အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မန္တလေးတိုင်း၊ စည်ပင်သာယာရေးဝန်ကြီးနှင့် မြို့တော်ဝန် ဒေါက်တာရဲလွင်ကို အာဏာသိမ်း စစ်ကောင်စီက အဂတ်ိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံ အမှုဖွင့်ထားကြောင်း ၎င်းနှင့်နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါက်တာရဲလွင်သည် စစ်ကောင်စီ လက်အောက် တရားစီးရင်ရေးဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၏ အမြင့်ဆုံး ပြစ်ဒဏ် ထောင် ၂ နှစ် ချမှတ်ခံထားရပြီး ရက်စေ့၍ ပြန်လည်လွတ်မြောက်ခါနီးအချိန်၌ အဂတိဖြင့် ထပ်မံအမှုဖွင့်ခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
နီးစပ်သည့် တရားလွှတ်တော် ရှေ့နေတဦးက “ဒေါက်တာရဲလွင်ကို အဂတိအမှုနဲ့ ထပ်ဖွင့်ထားတယ်လို့ သိရတယ်။ အမှတ် (၃) ရဲစခန်းမှာ အမှုဖွင့်ထားတယ်တဲ့။ အခုအချိန်ထိတော့ တရားရုံးကို အမှုစွဲတင်လာတာတော့ မရှိသေးဘူး။ အဂတိအမှု ဆိုရင်တော့ တိုင်းတရားလွှတ်တော်မှာပဲ အမှုကို စစ်လိမ့်မယ်။ ဘာအကြောင်းအရာနဲ့ စွဲတယ်ဆိုတာ အမှုစွဲတင်လာမှသာ သိရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာရဲလွင်အား အဂတိဖြင့် အမှုဖွင့်လှစ်ထားမှုနှင့် ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်၊ အမှတ် (၃) ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “ဖြေပေးလို့ မရဘူး” ဟုဆိုကာ ဖုန်းချသွားခဲ့သည်။
ဒေါက်တာရဲလွင်သည် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် ခေတ္တထိန်းသိမ်းခံခဲ့ရပြီး နေ့ချင်း ပြန်လွတ် မြောက်လာခဲ့ပြီးနောက် ရုံးတက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းများ လုပ်ကိုင်ခဲ့ကာ ဖေဖော်ဝါရီ ၅ ရက်တွင် မန္တလေးမြို့ တော်ဝန် ရာထူးမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ “ပြည်သူနဲ့ အတူပါ” ဟူသည့် စာနှင့်အတူ အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) ကို ထောက်ခံကြောင်း လက်သုံးချောင်းထောင် ပရိုဖိုင်ပြောင်းလဲခဲ့ပြီးနောက် ယင်းနေ့ ညပိုင်း၌ စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ဒေါက်တာရဲလွင်ကို အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က တရားလို ပြုလုပ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
ထိုသို့ တရားစွဲဆိုပြီးနောက် စည်ပင်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန်နှင့် ဆူပူမှုဖြစ်စေရန် လှုံ့ဆော် သည်ဟုဆိုကာ ၂၀၂၁ ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅ (ခ) ၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အမှုလိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေအဖွဲ့က “ဒေါက်တာရဲလွင်ကို ၅၀၅ (ခ) နဲ့ ၂ နှစ် အမိန့်ချပြီးလို့ ထောင်ကျနေပြီးသား။ အမိန့်ချတဲ့အချိန်က ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့် ပြုတယ်ဆိုတော့ ပြောရမယ်ဆိုရင် ဒေါက်တာရဲလွင်က ဒီလထဲ ဒါမှ မဟုတ် ရှေ့လလောက်ဆိုရင် လွတ်ပြီလေ။ အခုက အဂတိနဲ့ ထပ်စွဲတယ်ဆိုတော့ ဘာမှ ပြောစရာမရှိတော့ဘူး” ဟု ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဒေါက်တာရဲလွင်သည် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသေးသည်။
မန္တလေးမြို့ခံ ကဗျာဆရာတဦးက “မန္တလေးနဲ့ ပတ်သက်ပြီး မြို့တော်စည်ပင်လို့ ပြောလိုက်ရင် မန္တလေးသားတွေရဲ့ ရင်ထဲမှာ ဒေါက်တာရဲလွင်ဆိုတဲ့ လူကြီးကိုပဲ အခုထိ ရှိနေမြင်နေကြတုန်းပဲ။ သူ တာဝန်ယူခဲ့တဲ့ ၅ နှစ်ကာလမှာ မြို့တော်က Smart City ဖြစ်လာတယ်။ မြို့တော်သူမြို့တော်သားတွေရဲ့ အသံကို နားထောင်ပြီး မြို့တော်တိုးတက်ဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့ သူ။ ကမ္ဘာမကျေတဲ့ ဥဒါန်းတခု ထပ်တိုးသွားတာပေါ့” ဟု မှတ်ချက်ပြုသည်။
ဒေါက်တာရဲလွင်သည် မန္တလေးမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးအဖြစ် လူသိများထင်ရှားသူဖြစ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိခဲ့ပြီးနောက် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာသည့် ဒေါက်တာဇော်မြင့်မောင်၏ အဆိုပြုချက်ဖြင့် မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာခဲ့သူ ဖြစ်သည်။
ဒေါက်တာရဲလွင် ဦးဆောင်မှုအောက်က မန္တလေးမြို့သည် ၂၀၁၈ တွင် အရှေ့တောင်အာရှ၏ Smart City အဖြစ် အလား အလာ အကောင်းဆုံး ထိပ်တန်း ၁၀ မြို့တွင် အဆင့် ၅ နေရာ ရပ်တည်နိုင်ခဲ့သလို ၂၀၁၉ တွင်လည်း ကွန်ပျူတာစက်မှု လက်မှုအဖွဲ့အစည်း (ASOCIO) က ချီးမြှင့်သည့် Smart City 2019 ဆုကိုလည်း ရရှိခဲ့သည်။