မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများမှာ ထောင်အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှု များ ခံနေကြရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
ထိုသို့ နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံရသူအများစုမှာ မုံရွာထောင်မှ ပြောင်းရွှေ့ခြင်း ခံရသူများဖြစ်ကြောင်း ထောင်တွင်း ပေးစာနှင့် ထောင်ဝန်ထမ်းများထံမှ တဆင့် သိရသည်။
အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “ထောင်ပြောင်းတဲ့ နိုင်ကျဉ်းတွေနဲ့ ပတ်သက်ပြီး မုံရွာထောင်က မှတ်ချက်တွေ ရေးတာပေါ့။ ရောက်ရောက်ချင်းပဲ မြင်းခြံထောင်ဆိုတာ ဘယ်လိုထောင်လဲ ဆိုတာကို ပြချင်တော့ နေရာမချခင် ထောင်ဘူး ဝမှာပဲ ရက်ရက်စက်စက်ကို ရိုက်နှက်တာ။ အဓိကကတော့ ခေါင်းထောင် မထလာနိုင်အောင်လို့။ ကျွေးတာစား ပေးတာယူ ခံမပြောနဲ့ ဆိုတဲ့ သဘောပေါ့” ဟု ပြောသည်။
မုံရွာ အကျဉ်းထောင်မှ မြင်းခြံထောင်သို့ စတင် ပြောင်းရွှေ့သည့် ဧပြီလမှစ၍ ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဉ်း သားများအား တန်းစီ ရိုက်နှက်ခြင်း၊ မျက်နှာ၊ နံရိုးနေရာများကို ကန်ကျောက်ခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ် စက်မှုများအပြင် ပုံစံထိုင်စေကာ စစ်တပ် ကောင်းကြောင်းများ ပြောဆိုခြင်း၊ တော်လှန်ရေးကို ဆဲဆို ပုံဖျက် ပြောကြားခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို ယနေ့တိုင် ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ယခု စက်တင်ဘာလ ၁၉ ရက်တွင်လည်း ထောင်အာဏာပိုင်များက မုံရွာနည်းပညာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဇင်မင်းထက်အား သတိလစ်မေ့မြောသည်အထိ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း မုံရွာ လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ပြောခွင့်ရသူက ဧရာဝတီသို့ ပြောသည်။
၎င်းက“ဒီအကြောင်းတွေကိုက ထောင်မှာ တချို့ ထောင်ဝန်ထမ်းတွေဆီက ပြန်သိရတာတွေရှိတယ်။ ဘယ်သူက ဘယ်လို လုပ်တယ်ဆိုတာမျိုးကို ထောင်ဖရဲသီးတွေဆီကနေ ကျနော်တို့ အတိအကျ ပြန်ကြားသိရပါတယ်” ဟု ပြောသည်။
ထိုကဲ့သို့ နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ညှဉ်းပန်းနှိပ်စက်ကြရန် ထောင်အာဏာပိုင်များ၊ ထောင်ဝါဒါများနှင့် ထောင်ဝန်ထမ်းများကို အမိန့်ပေးစေခိုင်းသကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နှိပ်စက်သူများမှာ မြင်းခြံ အကျဉ်းထောင် ထောင်ပိုင်လေးဖြစ်သည့် ဝင်းကြိုင် (သုံးပွင့်) ၊ ထောင်မှူးများဖြစ်သည့် မြတ်ကျော်သူ (နှစ်ပွင့်) ၊ မောင်မောင်သိန်း (နှစ်ပွင့်) တို့ ပါဝင် ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သည့် ဦးထွန်းကြည်က “နိုင်ငံရေးအကျဉ်းသားလို့ ပြောလိုက်တာနဲ့ တရားဝင် လိုင်စင်ပေးထားပြီးသား ရိုက်နှက်ဖို့ အတွက်ကို။ ထောင်ပိုင်လေး၊ ထောင်မှူးကြီးတွေက တော်တော်ဆိုးတဲ့လူ။ သွားရင်လည်း သွားပြန်ပြီ။ စားရင်လည်း စားပြန်ပြီ။ ပုံစံနဲ့ ထိုင်၊ ပုံစံနဲ့နေ၊ ပုံစံနဲ့ ရေချိုးရတယ်။ လူတယောက်ကို တိရစ္ဆာန်ထက်ဆိုး သေးတယ်။ အကုန်လုံးကို ပိတ်ဆို့ထားတော့ စိတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးလိုက်တော့တာပဲ” ဟု ပြောသည်။
ထို့ပြင် အမျိုးသမီးအဆောင်ဘက်တွင်လည်း အလုပ်စေခိုင်းခံရသဖြင့် မိုးမိကာ ဖျားနေသည့် နိုင်ငံရေး အကျဉ်းသူများကို ဆေးကုသခွင့် မပေးခြင်းများ၊ အလုပ် မလုပ်ရရေးအတွက် တဦးလျှင် တလကို ကျပ်၂ သောင်းခွဲအား ထောင်အရာရှိ ဒေါ်မြင့်မြင့်ဇော်မှ တောင်းခံလျက် ရှိကြောင်း သိရသည်။
အဆိုပါ ထောင်တွင်း နှိပ်စက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့အနေဖြင့် လူသားချင်း စာနာထောက်ထားမှု ဥပဒေ (IHL) နှင့်အညီ မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင် များ အားလုံးသို့ စစ်ဆေးပေးရန်အတွက် သပိတ်ကော်မတီများက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း မုံရွာထောင်အတွင်းမှ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်အား မြင်းခြံအကျဉ်းထောင်နှင့် အိုးဘို ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုသို့ပြောင်းရွှေ့ခံရသူများမှာ မုံရွာသပိတ် ဦးဆောင်ကော်မတီတွင် ပါဝင်သည့် ကျောင်းသား သမဂ္ဂ အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ ကျောင်းသားများ အပါအဝင် နိုင်ငံရေး ပုဒ်များဖြင့် ဖမ်းဆီးပြစ်ဒဏ်ချ ခံထားသူ များ ပါဝင်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်နိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက မုံရွာထောင်မှနေ မြင်းခြံ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ စတင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၂၄၄၄ ဦးရှိပြီး ထိုထဲမှ ၁၄၇၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
You may also like these stories:
ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက သေဒဏ်ပေးနိုင်သည့် ပုဒ်မ တပ်
နိုင်/ကျဉ်းတချို့ နှိပ်စက်သတ်ခံရမှု အထောက်အထားများ ရထားဟု HRW ဆို
နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