ရုရှားနိုင်ငံသည် Sukhoi SU-30SM ဂျက်တိုက်လေယာဉ်သစ်များကို မြန်မာတွင် အရပ်သားများနှင့် ခုခံတော်လှန်ရေးအင်အားစုများအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီထံ မကြာမီ ပေးပို့တော့မည်ဖြစ်သောကြောင့် မြန်မာတွင် အရပ်သား သေဆုံးမှု ပိုမိုမြင့်မားလာဖွယ်ရှိနေသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုလအတွင်း ရုရှားသို့ သွားရောက်စဉ် Irkustsk လေယာဉ် စက်ရုံသို့သွားရောက်ပြီး လေယာဉ်များ ထုတ်လုပ်စမ်းသပ်ပုံကို ကိုယ်တိုင်သွားကြည့်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း အင်္ဂါနေ့တွင် ပြောသည်။
“မှာထားတဲ့လေယာဉ် အားလုံးကို မကြာခင် ပို့ပေးတော့မယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသည်။
ရုရှားသည် ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် ဒေါ်လာ ၂၀၄ သန်းတန် စာချုပ်အရ မြန်မာအတွက် ဂျက်တိုက်လေယာဉ် ၆ စီးကို တပ်ဆင်ပေးနေသည်။
ထိုလေယာဉ်များအနက် ပထမဆုံး ၂ စီးကို ယခုနှစ် မတ်လက ပေးပို့ခဲ့သောကြောင့် ကျန် ၄ စီးကို မကြာမီ ပေးပို့မည်ဖြစ်သည်။
မြန်မာစစ်တပ်သည် ရုရှားစစ်လက်နက်ပစ္စည်း ဖောက်သည်ဖြစ်နေသည်မှာ အတန်ကြာပြီဖြစ်သည်။ သွေးချောင်းစီး ဖြိုခွဲမှုများဖြစ်စေပြီး လက်ရှိအချိန်အထိ လူ ၂,၀၀၀ ကျော်သေဆုံးစေသည့် လွန်ခဲ့သောနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် သူနှင့် သူ၏ စစ်ကောင်စီကို နိုင်ငံအများစုက ဝိုင်းကျဉ်ထားသောကြောင့် ရုရှားသည် စကစခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်လည်ပတ်နိုင်သည့် နိုင်ငံအနည်းငယ်အနက် တနိုင်ငံဖြစ်သည်။
စကစခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်တွင် ရုရှားသို့ ၃ ကြိမ် သွားရောက်လည်ပတ်ခဲ့ပြီး ရုရှာလက်နက်များကို လွန်စွာနှစ်သက်သူဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသူ ဖြစ်သည်။
ရုရှားသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အကြား မြန်မာသို့ အမေရိကန်ဒေါ်လာ ၂၄၇ သန်းတန်သည့် လက်နက်များကို ရောင်းချခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျုက ဖော်ပြထားသည်။
မြန်မာစစ်တပ်က ဝယ်ယူထားသည့် ရုရှားစစ်လက်နက်ပစ္စည်းများတွင် MiG-29 ဂျက်တိုက်လေယာဉ်များ၊ Yak-130 တိုက်ခိုက်ရေးနှင့် အမောင်းသင်လေယာဉ်များ၊ Mi-17, Mi-24 နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အခြားလက်နက်များလည်း ပါဝင်သည်။
လွန်ခဲ့သောအပတ် သောကြာနေ့တွင် စစ်ကိုင်းတိုင်းမှ ဘုန်းကြီးကျောင်းတခုအတွင်းရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် အသက် ၇ နှစ်အရွယ်အထိ ငယ်ရွယ်သူများ အပါအဝင် ကလေး ၁၁ ဦးသေဆုံးပြီးချိန်တွင် စစ်လေယာဉ်သစ်များကို ရုရှားက မြန်မာသို့ မကြာမီ ပေးပို့တော့မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
