ကမ္ဘောဇဘဏ်၏ မိုဘိုင်းဖုန်းငွေပေးချေဝန်ဆောင်မှု ဖြစ်သော KBZ Pay (K Pay) သုံးစွဲသူတို့၏ အကောင့်များ ပိတ်ခံရ သည်ဆိုသောသတင်းများကြောင့် K Pay ငွေလွှဲဝန်ဆောင်မှု ပေးနေသည့် ကိုယ်စားလှယ်တချို့က ဝန်ဆောင်မှု ရပ်ဆိုင်း ထားကြောင်း သုံးစွဲသူများထံမှ သိရသည်။
စက်တင်ဘာ ၁၉၊ ၂၀ ရက်မှစတင်ပြီး K Pay အကောင့် ပိတ်ခံရသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ် လာကာ အေးဂျင့်ဆိုင်များနှင့် K Pay ဖြင့် ငွေပေးချေမှု လက်ခံသော ဈေးဆိုင်တချို့မှာ အကောင့်ပိတ်ခံရမည် စိုးရိမ်သဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုများကို ရပ်ဆိုင်းလာကြခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေသူတဦးက ပြောသည်။
“ရှေ့ရက်ကတည်းက ပြည်ပရောက်သွားတဲ့သူတွေ K Pay သုံးလို့ မရတော့ဘူးဆိုတဲ့ သတင်းက စတာပဲ။ နောက်ရက်မှာ အကောင့်တွေ ပိတ်တယ်ဆိုပြီး သတင်းတွေ ဖြစ်လာတော့ ဆိုင်တွေက ထုတ်မပေးတော့ဘဲ စောင့်ကြည့်နေတဲ့သဘောနဲ့ ရပ်ထားကြတယ်” ဟု ဆိုသည်။
ယခင်က K Pay အကောင့်မှ ငွေသားထုတ်ယူရာတွင် ဝန်ဆောင်ခအဖြစ် ၁ရာခိုင်နှုန်း ၂ ရာခိုင်နှုန်းခန့်သာ ပေးဆောင်ရ သော်လည်း ယခုအခါ ဝန်ဆောင်ခ ရာခိုင်နှုန်းများ ပြန်လည်မြင့်တက်လာပြီး ယနေ့တွင် ၅ ရာခိုင်နှုန်းထိ ပေးရကြောင်း သုံးစွဲသူများထံမှ သိရသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က မိုဘိုင်းလ်ငွေကြေးစာရင်း အကောင့်များ ဖွင့်လှစ်ထားရာတွင် အမည်၊ မှတ်ပုံတင်၊ ဆင်းမ် ကတ်နံပါတ်များကို လူမှုဝင်ကြီးကြပ်ရေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့၌ ရှိနေသော အချက်အလက်များ နှင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်သလို အကောင့်ဖွင့်လှစ်ထားသော ကိုယ်ရေးအချက်အလက်များကိုလည်း မှန်မှန်ကန် ကန် ဖြည့်စွက်ထားရန် လိုအပ်သော အဆင့်-၂ ကို မမြှင့်တင်ပါက စာရင်းပိတ်ခံရမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ထို့သို့ ဗဟိုဘဏ်၏ ထုတ်ပြန်ချက် ထွက်ပေါ်ပြီးနောက်ပိုင်း Kpay သုံးစွဲသူများ၏ အကောင့်များ အထူးသဖြင့် ငွေအလွှဲ အပြောင်းများသော အကောင့်များ ဆက်တိုက်ပိတ်ခံနေရကြောင်း သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၉ ရက်တွင် K Pay အကောင့် ပိတ်ခံလိုက်ရသည့် သုံးစွဲသူတဦးက ” K Pay သုံးနေတာကြာပြီ။ ဒီအတိုင်းပဲ ဘာအကြောင်းပြချက်မှ မရှိဘဲ အပိတ်ခံရလိုက်တာ။ ဘဏ်ဘက်ကို မေးတော့လည်း ဗဟိုဘဏ်က လုပ်ခိုင်းလို့ လုပ်တာမျိုးဆိုပြီးပဲ ပြန်ပြောတယ်။ တကယ်ဆိုရင် ဘာကြောင့်၊ ဘယ်လိုကြောင့် ပိတ်တယ် ဆိုတာမျိုးကို ဘဏ်ဘက်က သေချာရှင်းပေးသင့်တယ်” ဟု ပြောသည်။
