အမျိုးသမီးများအတွက် အခြေခံလိုအပ်ချက်တခု ဖြစ်သည့် လစဉ်သုံးပစ္စည်းများ ပုံမှန်သုံးစွဲခွင့် ရရေး အတွက် စစ်ရှောင် စခန်းနှင့် အကျဉ်းထောင်တွင်းမှ အမျိုးသမီးများ အခက်အခဲ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
အမျိုးသမီး လစဉ်သုံးပစ္စည်းများ ဈေးအဆမတန် မြင့်တက်လာခြင်း၊ စစ်ဘေးရှောင်များအား ပစ္စည်းပို့ရာတွင် စစ်ကောင်စီ၏ ကန့်သတ် တင်းကျပ်မှုများခြင်းနှင့် အကျဉ်းထောင်များ ထဲတွင်လည်း လုံလောက်စွာ မရရှိသဖြင့် အမျိုးသမီးများအတွက် အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။
ဈေးနှုန်းမြင့်တက်မှုအပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လမ်းပန်း ဆက်သွယ်ရေးနှင့် စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ရာ၌ အခက်အခဲ ပိုဖြစ်လာ ကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ဆိုသည်။
ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက “ကျနော်တို့က အမျိုးသမီး အသုံးအဆောင်တွေကို ဝယ်ပြီးပို့ပေးတာတွေ ရှိတယ်။ ဈေးကလည်း တက်တယ်။ မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေတော့ ဒီလမ်းကြောင်းကို အဓိက မှီခိုနေရတဲ့ ကျနော်တို့အတွက် အခက်အခဲတွေ ဖြစ်လာတယ်။ ပစ္စည်းတွေ ဝယ်လို့မရဘူး” ဟု ပြောသည်။
ကယားပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁ သိန်းကျော်ရှိသည့်အနက် အမျိုး သမီးဦးရေ ၅ သောင်းဝန်းကျင် ရှိကြောင်းနှင့် အခက်အခဲများကြောင့် လစဉ်သုံးပစ္စည်းများ (Pad) အစား အဝတ်စများသာ အသုံးပြုနေရကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးနေသူ အမျိုးသမီးတဦးက ဆိုသည်။
ထိုသို့ အဝတ်စများ အသုံးပြုရာတွင်လည်း စစ်ရှောင်စခန်း ဖြစ်သည့်အတွက် ရေရှားပါးခြင်း၊ ဆပ်ပြာ အလုံအလောက် မရှိခြင်းတို့ကြောင့် အဆင်မပြေမှုများ ရှိကြောင်း၊ ကျန်းမာရေးအရလည်း ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် စစ် ဘေးရှောင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ ပိုမိုကူညီထောက်ပံ့ပေးရန် လိုအပ်ကြောင်းလည်း ပြောသည်။
၎င်းက “တကယ်တမ်း ဒီသဘာဝနည်းအတိုင်း အဝတ်စတွေကို အသုံးပြုတယ် ဆိုတာကလည်း စစ် ရှောင်စခန်းတွေဆိုတာ ရေရှားပါးတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင် အဆင်မပြေဘူး။ ပေတဲ့အဝတ်တွေကို လျှော်မယ်ဆိုရင် ရေရှားတာရယ်၊ ဆပ်ပြာက လိုသလောက် မရတာရယ်ကြောင့် အဆင်မပြေပါဘူး။ အဲဒီတော့ ကပ်ခွာကိုပဲ ရသလောက် မျှဝေပြီးတော့ သုံးကြရတာပါပဲ” ဟု ရှင်းပြသည်။
