ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှု သံသယများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာစစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်နှင့် ပတ်သက်မှု မရှိကြောင်း ထိုင်းနိုင်ငံ၏ အထက်လွှတ်တော်အမတ် တဦးဖြစ်သူ မစ္စတာ ဥပကစ် ပချာရိယန်ကွန်က ငြင်းဆိုလိုက်သည်ဟု ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းအရ သိရသည်။
မစ္စတာ ဥပကစ် က ဒေါက်တာထွန်းမင်းလတ်နှင့် ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သော တာချီလိတ်မြို့ လျှပ်စစ်မီးပေး ဝေရေးလုပ်ငန်း လုပ်ကိုင်မှု၌သာ သိခဲ့ပြီး တခြား မည်သည့်လုပ်ငန်းနှင့်မျှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောဆိုထား သည်။ မစ္စတာ ဥပကစ်သည် တာချီလိတ်မြို့ တွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်လျက် ရှိကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနက ဆိုထားသည်။
မြန်မာ့စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ တင်သွင်းပေးသူတဦး ဖြစ်သည့် Star Sapphire Group လုပ်ငန်းစုပိုင်ရှင် ဒေါက်တာထွန်းမင်းလတ် အပါအဝင် ထိုင်း ၃ ဦးကို မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်ပြီး ဖမ်းဆီးထားခြင်းဖြစ်ပြီး ဘတ်သန်း ၂၀၀ ကျော်ရှိ ပိုင်ဆိုင်မှုများကိုလည်း ထိန်းသိမ်းထားကြောင်းနှင့် နောက်ကြောင်းလိုက် စုံစမ်းမည် ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်နေဆဲ ဖြစ်ခြင်းကြောင့် တခြားသော အသေးစိတ် အချက်အလက်များကို ထုတ်ဖော်မပြောနိုင်သေးကြောင်း ထိုင်း အခြေစိုက် သတင်းဌာနများသို့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ တဦးက ပြောထားသည်။
မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်ဖော်ထုတ်နေသည့် Justice For Myanmar ကမူ စစ်လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်နှင့် မစ္စတာ ဥပကစ် ပချာရိယန်ကွန်တို့ ပူးပေါင်းတည်ထောင်ထားသော ထိုင်း-မြန်မာဖက်စပ်လုပ်ငန်းစု Allure Group မှတဆင့် ငွေကြေးခဝါချမှုများ ကျူးလွန်နေ သည်ဟု ဆိုသည်။
Allure လုပ်ငန်းစုသည် ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သော တာချီလိတ်မြို့ကို လျှပ်စစ်ဓာတ်အား ရောင်းချပေးနေသည့် ကုမ္ပဏီဖြစ်ပြီး တာချီလိတ်မြို့ရှိ မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံးက ပိုင်ဆိုင်သော မြေပေါ်၌ ကာစီနိုလုပ်ငန်းလည်း လုပ်ကိုင်လျက် ရှိသည်။
ထိုင်းလွှတ်တော်အမတ် က Allure ကုမ္ပဏီ၌ ရယူထားသော ၎င်း၏ ရာထူးနေရာကို ၂၀၁၉ တွင် ၎င်း၏ သားမက်ဖြစ်သူ Mr. Dean Young Gultula ကို အစားထိုးခဲ့ပြီးနောက် ၂၀၂၂ ဇွန်လတွင်မူ သားမက်ဖြစ်သူကလည်း ထိုကုမ္ပဏီမှ နုတ်ထွက်ခဲ့ကြောင်း Justice For Myanmar ထံမှ သိရသည်။
ဒေါက်တာထွန်းမင်းလတ်နှင့် ပူးပေါင်းလုပ်ကိုင်သည့် ဟိုတယ်လုပ်ငန်းနှင့် ပတ်သက်၍ ထိုင်းအဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ကို အစီရင်ခံပြီး ဖြစ်သလို ထိုလုပ်ငန်းမှလည်း ၂၀၁၅ မှစပြီး ပါဝင်ခြင်း မရှိတော့ကြောင်း မစ္စတာ ဥပကစ် ပချာရိယန်ကွန်က ဘန်ကောက်ပိုစ့်သို့ ပြောဆိုထားသည်။
ဒေါက်တာထွန်းမင်းလတ်၏ Star Sapphire လုပ်ငန်းစုသည် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည့်အပြင် မြန်မာ့လေတပ်အတွက်လည်း လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် အသုံးအဆောင်များကို တင်သွင်းခွင့်နေရသော ကုမ္ပဏီ ဖြစ်သည်။
အဓိကအားဖြင့် ၎င်းသည် အစ္စရေးလုပ် ကင်းထောက်ဒရုန်းများ၊ လေယာဉ်များအတွက် အထောက်အပံ့ပစ္စည်းများနှင့် အပိုပစ္စည်းများကို တင်သွင်းပေးနေသူ ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်တွင် UK က ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်သော Star Sapphire Group သည် မြန်မာ စစ်တပ်အတွက် လက်နက်ရောင်းဝယ်ရေးများ ကြားခံပွဲစားအဖြစ် လုပ်ကိုင်ပေးနေသလို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို အထောက်အကူ ဖြစ်စေသည့် ငွေကြေးပံ့ပိုးမှုများ ရှိခဲ့သောကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။
ဒေါက်တာထွန်းမင်းလတ်ကို ထိုင်းနိုင်ငံက ဖမ်းဆီးခဲ့ပြီးနောက် မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်း အခြေစိုက် သည့် ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ တာချီလိတ်ဒေသမှ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုများအား တားဆီးရန် အထူးသဖြင့် မယ်ဆိုင်ခရိုင်တွင် နယ်စပ်စောင့်ကြည့်ရေး အရှိန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ
မြန်မာအလှမယ် ဟန်လေး ဘာကြောင့် ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံနေရသလဲ
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သချိုင်္င်းများ ယူကရိန်း ရှာတွေ့
အူရီဒူးမြန်မာ ပိုင်ရှင်အသစ်၏ နောက်ကွယ်မှ လက်များ