လတ်တလောတွင် အကြောင်းအရင်း သေချာမသိရဘဲ K Pay သုံးစွဲသူအကောင့်များ ပိတ်ခံရသလို ပုံမှန်အတိုင်း အသုံးပြု နိုင်နေသေးသော သုံးစွဲသူများလည်း ရှိနေကြောင်း၊ သုံးစွဲ၍ ရသေးသူများက အကောင့်ထဲ ပိုက်ဆံများ မထားရဲတော့ဘဲ ထုတ်ယူရန် ကြိုးပမ်းရာတွင် အေးဂျင်ဆိုင်တချို့ ပိတ်ထားခြင်းကြောင့် အခက်အခဲများ ကြုံရကြောင်း သိရသည်။
ကိတ်မုန့်ဆိုင်တခုမှ တာဝန်ရှိသူတဦးက “မနေ့ညကအထိ K Pay နဲ့သုံးပြီး Online Shop တခုကို ငွေချေလို့ရတယ်။ ဒီနေ့ လည်း ဘာမှမဖြစ်ဘူး။ ကျမတို့ ကုမ္ပဏီဆိုရင်လည်း K Pay နဲ့ ငွေပေးချေတာကို လက်ခံနေတုန်းပဲ” ဟု ပြောသည်။
လတ်တလောတွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ငွေအလွှဲအပြောင်းများပြီး ၎င်းတို့ သံသယရှိသော K Pay အကောင့်များ ကို ပိတ်ခိုင်းရန် ညွှန်ကြားထားကြောင်း၊ အကောင့်ပိတ်ခံရသူသည် ဗဟိုဘဏ်နှင့် ဆက်သွယ်ညှိနှိုင်းကာ ဖြေရှင်းနိုင်ပါက အကောင့်ပြန်ဖွင့်ပေးသည့် အခြေအနေများ ရှိကြောင်း ကမ္ဘောဇဘဏ်ဝန်ထမ်းတဦးက ဆိုသည်။
ယနေ့ နေ့လည်ပိုင်းကမူ KBZ Pay မှနေ၍ လက်ရှိအချိန်တွင် ငွေရေးကြေးရေးကဏ္ဍ ကြီးကြပ်ရေးအဖွဲ့အစည်း၏ ညွှန်ကြား ချက်အရ KBZ Pay အကောင့်အချို့အား ယာယီအသုံးပြုခွင့် တားမြစ်ထားမှုအပေါ် အဆင်မပြေမှုများနှင့် စိုးရိမ်မှုများ ရှိနေသည်ဟု ကြားသိရကြောင်း၊ ယခုအခြေအနေတွင် သုံးစွဲသူများအတွက် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ရသည့်အပေါ် အနူးအညွတ်တောင်းပန်ကြောင်း၊ သုံးစွဲသူများ အနေဖြင့် မိမိတို့၏ အကောင့်များအား မှားယွင်းစွာ ယာယီအသုံးပြုခွင့် တားမြစ်ထားခံရသည်ဟု ယုံကြည်ပါက ဗဟိုဘဏ်၏ [email protected] သို့ တိုက်ရိုက် အကျိုးအကြောင်း တင်ပြနိုင်ကြောင်းလည်း KBZ Pay က ဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်ကလည်း K Pay အကောင့်များ ပြည်ပသို့ ရောက်နေပါက အသုံးပြု၍ မရတော့ကြောင်း သတင်းများ ထွက်ပေါ်လာ၍ KBZ Pay က ပြည်ပသို့ ရောက်ရှိနေသော်လည်း Kpay ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ ဆက်လက် အသုံးပြုနိုင်ကြောင်းနှင့် အကောင့်ဖွင့်ထားသည့် ဖုန်းနံပါတ်ဖြင့် ချိတ်ဆက်ထားသော မြန်မာနိုင်ငံမှ Telecom Operator ၏ International Roaming ဝန်ဆောင်မှုကို အသုံးပြု၍ OTP တောင်းဆိုကာ အသုံးပြုနိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။