ဧရာဝတီက ဈေးကွက်အတွင်း စုံစမ်းမေးမြန်းမှုအရ ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးပတ်မှ စတင်၍ အမျိုးသမီး လစဉ် သုံးပစ္စည်းများ ဈေးတက်လာခဲ့ခြင်းဖြစ်ပြီး လူသုံးအများဆုံးနှင့် ဈေးအသက်သာဆုံး ဖြစ်သော Blue တံဆိပ် အမျိုးသမီး လစဉ်သုံး ၁၀ ခုပါ ၁ ထုပ်သည် ယခင် ၅၀၀ ကျပ်မှ ယခု ၁၁၅၀ ကျပ်၊ Eva တံဆိပ် (ရိုးရိုးအပါး) ၁၀ ခုပါ ၁ ထုပ်သည် ယခင် ၅၀၀ ကျပ်မှ ၇၅၀ ကျပ်၊ Eva တံဆိပ် (ပူရှိန်းပါအထူ) ယခင် ၂၂၀၀ ကျပ်မှ ၃၄၀၀ ကျပ်ထိ မြင့်တက်နေလျှက် ရှိသည်။
ထို့ပြင် နေ့စဉ်သောက် ကိုယ်ဝန်တားဆေးများမှာလည်း ယခင်က ၁ကဒ်လျှင် ကျပ် ၈၀၀၊ ၁၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထက်ထိ ရှိနေကြောင်း သိရသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့က လူဦးရေ ၂၀၀၀ ခန့် ရှိသည့် စစ်ဘေးရှောင်စခန်း တခု၌လည်း အမျိုးသမီးဦး ရေမှာ ထက်ဝက်ကျော်ထိ များပြားသည့်အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းမှာ လိုအပ်ချက်တခုအဖြစ် ရှိနေကြောင်း ယင်းစခန်းမှ စစ်ရှောင်အမျိုးသမီးတဦးက ပြောသည်။
“ကျန်းမာရေးကိစ္စ ဖြစ်တယ်။ ဒီလို ဈေးကြီးလာမယ်လို့လည်း မထင်ထားတော့ လုံလောက်မှုက မရှိတော့ဘူး။ အခု ဆိုရင် အမျိုးသမီးများတဲ့စခန်းဖြစ်လို့ သက်သက်ကို စုနေရပြီ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ထောင်တွင်းက အကျဉ်းကျနေသည့် အမျိုးသမီးများ အနေဖြင့်လည်း လစဉ်သုံးပစ္စည်းရရှိမှု အခက်အခဲနှင့် ရင်ဆိုင်နေရပြီး ပြစ်ဒဏ်ကျ အမျိုးသမီးများအတွက်သာ Pad များကို ၁ လလျှင် ၁ ဦးကို ၁ ထုပ်စီ ရရှိကြောင်း၊ အမှု ရင်ဆိုင်ဆဲ အချုပ်ကျ အမျိုးသမီးများမှာ မရရှိသည့်အတွက် ဝေမျှသုံးစွဲနေရကြောင်း ထောင်မှပြန်လွတ်လာသူ အမျိုး သမီးတဦးက ပြောပြသည်။
ထောင်ဝင်စာပို့သည့်အခါမျိုးတွင် လစဉ်သုံးများ ထည့်သွင်းပို့ကြသော်လည်း အချိန်ကြာမြင့်မှသာ ရောက်ရှိလာခြင်း ကြောင့် အခက်အခဲ ဖြစ်ကြရကြောင်း၊ ထောင်တွင်း အမျိုးသမီးအချင်းချင်း အတွင်းခံများနှင့် လစဉ်သုံးများကို မျှဝေ သုံးစွဲနေရသည်က များကြောင်းလည်း ၎င်းက ဆိုသည်။
ယခင်က အမျိုးသမီးအများစု အနေဖြင့် ၎င်းတို့၏ ရာသီစက်ဝန်းအချိန်များတွင် အဝတ်စများ၊ ဂွမ်းစများကို အသုံးပြု ကာ ဖြေရှင်းခဲ့ကြသော်လည်း ပြောင်းလဲလာသည့် ခေတ်အခြေအနေအရရော၊ ကျန်းမာရေးအရပါ ပိုးသတ်ပြီးသား အမျိုးသမီးလစဉ်သုံး ကပ်ခွာ (Pad) များကို သုံးစွဲလာကြခြင်း ဖြစ်သည်။
ဆရာဝန်တဦးက “ရာသီလာချိန်မှာ သန့်သန့်ရှင်းရှင်း ဖြစ်နေဖို့ တကိုယ်ရေသန့်ရှင်းရေးက အရေးကြီးပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အပြင် ဆီးလမ်းကြောင်း ပိုးမဝင်အောင်နဲ့ မိန်းမကိုယ်မှိုစွဲတာ မဖြစ် အောင်လည်း ကာကွယ်ရာရောက်ပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ အသုံးပြုတဲ့ Pad ကို မကြာခဏ လဲပေး သင့်ပါတယ်။ ၁ ခု သုံးထားပြီး တနေကုန်နေတာမျိုးကို ရှောင်သင့်တယ်။ အဝတ်စဆိုရင်လည်း အဓိကက ပိုးသတ်နိုင် ရင်တော့ ပိုလုံခြုံတာပေါ့ ” ဟု ပြောသည်။