ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ထိန်းသိမ်းခံထားရသည့် Miss Grand International အလှမယ် ဟန်လေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူများက ယနေ့တွေ့ဆုံပြီး လက်ရှိအခြေအနေမှ အမြန်ဆုံးလွတ်မြောက်ရေး လုပ်ဆောင်နေကြောင်း ပြောသည်။
အလှမယ် ဟန်လေးက “ထိုင်းလူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတွေနဲ့ အတူတူ UNHCR က လာတွေ့တယ်။ သူတို့ ဘက်ကတော့ တတ်နိုင်သလောက် အမြန်ဆုံး ဒီအခြေအနေကနေ ကယ်ထုတ်နိုင်ဖို့ လုပ်နေတယ်ပြောတယ်။ ပတ်စ်ပို့ က ရုတ်သိမ်းခံလိုက်ရပြီ ဘယ်နိုင်ငံမှလည်း သွားလို့မရဘူးဆိုတော့ ထွက်လို့မရဘူး။ လေဆိပ်မှာ ပတ်စ်ပို့မရှိဘဲ နေ နေတဲ့ နိုင်ငံသားလို ဖြစ်နေတော့ သူတို့ဘက်က အတတ်နိုင်ဆုံး မြန်အောင် လုပ်ပေးမယ်။ အဲဒီအတွက်လည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ အစိုးရကို တောင်းဆိုထားတယ်။ ကျမကို ဒီမှာ လုံခြုံအောင်ထားပေးဖို့ရယ်၊ လုံခြုံရေးပေးထားဖို့ ရယ်။ ထိုင်းဘက်ကလည်း အာမခံပေးထားတယ်။ ဘယ်သူမှ နှောင့်ယှက်လို့ မရအောင်” ဟု ဆိုသည်။
ယင်းကာလ မည်မျှထိကြာမည်ကိုမူ မသိရသေးဘဲ တခြားနိုင်ငံတခုသို့ ခိုလှုံခွင့်ရရှိရန် အဆင်ပြေသည်အထိ စောင့် ဆိုင်းရမည် ဖြစ်ကြောင်း ဟန်လေးက ပြောသည်။
ယမန်နေ့ညက သုဝဏ္ဏဘူမိလေဆိပ်တွင် မြန်မာစစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဘက်က လာရောက်၍ တွေ့ဆုံခွင့်ရရန် ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှတဆင့် ဆက်သွယ်လာခဲ့ရာ ဟန်လေးက ငြင်းဆိုခဲ့ကြောင်းလည်း ဆိုသည်။
လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဟန်လေးက “အခု ဟန်လေး လုံခြုံတဲ့နေရာမှာ ရှိနေတယ်။ အကာအကွယ်လည်း ရတယ်။ စိတ်မပူကြပါနဲ့လို့။ ဟန်လေး အဆင်ပြေမှာပါ။ အရင်ကတည်းက စိတ်ကို ခိုင်ခိုင်မာမာထားထားတဲ့သူဆိုတော့ အခုထိလည်း သန်မာနေပါတယ်။ ယုံကြည်ထားတာတွေ၊ မှန်တဲ့ဘက်က ရပ်တည်ခဲ့တာတွေလည်း ဘယ်တော့မှ မပြောင်းလဲပါဘူး။ အခုလို ကာကွယ်မှုတွေရလို့လည်း ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
စက်တင်ဘာ ၁၈ ရက်တွင် အလှမယ်ဟန်လေးသည် ဗီဇာကိစ္စအတွက် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက် သုဝဏ္ဏဘူမိလေဆိပ်ကို ပြန်လည်ရောက်ရှိလာချိန်၌ ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။
ထိုသို့ ထိန်းသိမ်းခံရပြီးနောက် အကူအညီပေးရန် UNHCR သို့ တောင်းဆိုရာ ၎င်းတို့က ထိုင်းနိုင်ငံ အနေဖြင့် မြန်မာ ပြည်ဘက်သို့ ပြန်ပို့မည် မဟုတ်ကြောင်း ကတိပြုထားသည်ဟု ပြောဆိုခဲ့သလို ယနေ့တွင် UNHCR မှ တာဝန်ရှိသူများ က ဟန်လေးအား လာရောက် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာအလှမယ်ဟန်လေးသည် ၂၀၂၁ မတ် ၂၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် “Miss Grand International 2020” ပြိုင်ပွဲစင်မြင့်ထက်မှတဆင့် “Stop the War & Violence” ခေါင်းစဉ်ဖြင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာစစ်အာဏာရှင်၏ အကြမ်းဖက်မှု အခြေအနေများအား ကမ္ဘာကသိစေရန် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အတွက် အာဏာသိမ်း စစ်ကောင်စီက အလှမယ်ဟန်လေးအား နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲ ဆိုထားသည်။
You may also like these stories:
မြန်မာအလှမယ် ဟန်လေး ဘာကြောင့် ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံနေရသလဲ
အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်
ကုလသမဂ္ဂထံ အကူအညီ တောင်းခံလိုက်တဲ့ မြန်မာ့အလှမယ် ဟန်လေး