ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်နှင့် ရှမ်းပြည်နယ်အလယ်ပိုင်း ကျေးသီးမြို့နယ်တို့တွင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်တို့ တိုက်ပွဲဖြစ်ပွား ကြောင်း SSPP ဘက်ကသတင်းထုတ်ပြန်သည်။
SSPP သည် စစ်ကောင်စီတပ်နှင့် မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်ပြီး RCSS တပ်ဖွဲ့ဝင်များနှင့်လည်း ကျေးသီးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲ ဖြစ်ထားသည်။
SSPP သည် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် မိုးမိတ်မြို့၏ အရှေ့ဘက် ဟွေခမ်းတောင်တန်းတွင် စက်တင်ဘာလ ၁၇ ရက်နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ရှမ်းဘာသာဖြင့် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်မှ အမှတ် (၂၇၆) ၊ (၃၄၈) နှင့် (၂၂၃) စသည့် တပ်ရင်းများသည် အင်အား ၈၀ ခန့်ဖြင့် ဝမ်အုံကျေးရွာမြောက်ဘက် ၁ မိုင်အကွာရှိ ဟွေခမ်းတောင်တန်းသို့ စစ်ကြောင်းထိုးလာသဖြင့် SSPP ဘက်က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂ ရက်တာဖြစ်ပွားသည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၅ ဦး အနည်းဆုံး ဒဏ်ရာရကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိုးမိတ်မြို့နယ်ထဲရှိ SSPP တပ်ဖွဲ့ဝင်များအား စစ်ကောင်စီဘက်က တပ်ဆုတ်ရန်တောင်းဆိုမှုကို SSPP ဘက်က လက်မခံသဖြင့် စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကြောင်း SSPP ဆိုထားသည်။
တိုက်ပွဲအခြေအနေကို ပိုမိုသိရှိရန် SSPP ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များဖြစ်သည့် ဗိုလ်မှူးကြီး စဝ်ဆုနှင့် ဗိုလ်မှူး စိုင်းဖုန်းဟန်အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် ဖြစ်စဉ် အသေးစိတ်ဖော်ပြနိုင်ခြင်းမရှိသေးပါ။
သို့သော်လည်း SSPP ၏ကြေညာချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် SSPP တပ်ဖွဲ့ဝင်များသည် ၂ ဖက်ဆိုင်ထားသည့် အခြေအနေရှိပြီး စစ်ရေးတင်းမာနေကြောင်း ရေးသားထားသည်။
RCSS တပ်ဖွဲ့နှင့်မူ SSPP သည် စက်တင်ဘာလ ၂၁ ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ SSPP ဌာနချုပ် ဝမ်ဟိုင်းရှိရာ ကျေးသီးမြို့နယ်၏ တောင်ဘက် မိုင်းယန်းကျေးရွာအနီး နမ့်တောင်းချောင်းကူးတံတားတွင် SSPP နှင့် RCSS တပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း SSPP ဘက်က ကြေညာသည်။
လဲချား – မိုင်းနောင် မြို့သွား ကားလမ်းအနောက်ဘက်တွင် လှုပ်ရှားနေသော RCSS တပ်ဖွဲ့ဝင် ၂၀ သည် SSPP တပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ၂ ဖက်ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဖော်ပြထားသည်။
ယင်းနောက်တွင် RCSS တပ်ဖွဲ့ဝင်များသည် လဲချား – မိုင်းနောင် ကားလမ်းအနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း SSPP က ဆိုသည်။
RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံကမူ ကျေးသီးမြို့နယ်တွင် SSPP နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ SSPP တပ်ဖွဲ့ဝင်များသည် RCSS တပ်ဖွဲ့ဝင်များလှုပ်ရှားနေသည့် နယ်မြေအတွင်း အင်အားတိုးဝင်လာခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့က RCSS နယ်ထဲ ဖြန့်ကျက်ဝင်လာတယ်။ တိုက်ပွဲဖြစ်သယောင် ထုတ်ပြန်ပြီး ဆင်ခြေပေးနိုင်ဖို့ပါ။ သူတို့ က လဲချားဘက်ထိ အင်အားဖြည့်လှုပ်ရှားလာတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေချလှုပ်ရှားသည့် RCSS