ရုရှားလုပ် MI-35 ရဟတ်ယာဉ်များက ထိုစာသင်ကျောင်းကို ပစ်ခတ်ကြောင်း မျက်မြင်သက်သေများက ပြောသော်လည်း စစ်ကောင်စီက ထိုကျောင်းတွင် ခုခံတိုက်ခိုက်ရေးသမားများကို ခိုလှုံခွင့်ပြုထားကြောင်းပြောကာ ဒေသခံများ၏ စွပ်စွဲချက်များကို ငြင်းဆန်သည်။
၂၀၂၂ ခုနှစ် ပထမ သုံးလအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကယားနှင့် ကရင်ပြည်နယ်များမှ ကျေးရွာများနှင့် ဒုက္ခသည် စခန်းများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က မှတ်တမ်းတင်ထားသည်။ ထိုတိုက်ခိုက်မှုများတွင် အရပ်သား ၉ ဦး သေဆုံးပြီး အခြားသူ အနည်းဆုံး ၉ ဦးဒဏ်ရာရကာ အိမ်များ၊ ဘာသာရေးအဆောက်အအုံများ ပျက်စီးသည်။ ထိုသို့ မှတ်တမ်းတင်ထားသည့် တိုက်ခိုက်မှု အားလုံးနီးပါးတွင် အရပ်သားများသာ ရှိနေသော နေရာများကို တိုက်ခိုက်ခြင်းဖြစ်သည်။
မြေပြင်တပ်များသည် ရှုံးနိမ့်မှုများ၊ ဘက်ပြောင်းမှုများကို အကြီးအကျယ် ရင်ဆိုင်နေရသောကြောင့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အားကိုးနေရချိန်တွင် SU-30M လေယာဉ်သစ်များ ရောက်ရှိမည့်သတင်း ထွက်လာခြင်းဖြစ်သည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအနောက်ပိုင်းမှ ရက္ခိုင့်တပ်တော် (AA) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင်လည်း လေကြောင်း ပစ်ကူများကို အသုံးပြုသည်။ စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှ ဒေသများကို ထိန်းချုပ်နိုင်ရေးအတွက် အကြီးအကျယ် ရုန်းကန်နေရသည်။
စစ်ကောင်စီထံသို့ လက်နက်နှင့်ငွေကြေး မရောက်အောင် တားဆီးရေးအတွက် ပိုမိုလုပ်ဆောင်ရန်၊ ကုလသမဂ္ဂအဖွဲ့ဝင်များ အနေဖြင့် မြန်မာသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သောကြာနေ့တွင် နိုင်ငံများကို တောင်းဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် အခြား အနောက် ဒီမိုကရေစီနိုင်ငံများက စစ်ကောင်စီကို ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသော်လည်း ရုရှားနှင့် တရုတ်ကဲ့သို့သော နိုင်ငံများသည် စစ်ကောင်စီထံ လက်နက်များ ဆက်လက် ရောင်းချနေသည်။
ရုရှားသည် မြန်မာသို့ ဂျက်တိုက်လေယာဉ်များနှင့် သံချပ်ကာယာဉ်များကို ဆက်လက် ရောင်းချနေချိန်တွင် တရုတ်ကလည်း စစ်ကောင်စီထံ တိုက်လေယာဉ်နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များ ရောင်းချပေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ သောကြာနေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆာဘီးယားကဲ့သို့သော အခြားနိုင်ငံများက မြန်မာသို့ ဒုံးကျည်များနှင့် အမြောက်ဆံများရောင်းပြီ အိန္ဒိယက လေကြောင်းကာကွယ်ရေး စခန်းတခု ထောက်ပံ့ထားသည်။
You may also like these stories:
သားသတ်သမား မြန်မာနှင့် ရုရှားတို့၏ အထီးကျန်တွေ့ဆုံပွဲ
ခရုဇ်ဒုံးကျည် မြန်မာကို ရောင်းရန် ရုရှားကြိုးစားနေ
SU-30 ဂျက်တိုက်လေယာဉ် နှစ်စီး စစ်ကောင်စီထံ ရုရှား ပေးပို့ထား
ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်
—