ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတချို့ အော်ဒါမရသဖြင့် ယခုလအတွင်း ယာယီရပ်နားမှုများ ရှိလာကြောင်းနှင့် ကိုယ်ပိုင်အော်ဒါရှိသည့် စက်ရုံကြီးများမှာလည်း အမှာစာ လျော့နည်းလာသောကြောင့် အချိန်ပို မရှိတော့သည့် အခြေအနေများ ဖြစ်လာကြောင်း အထည်ချုပ်စက်ရုံပိုင်ရှင်များထံမှ သိရသည်။
ထိုသို့ အော်ဒါအမှာများ လျော့ကျလာမှုအပြင် အာဏာသိမ်း စစ်ကောင်စီ၏ ပို့ကုန်ရငွေ (ဒေါ်လာ) ကို သတ်မှတ်ဈေး ဖြင့် ဖြတ်တောက်ခြင်း၊ လျှပ်စစ်မီးရရှိမှု မမှန်သဖြင့် ကုန်ကျစရိတ်များ ယခင်ထက် ပိုများလာခြင်း၊ အထွေထွေကုန်ကျ စရိတ်များ ကြီးမားလာခြင်း စသည့် အချက်များလည်း ပါဝင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် စက်ရုံပေါင်း ၇၀၀ ကျော် ရှိသည့်အနက် ပို့ကုန်သွင်းကုန် အဓိက လုပ်နေသော အထည်ချုပ်စက်ရုံ ၃၅၀ မှ ၄၀၀ နီးပါး ရှိကြောင်း၊ လက်ရှိတွင် ပြည်ပနှင့် တိုက်ရိုက်လုပ်နေသော စက်ရုံ များထဲမှ ရုံပေါင်း ၁၀၀ ကျော် လျော့နည်းသွားကြောင်း ယင်းအသင်း တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ဒီတနှစ်အတွင်းမှာကို အကြောင်းအမျိုးမျိုးကြောင့် ရပ်နားတာ ရှိတယ်။ စက်ရုံပေါင်း ၁၀၀ ကျော်နဲ့ ၂၀၀ လောက် ရှိတယ်။ အော်ဒါမရတာလည်း ပါတယ်။ တခြားငွေရေးကြေးရေး အနေအထားလည်း နှစ်စဉ် စက်တင်ဘာလ ကတော့ အပ်ထည်အမှာ လျော့တတ်တယ်။ ဒီနှစ်ကတော့ အပ်ထည်အမှာ ပိုလျော့တယ်” ဟု ဆိုသည်။
ယခုအချိန်သည် အထည်ချုပ်စက်ရုံအများစုမှာ ဆောင်းရာသီအပ်ထည် အမှာစာများအတွက် ချုပ်လုပ်ပြီးသွားပြီ ဖြစ်သဖြင့် အီးယူ၊ ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံများက မှာယူသည့် နွေဦးအပ်ထည် အော်ဒါအမှာစာများကို စောင့်ရ ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံပိုင်ရှင် တဦးကလည်း “ကျနော်တို့ တော်တော်များများ စက်ရုံတွေက အခု အိုတီ (အချိန်ပို) မရှိတဲ့ အနေအထား ဖြစ်နေပြီ။ ရပ်တဲ့ရုံတွေက တခြားအကြောင်းလည်း ရှိမှာပေါ့နော်။ တဆင့်ခံ ယူချုပ်တဲ့ စက်ရုံတွေတော့ ပိတ်နိုင်တယ်။ နွေဦးအပ်ထည်ကျတာတော့ အကုန်လုံးပဲ။ အီးယူက အများဆုံး မှာယူတာ။ ခါတိုင်းလည်း ဒီအချိန်က အော်ဒါအမှာ ကျတတ်ပေမယ့် အခု ပိုပြီးတော့ကျတာ များတယ်။ အီးယူအော်ဒါ နည်းသွား တဲ့သဘောမှာ ရှိတယ်” ဟု ဆိုသည်။

ထို့ကြောင့် တဆင့်ခံအော်ဒါ ယူချုပ်သည့်စက်ရုံများက အော်ဒါအမှာ မရှိသဖြင့် ပိတ်သိမ်းရမည့် အခြေအနေများ ဖြစ် လာသလို ကိုယ်ပိုင်အော်ဒါ အပ်ထည်ရှိသော အထည်ချုပ်စက်ရုံကြီး အများစုကလည်း အိုတီနည်းပါးသည့် အခြေ အနေနှင့် ရင်ဆိုင်နေရကြောင်း၊ ယခင်နှစ်က အော်ဒါကျဆင်းမှု ၂၀ ရာခိုင်နှုန်းဆိုပါက ယခုနှစ်တွင် ၄၀ ရာခိုင်နှုန်း ဖြစ်နေကြောင်း ၎င်းက ပြောသည်။
တချို့ တဆင့်ခံစက်ရုံများမှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းထံ စာရင်းပေးသွင်းခြင်း မရှိသဖြင့် ပိတ် သိမ်း၍ သတင်းစာထဲ ကြေညာမှသာ သိရသဖြင့် ပိတ်သိမ်းသည့် စက်ရုံအရေအတွက် ယခုထက် ပိုများနိုင်သည်ဟု လည်း လုပ်ငန်းရှင်များက ဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ နှင့် နိုင်ငံရေး အခြေအနေများကြောင့် အထည်ချုပ် အပါအဝင် စက်ရုံ၊ အလုပ်ရုံ ၃၀၀ ခန့် ရပ်ဆိုင်းခဲ့ပြီး အလုပ်သမား ၁ သိန်းကျော် အလုပ်ရပ်နားခဲ့ရသော်လည်း စစ်အာဏာသိမ်းပြီး ၂၀၂၁ မှ ယခုနှစ် ဇူလိုင်လထိ စက်ရုံသစ် ၁၁၄ ရုံ ဖွင့်လှစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သော အစည်းအဝေးတခုတွင် ပြောဆိုထားသည်။
သို့သော် ယခု ရက်ပိုင်းအတွင်းမှာပင် ရွှေပြည်သာမြို့နယ်ရှိ မြန်မာနိုင်ငံသား အမည်ပေါက် Yi Cai အထည်ချုပ်စက်ရုံ သည် အော်ဒါပြတ်လပ်မှု အခက်အခဲများ ရှိလာသည့်အတွက် စက်ရုံကို အောက်တိုဘာ ၁ ရက်မှ စတင်ပြီး ၂ လတာ ယာယီ ရပ်နားမည် ဖြစ်ကြောင်း ယင်းစက်ရုံက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စက်ရုံသည် လက်ရှိ လုပ်သားအင်အား ၃၀၀ ကျော်ရှိပြီး ၂၀၂၂ ဇန်နဝါရီ ၆ ရက်တွင် ရန်ကုန်မြို့၊ ရွှေပြည်သာ စက်မှုဇုန် ၁ ၌ လုပ်ငန်း စတင်လည်ပတ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ကလည်း မြန်မာနိုင်ငံသည် စစ်တပ်အာဏာ သိမ်းပြီးနောက် ပိုင်း ၁၈ လအကြာနှင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုများကြား အလုပ်အကိုင်များ ဆုံးရှုံးလာပြီး စစ်အာဏာ မသိမ်းခင် ၂၀၂၀ နှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင် ၁ ဒသမ ၁ သန်း နည်းပါးသွားကြောင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ထုတ်ပြန်ထားသည်။