ရက္ခိုင့်တပ်တော် (AA) တပ်များကို တိုက်ခိုက်စဉ် မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ကို ဖြတ်ကျော်ပစ်ခတ်နေမှုအား မရပ်ဆိုင်းလျှင် သူ၏တပ်များသည် တုံ့ပြန်ရန် အသင့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ကြည်းတပ် ဗိုလ်ချုပ်ကြီး အက်စ်အမ် ရှာဖီအူဒင် အာမက်က ပြောသည်။
တောင်ထူထပ်သော ဘန်ဒါဘန်ဒေသတွင် အမြောက်ဆံ ကျရောက်ပေါက်ကွဲသောကြောင့် ရိုဟင်ဂျာ တဦးသေဆုံးကာ အခြားသူများ ဒဏ်ရာရပြီးနောက် စစ်ကောင်စီတပ်များက ဘင်္ဂလားဒေ့ရှ်နယ်မြေ အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်း၊ ဂျက်လေယာဉ်နှင့် မောင်းသူမဲ့လေယာဉ်များ ပျံသန်းခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း မြန်မာစစ်ခေါင်းဆောင်ကို အကြောင်းကြားထားသည်ဟု ၎င်းကပြောသည်။
“လိုအပ်ရင် တုံ့ပြန်ဖို့ အသင့်ရှိတယ်။ သေချာပေါက်တုံ့ပြန်မှာ ဖြစ်တယ်။ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ထားတယ်” ဟု “Dhaka Cantonment” အစီအစဉ်တွင် သူကပြောသည်။
သို့သော် သူ ထိုသို့ပြောပြီး ကြာသပတေးနေ့တွင် နယ်စပ်မှ ပစ်ခတ်မှုများ၊ အမြောက်များဖြင့် ပစ်ခတ်မှုများ ပိုမိုပြင်းထန်လာသည်။
ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာနှင့် ကာကွယ်ရေးဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် မြန်မာစစ်တပ် ခေါင်းဆောင်နှင့် အဆက်အသွယ် ထူထောင်ထားကြောင်း၊ ပြင်းထန်သော သတင်းစကား ပေးပို့ထားကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲက ပြောသည်။
မြန်မာစစ်ကောင်စီတပ်များနှင့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA တပ်များသည် ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ သြဂုတ်မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မြန်မာစစ်တပ်၏ ဂျက်တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ ပျံသန်းခြင်းနှင့် နယ်စပ်ကို ဖြတ်ကျော်ကာ မော်တာနှင့် စက်သေနတ်များ ပစ်ခတ်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်ထားသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားသည့် နောက်ဆုံးဖြစ်ရပ်တွင် ည ၈ နာရီ ၁၅ မိနစ်မှ ၉ နာရီအတွင်း မော်တာကျည်များကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း ပစ်ခတ်သောကြောင့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် အစ်ခ်ဘယ်သေဆုံးပြီး အခြားသူ ၆ ဦးဒဏ်ရာရသဖြင့် ဆေးရုံတင်ထားရသည်။
ဒါကာသည် မြန်မာနှင့် နယ်စပ်တလျှောက်သို့ နယ်ခြားစောင့်တပ်များနှင့် ကမ်းခြေစောင့်တပ်များကို မကြာသေးမီက ဖြန့်ကြက်ထားသည်။
စစ်ဘက်-အရပ်ဘက် ဆွေးနွေးပွဲတခုသို့ တက်ရောက်စဉ် ဗိုလ်ချုပ်ကြီး ရှာဖီအူဒင်က မြန်မာစစ်တပ် ခေါင်းဆောင်သည် စစ်သံမှူးမှတဆင့် စာဖြင့်အကြောင်းပြန်ပြီး ထိုဖြစ်ရပ်အတွက် မြန်မာစစ်တပ်တွင် တာဝန်မရှိကြောင်း သူပုန်များတွင် တာဝန်ရှိကြောင်းပြောသည်ဟု သူကပြောသည်။
“ကျနော်တို့ အနီးကပ် ဆက်သွယ်ထားပြီး အခြေအနေ ထပ်ဆိုးစရာမရှိဘူးလို့ မျှော်လင့်တယ်။ ငြိမ်းချမ်းစွာ ပြေလည်မယ်လို့ ထင်တယ်” ဟု ထိုအစည်းအဝေးတွင် ပြောပြီး “အခြေအနေ ဒီထက်ဆိုးလာရင်တော့ မပူပါနဲ့။ ကျနော်တို့က အခြေအနေကို တုံ့ပြန်ဖို့အသင့်ရှိတယ်” ဟု သူက ဆက်ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကျသော မော်တာကျည်ဆံများကို AA နှင့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) တို့က နယ်စပ်မှ စစ်ကောင်စီ စခန်းတခုကို တိုက်ခိုက်စဉ် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ခေါ်ယူပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြောသည်။ ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း AA နှင့် ARSA စခန်းများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန်လည်း ပြောခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီး အာဆက်ဒပ်ဇ်မန် ခန်းသည် မြန်မာနယ်စပ်အခြေအနေကို ဆွေးနွေးရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အရာရှိများနှင့် သူ၏ အတွင်းရေးမှူးရုံးတွင် ဗုဒ္ဓဟူးနေ့က အစည်းအဝေး ကျင်းပသည်။
စစ်တပ်နှင့် အခြားတပ်များသည် နိုင်ငံကိုကာကွယ်ရန် အသင့်ရှိကြောင်း ထိုတံခါးပိတ် အစည်းအဝေးအပြီးတွင် ၎င်းကပြောသည်။
“ကျူးကျော်ရန်စမှု အများအပြားကို ကျနော်တို့ တွေ့နေရတယ်။ AA နဲ့ မြန်မာစစ်တပ်တို့ တိုက်နေတဲ့ကိစ္စမှာ ကျနော်တို့ ပါဝင်ပတ်သက်ခြင်း မရှိဘူး” ဟုလည်း သူကပြောသည်။
ထိုပဋိပက္ခသည် မြန်မာနိုင်ငံအတွင်း အုပ်စုနှစ်ခု တိုက်ခိုက်နေသည့် ကိစ္စသာဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဝန်ကြီးချုပ် ဟာစီနာနှင့်အတူ လိုက်ပါသွားသော နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမင်က နယူးယောက်တွင် ပြောသည်။
“အဲဒီမှာ အုပ်စုနှစ်စု တိုက်ခိုက်နေတယ်။ မြန်မာစစ်ကောင်စီက သူတို့အနေနဲ့ ဘယ်သူ့ကိုမှ တမင် ပစ်မှတ်ထား မတိုက်ဘူးလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ်ထဲကို မော်တာကျည်ဆံ တလုံး၊ နှစ်လုံး မှားကျသွားတယ်လို့ ပြောတယ်။ ကျနော်တို့က သူတို့ကို ဆင့်ခေါ်ပြောတော့ သူတို့ဘက်က ဂရုစိုက်ပါမယ်လို့ အာမခံချက်ပေးတယ်” ဟု ပြောသည်။
နယ်စပ်ကိုပိတ်ထားပြီး မည်သူကိုမျှ ဝင်ခွင့်ပေးမည် မဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
(ဒါကာမှ ဧရာဝတီ သတင်းထောက် Muktadir Rashid ပေးပို့သော Bangladesh Army Chief Says ‘Ready to Respond’ if Cross-Border Shelling From Myanmar Continues သတင်းကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ
ဘင်္ဂလားဒေ့ရှ်နယ်စပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာသံအမတ်ကို ဆင့်ခေါ်
ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီစခန်း AA သိမ်းပိုက်
AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်