့တချက်ထွက်ပစ်သေးတယ်၊ ဝင်လုံးတဲ့အချိန်မှာ အဲဒီကောင်က ထွက်ပြေးသွားတယ်၊ ဖြစ်တဲ့အချိန် MIG 29 တစီးလာဝဲတာ တော့ရှိပေမယ့် ပစ်တာတော့မရှိဘူး“ ဟု ပြောသည်။
ကြိတ်စခန်းသည် စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပို့စခန်းတခုဖြစ် အရေးပါပြီး KNU ပူးပေါင်းတပ်များဘက်က နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်းနှင့် ယနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တိုက်ခိုက်မှု များ မရှိသေးကြောင်းလည်း သိရသည်။
အဆိုပါ ကြိတ်စခန်းအား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် KNU က ဝိုင်းရံပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီက ခေတ္တစခန်းစွန့်ခွာခဲ့ သော်လည်း ရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းကာ ပြန်လည်တပ်စွဲခဲ့သည့်အတွက် နှစ်ဖက်စစ်ရေး တင်မာမှုဖြစ်ခဲ့ပြီး ယခုနှစ်ဩဂုတ်လ ၈ ရက်နေ့ကစတင်ကာ KNU မှ ပြန်လည်ပိတ်ဆို့ဖြတ်တောက်ကာ တိုက်ခိုက်သိမ်းပိုက် လိုက်ခြင်းဖြစ်သည်။
ကြိတ်စခန်းအား တိုက်ခိုက်မသိမ်းပိုက်မီ ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ကလည်း KNU လက်အောက်ခံတပ်များက ကော့ကရိတ်မြို့ပေါ်ရှိ ရဲစခန်းနှစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။
KNU တပ်မဟာ-၆ နယ်မြေ (ဒူးပလာယာခရိုင်) အတွင်းတွင် စစ်တပ်အာဏာသိမ်းပြီးနောက် KNU၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီအခြေစိုက် စစ်စခန်းများဖြစ်သည့် သေဘော့ဘိုးစခန်း၊ မော်ခီးစခန်း၊ ဖလူးဘုရားကုန်းစခန်း၊ ဝေါလေရဲစခန်းနှင့် ကြိတ်စခန်းတို့အပါအဝင် စစ်စခန်း ၅ ခုထက်မနည်းအား KNU ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်ကလည်း တပ်မဟာ-၆ နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲတခုဖြစ်သည့် မြဝတီ-ဝေါလေလမ်းပိုင်းရှိ ဥကရစ်ထစခန်းတိုက်ပွဲတွင် KNU ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အင်အားသုံးကာ ပြန်လည်တိုက်ခိုက်ခဲ့ သည့်အတွက် စခန်းသိမ်းနိုင်ခြင်းမရှိခဲ့ဘဲ နှစ်ဖက်စလုံး ထိခိုက်ကျဆုံးများပြားခဲ့သည်။
အဆိုပါ တိုက်ပွဲနောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီဘက်က တပ်မဟာ-၆ နယ်မြေ၊ မြဝတီ-ဝေါလေ လမ်းပိုင်းတလျှောက်တွင် အင်အား တိုးမြှင့်ကာ လှုပ်ရှားမှုများကြောင့် နေ့စဉ်နီးပါး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်။
လတ်တလောတွင် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ၊ နည်းဗျူဟာ-၁၊ ခမရ(၁)၊ ခမရ(၂)၊ မခရ(၈)နှင့် မခရ(၁၀၂) တပ်ရင်းများမှ မြဝတီဘက်မှ သေဘော့ဘိုးစခန်းဘက် ဦးတည်ကာ စစ်ကြောင်းထိုးနေသကဲ့သို့ နည်းဗျူဟာ-၃ အောက်မှ ခမရ(၃)၊ ခမရ(၉)နှင့် ခမရ (၁၀၄) တပ်များက ဥကရစ်ထ၊ ဆုံးဆည်းမြိုင်ဘက်မှ သေဘော့ဘိုးဘက်ဦးတည်ကာ စစ်ကြောင်းထိုးလျှက်နေကြောင်း သိရသည်။
ယင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များအား KNU/KNLA တပ်ရင်း(၂၇)၊ ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ(၂) တို့က ခုခံတိုက်ခိုက်လျှက်ရှိရာတွင် ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ဌာနချုပ်၊ ဆုံးဆည်းမြိုင်ရွာအနီးရှိ တောင်နီကျေးရွာအနီး ကျူးကျော်လာသည့် စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းဘက် က ပြောသည်။
ကော်ဘရာစစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက “မြဝတီ-ဝေါလေလမ်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ နှစ်ဖက်ညှပ်ပြီး တပ်မ ၁ မလုံးနီးပါး သုံးနေတဲ့အနေအထားရှိတယ်။ နောက်ပြီး သေဘော့ဘိုးစခန်းကုန်းကိုလည်း ပြန်ရဖို့ သူတို့ကြိုးစားနေတဲ့ အခြေအ နေရှိပါတယ်။ တိုက်ပွဲက ဆက်ပြီးဖြစ်မယ့် အခြေအနေရှိလို့ ပြည်သူများ သတိထားသွားလာကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်နေသည့် မြဝတီ-ဝေါလေလမ်းပိုင်းတွင် စက်တင်ဘာ ၉ ရက်နေ့ကလည်း တပ်မ ၄၄ လက်အောက်ခံ ခမရ (၁၀၂)မှ ဗိုလ်ကြီးရဲရင့်မောင်ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးအား ရာနှင့်ချီသည့် ၄၀ မမ/၆၀ မမ ဗုံးသီးများ၊ လက်နက်ခဲယမ်း များနှင့်အတူ အရှင်ဖမ်းမိခဲ့သည်။
မြဝတီမြို့တောင်ဘက် တပ်မဟာ-၆ နယ်မြေအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားနေသည့်အ တွက် ဘက်ပြောင်းခိုလှုံသူများရှိနေသကဲ့သို့ အချို့သော တပ်ရင်းများမှာ တိုက်ခိုက်လိုခြင်းမရှိသည့်အတွက် အမိန့်မနာခံမှုနှင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်းလည်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားအချို့က ထုတ်ဖော်ပြောကြားထားသည်။