အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာစစ်တပ်သည် ဒီမိုကရေစီအရေး လှုပ်ရှားသူများအပေါ် ဆိုးဝါးသည့် လူ့အခွင့် အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်းနှင့် မြန်မာအပါအဝင်အာဖဂန်နှင့် အီရန်နိုင်ငံတို့မှ ပြည်သူများနှင့်အတူ ရပ် တည်ကြောင်း စက်တင်ဘာ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောကြားသွားသည်။
သမ္မတ ဘိုင်ဒန်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသည့် ၇၇ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် ရုရှား၏ ကျူးကျော်စစ်ကို ရှုတ်ချကြောင်း မိနစ် ၃၀ အကြာ မိန့်ခွန်းပြောခဲ့ပြီး ယင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ် သည်။
သမ္မတ ဘိုင်ဒန်က “မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေပါတယ်” ဟု ပြောဆိုသည်။
၎င်းက ဆက်လက်၍ “အာဖဂန်နိုင်ငံမှာဆိုရင်လည်း တာလီဘန်တွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ချိုးနှိမ်နေပါ တယ်။ ဒီနေ့ ကျနော်ပြောချင်တာက လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်တွေအတွက် ရဲရဲရင့်ရင့် ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေနဲ့ ကျနော် ရပ်တည်ပါတယ်။ အီရန်နိုင်ငံက အမျိုးသမီးတွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ သမ္မတ ဘိုင်ဒန် က ကမာ္ဘ၏ မည်သည့်နေရာတွင်ဖြစ်စေ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ပါက ယင်းလုပ်ရပ်ကို ခွင့်မပြုနိုင်ကြောင်း ဆိုသည်။
“ကမာ္ဘကြီး နောက်ပြန်လှည့်မယ့် ဖြစ်ရပ်မျိုးကို ခွင့်မပြုနိုင်ပါဘူး။ ဒီနည်းတူပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း မျက်စိမှိတ်ထားလို့ မရပါဘူး။ ၁၉၄၈ ခုနှစ်မှာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ တိတိကျကျ ပြောဆိုထားပြီး ဖြစ်ပါ တယ်။ ဒီနေ့ ၂ဝ၂၂ ခုနှစ်မှာ တစ်ကမာ္ဘလုံးမှာ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေ ခြိမ်းခြောက်ခံနေရပါတယ်” ဟု သမ္မတ ဘိုင်ဒန်က ပြောသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးကလည်း စက်တင်ဘာ ၂၁ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီ ညီလာခံ၌အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက် မြန်မာနိုင်ငံ၏ အခြေအနေသည် တစထက် တစ ပိုမို ဆိုးဝါးလာနေကြောင်း ပြောကြားသည်။
မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို နေ့စဉ်ကျူးလွန်နေပြီး စစ်တပ် ၏ လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်ပုံကို မြန်မာပြည်သူများက စိတ်ပျက်နေကြောင်း ၎င်းက ဝေဖန် ထောက်ပြသည်။
“ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ ဒီအကျပ်အတည်းကို နိုင်ငံတကာက တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေဟာ အလွန်မှပဲ စိတ်ပျက်နေကြပါတယ်။ သူတို့ဟာ စိတ်ထိခိုက်ပြီး ဒေါသလည်း ထွက်နေကြပါတယ်။ အချို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဟာဆိုရင် ဒီတရားမဝင် အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို ဘဏ္ဍာငွေတွေ၊ ကုန်သွယ်ရေးတွေ၊ လက် နက်တွေနဲ့ တရားဝင်အောင် ထောက်ပံ့ပြီး ကူညီထားကြတာကြောင့် ဖြစ်ပါတယ်။ ဒါ့ပြင် အချို့နိုင်ငံတွေဟာ မြန်မာပြည်သူ တွေကို အားပေးထောက်ခံကြောင်း နှုတ်ကနေ ပြောထားပေမယ့် အလုပ်နဲ့ အမှန်တကယ် သက်သေပြတာ မရှိတဲ့ အတွက်လည်း စိတ်ပျက်နေကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာပြည်သူများအတွက် ယခုထက် ပိုမိုသည့် စုစည်းညီညွတ်မှုဖြင့် နိုင်ငံပေါင်းစုံ ပါဝင်သော ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းကာ တုံ့ပြန်သင့်ကြောင်း မစ္စတာ တွမ်အင်ဒရူးက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) တည်ထောင်သူ တဦးဖြစ်သူ မစ္စယန်ယီးလီကလည်း ကုလသမဂ္ဂအထွေထွေ ညီလာခံ ကျင်းပ နေစဉ်မှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မည်သည့်အတွက်ကြောင့် မြန်မာ့အရေးတွင် မှန်ကန်စွာ မဖြေရှင်းနိုင်ရ သနည်း ဟု ၎င်း၏ တွစ်တာတွင် မေးခွန်း ထုတ်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် ကမာ္ဘ့နိုင်ငံအသီးသီးမှ မြန်မာပြည်ဖွားတိုင်းရင်းသားများက ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက် ထားရှိရေးနှင့် မြန်မာ့အရေး အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာက ရှုတ်ချပြီးနေရာပေးခြင်းမျိုး မပြုလုပ်ရန် နေ့စဉ်ရက်ဆက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကို ပြုလုပ်လျက်ရှိသည်။
You may also like these stories:
ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်
စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ
ဆိတ်ခေါင်းချိတ် ခွေးသားရောင်းမယ့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု