ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ စခန်းများကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ပြည်နယ်အတွင်း ကူးသန်းသွားလာသည့် ကုန်းလမ်း ရေလမ်းများ ကို ပိတ်ဆို့လာသည်။
မြို့တော်စစ်တွေကို ဗဟိုပြုကာ ပြည်နယ်အတွင်းဆက်သွယ်ထားသည့် စစ်တွေ-ကျောက်တော်-မြောက်ဦး-မင်းပြား ကားလမ်း ရေကြောင်းလမ်းများနှင့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်သို့ ဆက်သွယ်သည့် အငူမော် ကားလမ်း၊ ပုဏ္ဏား ကျွန်း -ရသေ့တောင်ကားလမ်းတို့ကို စစ်ကောင်စီတပ်က စစ်ရေး ဂိတ်များ အထပ် ထပ် ဖွင့်လှစ်ကာ ပိတ်ဆို့ထားခြင်းဖြစ် ခရီးသွားပြည်သူများမှာ လွန်စွာ အခက်ကြုံနေပြီး ကားလမ်းပေါ်တွင် ပြေးဆွဲနေ သည့် ခရီးသည် တင်ကားများ မရှိသလောက် နည်းပါးလျှက်ရှိသည်။
ရသေ့တောင်မြို့ခံ ကုန်သည်တဦးက “ကားလမ်းတွေလည်း ပိတ် ရေလမ်းလည်း ပိတ်ထားတယ်။ အဓိကတော့ စက်လှေတွေကို နေဗီက တားတာပေါ့။ ဘာကြောင့်လုပ်သလဲ ဆိုတာလည်း မပြောဘူး။ ရွာကလူတွေဆိုလည်း မြို့ပေါ်တက်ပြီး ဈေးဝယ်လို့မရဘူး၊ လုံးဝကို ပိတ်ထားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ ၊ ရမ်းဗြဲမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း စစ်ကောင်စီ တပ်သားများ မြို့ပေါ်ရပ်ကွက်များအား ညအချိန် ဝင်ရောက်မွှေနှောင်ကာ မြို့ခံများကို ဖမ်းဆီးခြင်းများကို ပြုလုပ်နေကြောင်းလည်း ၎င်းမြို့နယ်အတွင်းက ဒေသခံများကလည်း ပြောသည်။
တောင်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းအနီးတွင် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီ ဇက်ရေယာဉ် ပစ်ခတ် တိုက်ခိုက်ခံရသည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြို့ပေါ် ရပ်ကွက်များအား နေရာညပါ ဝင်ရောက်စစ်ဆေးကာ မြို့ခံ ၂၀ ကျော်အား ဖမ်းဆီးထားကြောင်း လည်း တောင်ကုတ်မြို့ခံတဦးက ပြောသည်။
၎င်းက “စစ်တပ်နဲ့ ရဲပေါင်းပြီးတော့ နေ့ဘက်ဆိုရင် ဆိုင်ကယ်တွေ ၊ ကားတွေကို စစ်တယ်။ ပိုက်ဆံတောင်းတယ်။ ညဘက်ဆိုရင် ရပ်ကွက်တွေကို ဝင်ပြီး လူတွေကို ဖမ်းတယ်။ အခုဖမ်းထားတာ ကိုင်းရှည်၊ သင်္ဘောဆိပ် ၊ မှိုဟင်းတော ချောင်းကောက်ရပ်ကွက်တို့တွေက လူ ၂၀ ကျော်လောက် ဖမ်းထားတယ်။ခရိုင်ရဲမှူးကိုယ်တိုင် ညဘက် အပြင်ထွက်တဲ့ လူတွေရင် အောက်ပိုင်းကို မပစ်နဲ့ အသေ ပစ်ဖမ်းဆိုပြီးတော့ အမိန့်ထုတ်တယ်လို့ သတင်းကြားတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်တွေမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို ပြည်နယ်စစ်ကောင်စီရုံးသို့ ခေါ်ကာ AA ကို မထောက်ပံ့ရန်နှင့် ဆက်သွယ်မှု လုံးဝမပြုလုပ်ရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ကြိမ်းမောင်းကာ သတိပေးကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။
အမည်မဖော်လိုသည့် စီးပွားရေး လုပ်ငန်းရှင်တဦးက “နယ်/လုံဝန်ကြီးပြောတာက AA ကို လုံးဝမထောက်ပံ့နဲ့ AA ကို ဆက်ရင် ခင်ဗျားတို့ တသက်လုံး ရှာထားတဲ့ စီးပွားရေးတွေ တစက္ကန့် နှစ်စက္ကန့် အတွင်း ပျက်စီးသွားလိမ့်မယ်။ ကျနော်တို့စီးပွားရေး လုပ်ငန်းရှင်တွေက လုပ်ငန်းတခု လုပ်ရင် AA နဲ့ မဆက်ဆံလို့မှမရတာ။ အခုအခြေအနေက ဟိုဘက်ကလည်း ထောက်တိုင် မြင်မယ်။ ဒီဘက်ကလည်း ဒလန်မြင်မယ်ဆိုရင်တော့ ဘာမှမလုပ်ဘဲ ရပ်ထားဖို့ပဲ စဉ်းစားနေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးမှ လမ်းများကို ပိတ်ဆို့ကာ AA အမာခံများကို ထုတ်ဖော်ဖမ်းဆီးရန် လျှို့ဝှက်ညွန်ကြားချက် ကြေးနန်းတစောင်သည်လည်း ယခုရက်ပိုင်းအတွင်းက အင်တာနက်လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ရသည်။
ယင်းလျှို့ဝှက်ကြေးနန်းစာတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကွပ်ကဲရေးမှူးများအနေဖြင့် ကုန်းလမ်း ရေလမ်း စစ်ဆေးရေးဂိတ်များတွင် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မပြုရန် ကုန်သည် စီးပွားရေးလုပ်ငန်းရှင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ခေါ်ယူပြီး AA နှင့်ဆက်သွယ်မှုမပြုရန် ၊ AA ကို ထောက်ပံ့ပေးသည့် အမာခံများ ကို စုံစမ်းဖော်ထုတ်ပြီး အရေးယူရန် ၊ တပ်မိသားစုများအား သက်သာချောင်ချိရေးများ ဆောင်ရွက်ပေးပြီး တပ်ဖွဲ့ဝင် မိသားစုဝင်များမှ တဆင့် ရန်သူ့သတင်း ရရှိနိုင်ရေး စည်းရုံးဆောင်ရွက်ရန် စသည့် အချက်များ ပါဝင်သည်ကိုလည်း တွေ့မြင်ရသည်။
ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာနေသည့် စစ်ရေးလေ့လာသူများကတော့ စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA)ကို မြေပြင်တိုက်ခိုက်မှုများတွင် အနိုင်မရတော့သည့်အတွက် လူထုဘက်ကို ဦးတည်ပြီး အကျပ်အတည်း ဖြစ်အောင် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ၊ တိုက်ပွဲမှာလည်း ပိုမို ပြင်းထန်လာသည့် အနေအထား ရှိသည့်အတွက် စစ်ဒဏ်ကို ပိုမို ခံစားလာရနိုင်ကြောင်း သုံးသပ်သည်။
You may also like these stories:
AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်
စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်
ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ
မောင်တောရှိ တပ်စခန်း ၂ ခုကို AA ဝင်တိုက်၊ တိုက်ပွဲ ပြင်းထန်နေ