တပ်များကို SSPP တပ်များက က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် UWSA တပ်များ၏ အကူအညီယူကာ တောင်ပိုင်းဒေသသို့ အပြီးတွန်းထုတ်ပြီးနောက် RCSS တပ်ဖွဲ့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန် ထိတွေ့တိုက်ပွဲဖြစ်လာခြင်းဖြစ်သည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ SSPP သည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပါက ရှမ်းပြည်နယ်ရှိ SSPP တပ်ဖွဲ့ဝင်များရှိသော အခြားနေရာများတွင်ပါ သေနတ်ပေါက်နိုင်ကြောင်း မှတ်ချက်ပြုထားသည်။
SSPP နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာမှုသည် မိုးမိတ်မြို့နယ်၌သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ မိုင်းရှူးမြို့နယ် မြောက်ဘက် လွယ်နိုင်းဒေသနှင့် ပင်လုံမြို့နယ် ဆနင်းတောင်ကြောတို့တွင်လည်း ဖြစ်ပွားခဲ့သည်။
ကျေးသီးမြို့နယ်တွင် ဖြစ်သည့် တိုက်ပွဲသည် RCSS တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်မြောက်ပိုင်းသို့ အဖွဲ့ငယ်များခွဲကာ ဝင်ရောက်နိုင်ရေး ကြိုးပမ်းလာသဖြင့် SSPP တပ်ဖွဲ့ဝင်များနှင့်ဆုံကာ ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း တိုင်းရင်းသား အရေး စောင့်ကြည့်သူက ဆိုသည်။
အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူတဦးကလည်း RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့ ဆုတ်ခွာခဲ့ရာ နေရာဟောင်းများအား ပြန်လည်ဝင်ရောက်နိုင်ရေး လှုပ်ရှားလာခြင်းဖြစ်ကြောင်း သုံးသပ်သည်။
၎င်းက “အဲဒီအခြေအနေက စစ်ကောင်စီနဲ့ RCSS ကြားထဲနားလည်မှုယူထားတဲ့ လှုပ်ရှားမှုလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဌတို့ တွေ့ဆုံခဲ့တာရှိတယ်။ အဲဒီမှာ စစ်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာတွေလည်း ရှိတယ်ဆိုတော့ ဘာတွေတောင်းဆိုသလဲ အသေးစိတ်တော့မသိရဘူးပေါ့။ ဒါပေမယ့်
SSPP နဲ့ RCSS ပဋိပက္ခဖြစ်နေတဲ့ ကိစ္စကိုတော့ စစ်ကောင်စီက သဘောကျမယ့်သဘောတော့ရှိပါတယ်။ အဲဒီဒေသကို ပြန်ဝင်ဖို့ RCSS ကို စစ်ကောင်စီက လွှတ်ပေးမယ်ထင်ပါတယ်။ သူတို့ကိုယ်တိုင် ရှင်းမယ့်အစားပေါ့။ အဲဒီဘက်မှာက UWSA (ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်) က SSPP ကို ကျောထောက်နောက်ခံ ပေးထားတာရှိတယ်။ RCSS ရဲ့ လှုပ်ရှားမှု အရမ်းကြီးလာရင်တော့ UWSA က ငြိမ်နေမှာ မဟုတ်ဘူး” ဟု ဆိုသည်။
SSPP သည် ရှမ်းပြည်နယ်တောင်ပိုင်း (သို့မဟုတ်) အလယ်ပိုင်းဟုခေါ်သော မိုင်းရှူးမြို့နယ် ဝမ်ဟိုင်းတွင် ဌာနချုပ်တည်ထားပြီး RCSS သည် ထိုင်း-မြန်မာနယ်စပ်ရှိ လွယ်တိုင်းလျှန်းတွင် ဌာနချုပ်တည်ထားသည်။
RCSS သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး SSPP က လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ SSPP သည် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့စုဖွဲ့ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ (FPNCC) တွင် ပါဝင်ထားပြီး RCSS သည် အပစ်ရပ် EAO များ အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရန် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ပါဝင်သည်။
လက်ရှိအချိန်အထိ တွေ့ဆုံဆွေးနွေးမှုများမလုပ်နိုင်သေးသည့် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သော SSPP နှင့် RCSS တို့သည် ၎င်းတို့အချင်းချင်း မသင့်မြတ်ကြသော်လည်း အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင် တက်ရောက်ဆွေးနွေးထားကြသည်။