ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကျသော မြဝတီနယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်မူဝါဒအပြောင်းအလဲများ ကြောင့် ပို့ကုန်တင်ပို့မှု ဆက်တိုက်ကျဆင်းခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ယခင် ဘဏ္ဍာနှစ် ၂၀၂၁ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၉ ရက်ထိ ၄၉၅ ဒသမ ၁၈၅ သန်း တင်ပို့ခဲ့ရာမှ ယခု ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၃၉၀ ဒသမ ၅၅၁ သန်းသာ တင်ပို့နိုင်ခဲ့သဖြင့် ဒေါ်လာ သန်း ၁၀၀ ကျော် လျော့ကျသွားကြောင်း တွေ့ရသည်။
ပို့ကုန်လိုင်စင် လျှောက်ထားမှုတွင် အကန့်အသတ်ဖြင့်သာ ခွင့်ပြုခြင်း၊ ပို့ကုန်တန်ဖိုးရငွေ ထိုင်းဘတ်ငွေကိုလည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်၍ မြန်မာဘဏ်သို့ ပြန်သွင်းပြီး စစ်ကောင်စီ သတ်မှတ်နှုန်း ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် သာ ပြန်လည်ထုတ်ယူရသဖြင့် ပို့ကုန်တင်ပို့သည့် ကုန်သည်များ တွက်ခြေမကိုက်သောကြောင့် တင်ပို့မှုနည်းပါးကာ လျော့ကျခြင်း ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
မြဝတီမြို့ဒေသခံ ကုန်သည်တဦးက “ဒီအချိန်က ပြောင်းအစေ့လိုက်တင်ပို့တာ ရပ်သွားပြီ။ ပို့ကုန်တွေကျတာက ငွေလွှဲ ဝင်ပြီးမှ ပစ္စည်းပို့ရမယ်နဲ့ နောက် ၁၀ ရက်အတွင်း ပို့ရမယ်။ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ သတ်မှတ်ဈေးနဲ့ ပြန်ထုတ်ရ တော့ တွက်ခြေမကိုက်ဘူး။ အဲဒီတော့ တချို့က ခဏနားတာလည်း ပါတယ်။ အခုတော့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ကို ပြန်လွှဲပြီး ၃၅ ရာခိုင်နှုန်းကို ကြိုက်တဲ့နေရာ သုံးစွဲခွင့်ပြုတယ်။ နည်းနည်း အသက်ရှူချောင်လာတယ်ပေါ့” ဟု ရှင်းပြသည်။
ထိုသို့ စစ်ကောင်စီက ဒေါ်လာကို သတ်မှတ်ဈေးဖြင့်သာ ဖြတ်သည့်အတွက် ကုန်သည်များ အနေဖြင့် တရားဝင် အခွန် ဆောင်ပြီး ကုန်သွယ်သည့်ဘက်တွင် အခက်အခဲများ ဖြစ်လာကာ တွက်ခြေမကိုက်သဖြင့် တရားဝင်ထက် တရားမဝင် ကုန်သွယ်ရေးလမ်းကြောင်းမှ ကုန်သွယ်ရမည့် အခြေအနေများ ဖြစ်လာကြောင်းလည်း ၎င်းက ရှင်းပြသည်။
သွင်းကုန်ကဏ္ဍတွင်လည်း ယခင်က သွင်းကုန်လိုင်စင် လျှောက်မည်ဆိုပါက လုပ်ငန်းရှင်ဘက်မှ တင်ပြလာသည့် ငွေ ပမာဏအပေါ် ကန့်သတ်မှု မရှိသော်လည်း ယခုအခါ စစ်ကောင်စီက ဒေါ်လာငွေ အဝင်အထွက်များကို ထိန်းလိုသည့် အကြောင်းပြချက်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရာ၌ လိုင်စင် ၁ စောင်လျှင် ဒေါ်လာ ၅ သောင်းသာ ခွင့်ပြုထား သည်။
ထိုကြောင့် သွင်းကုန်လိုင်စင်များကို လိုအပ်သည့် ပမာဏအတိုင်း လျှောက်ထား၍ မရသဖြင့် ကုန်သည်များ အနေဖြင့် အကြိမ်ကြိမ် လျှောက်ထားရသည့်အတွက် အခက်အခဲများ ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်မှစ၍ လက်ရှိအချိန်ထိ ထားဝယ်-ထီးခီး ကုန်သွယ်ရေးစခန်းကို ပိတ်ထားသောကြောင့် ကုန်သည်အများစုမှာ မြဝတီနှင့် မြိတ်လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုများ ပြုလုပ်နေရသည်။
သို့သော် သယ်ယူပို့ဆောင်စရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်များကြောင့် အခက်အခဲများဖြစ်ပြီး တွက်ခြေမကိုက် သဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်နားထားရကြောင်း ကုန်သည်များက ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့လယ်ယာထွက်ကုန်များ ဖြစ်သော ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန် ဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ထိုင်းနိုင်ငံ ဘက်မှ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးဂတ်စ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ၊ အထည်ချုပ် (CMP) လုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန်များ တင်သွင်းလျက် ရှိသည်။
မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် ထိုင်း-မြန်မာနယ်စပ်စခန်းများ အားလုံးမှ ယခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၉ ရက်ထိ အမေရိကန်ဒေါ်လာ ၂၃၀၆ ဒသမ ၇၀၂ သန်းဖိုး ကုန်သွယ်ထားကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။