နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနဲလ် အပါ ၅ ဦးအား နိုင်ငံတော် လျှို့ဝှက်ချက်အက် ဥပဒေဖြင့် စစ်ကောင်စီက စွပ်စွဲတရားစွဲထားမှုကို စက်တင်ဘာ ၂၉ ရက် တွင် အမိန့်ချမည်ဟု သိရသည်။
စစ်ကောင်စီအနေဖြင့် ရှောင်တာနဲလ်ထံမှ တွေ့ရှိသည့် စာရွက်စာတမ်းများမှာ အစိုးရလျှို့ဝှက်ချက် ဖောက်ဖျက်သည် ဟုဆိုကာ ထောင် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲထားပြီး ရှောင်တာနယ်နှင့် အတူ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီးဦးဆက်အောင်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကိုပါ အမှုတွင် ထည့်သွင်းကာ ဖမ်းဆီးထားသည်။
အမှုတွင် ပါဝင်သူ ၅ ဦးအနက် ဦးစိုးဝင်းတဦးသာ ကျန်းမာရေးအရ အာမခံရရှိထားပြီး ကျန်လေးဦးမှာ နေပြည်တော် အချုပ်ထောင်တွင် ချုပ်နှောင်ခံထားရကာ ထောင်တွင်းအထူးတရားရုံးဖြင့် အမှုအားစစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ရုံးချိန်း တွင် နှစ်ဖက်အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီ၏ စွပ်စွဲမှုနှင့် ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ရှောင်တာနဲလ်နှင့် အမှုတွင်ပါဝင်သူများက အပြစ်မရှိဟု ငြင်းထားကြပြီး စစ်ကောင်စီ စွပ်စွဲပြောဆိုသည့် စာရွက်စာတမ်းများမှာ လျှို့ဝှက်ချက်များမဟုတ်ကြောင်းနှင့် တာဝန် အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ရှောင်တာနဲလ်က ထွက်ဆိုထားသည်။
၎င်းအားဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး ဩစတြေးလျအစိုးရတာဝန်ရှိသူများ၊ အာဆီယံဥက္ကဌဖြစ်သူ ကမော္ဘဒီးယား ဝန်ကြီးချုပ်တို့က အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီက လစ်လျူရှုခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်းဟေဇာက စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ရှောင်တာနဲလ်အား ပြန်လည် လွှတ်ပေးရန် ထပ်မံတောင်းဆိုခဲ့သော်လည်း စစ်ခေါင်းဆောင်က အပေးအယူဆန်သည့် စကားဖြင့်သာ တုံ့ပြန်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်က “ Mr. Sean Turnell ကိစ္စတွင်လည်း ဩစတြေးလျနိုင်ငံအစိုးရအနေဖြင့် အပြု သဘော ဆောင်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်မည်ဆိုလျှင် မိမိတို့အနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ တင်းမာစွာဆောင်ရွက်ရမည့် အခြေအနေမျိုးမ ရှိပါ”ဟု ပြောခဲ့သည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်အတွင်းချုပ်နှောင်ထားမှုနှင့် ပတ်သက်ပြီး နေအိမ်အကျယ်ချုပ်ပြန် ထားရှိရန် ကုလသမဂ္ဂအထူးသံတမန်၏ တောင်းဆိုချက်ကိုလည်း စစ်ခေါင်းဆောင်က လက်ခံခဲ့ခြင်းမရှိပေ။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ကောင်စီက စွပ်စွဲတရားစွဲခဲ့သည့် ပုဒ်မ ၁၁ ခုဖြင့် စုစုပေါင်း ထောင် ၂၂ နှစ်ချမှတ်ခံထားရပြီး သို့သော် အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်များထဲက ၂ နှစ်အား လျော့ပေါ့ပေး ကြောင်း ကြေညာထားသည့်အတွက် လက်ရှိကျခံနေ ရသည့် ပြစ်ဒဏ်မှာ နှစ် ၂၀ ဖြစ်သည်။
You may also like these stories :
ရှောင်တာနယ်အား အောက်တိုဘာ ပထမပတ်တွင် အမိန့်ချနိုင်