တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရသော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းတာဝန်ကျသည့် ပညာရေး ဝန်ထမ်းများကို ခရိုင်ပညာရေးမှူး ရုံးက ဖိအာပေးကာ ပြန်လည်ခေါ်ယူနေကြောင်း ကာယကံရှင် ဆရာ၊ ဆရာမများက ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဩဂုတ်လဆန်းပိုင်းကတည်းက AA နှင့်စစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ယင်းမြို့နယ်မှ ဆရာ/မများမှာ တိမ်းရှောင်ထွက်ပြေးခဲ့ရကာ မောင်တောမြို့အပါအဝင် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည့်ဖြင့် ဆွေမျိုးမိသားစုများရှိရာသို့ ထွက်ပြေးရောက်ရှိနေသည်။
ခရိုင်ပညာရေးမှူးကတော့ ကျောင်းအုပ်ဆရာကြီးများမှတဆင့် မောင်တောမြို့နယ်အတွင်းတာဝန်ကျသည့်ဆရာ/မများ အနေဖြင့် မိမိ တာဝန်ကျရာ မောင်တော မြို့နယ်အတွင်းသို့ လာရောက်ခြင်းမရှိပါက လစာလုံးဝ ထုတ်ပေးမည် မဟုတ်ကြောင်း ဖိအားပေး ပြောဆိုထားကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာကြီးတဦးက “ခရိုင်ပညာရေးမှူးက ကျနော်တို့ ကျောင်းအုပ်ဆရာကြီးတွေကို ဖုန်းဆက်တာရှိတယ်။ ဆရာ/မတွေကို ပြန်ခေါ်ပြီးတော့ မြို့ပေါ် ရပ်ကွက်တွေမှာရှိတဲ့ ကျောင်းတွေမှာ တွဲပေးတယ်။ အဲဒီမှာ ကျောင်းတက်။ တကယ်လို့ မြို့ပေါ်မှာ တွဲထားတဲ့ ကျောင်းတွေကို မလာရင် မိမိတာဝန်ကျတဲ့ ရွာတွေ သွားပေါ့။ အခုအများစုက တခြားကျောက်တော်၊ မြောက်ဦး ၊ စစ်တွေကို ထွက်ပြေး ရောက်သွားပြီး ပြန်လာဖို့ကလည်း ကုန်းလမ်းရော၊ ရေလမ်းရော ပိတ်ထားတယ်။ သူတို့ ဌာနလူကြီးတွေ က ပြန်လာဖို့ ကားတွေ၊ စက်လှေတွေ စီးစဉ်ပေးတာလည်း မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ် မြောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့၏ သြဂုတ်ဆန်းပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ယင်းဒေသရှိ ခမောင်းဆိပ်ကျေးရွာ၊ ဖားဝပ်ချောင်းကျေးရွာ၊ င/ခူရ ကျေးရွာ၊ လိပ်ရ၊ မင်္ဂလားညွန့်၊ တရိန်းကျေးရွာ၊ မြဝတီကျေးရွာ စသည့် ကျေးရွာများမှ ရွာသူရွာသားများမှာ ထွက်ပြေးနေရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရသည်။
မောင်တောမြို့နယ်အတွင်း ပညာရေးဝန်ထမ်း အင်အား ၁၆၀၀ ကျော်ရှိပြီး အများစုမှာ တိုက်ပွဲကြောင့် ဆွေးမျိုသားချင်းများ ရှိရာသို့ တိမ်းရှောင်ထွက်ပြေးသွားကြသလို မြို့ပေါ်တွင် ဆရာ/မ တချို့သာ ကျန်နေခဲ့ကြောင်း မောင်တောမြို့နယ်အတွင်း တာဝန်ကျနေသည့် ဆရာ/မ များကပြောသည်။
မောင်တောမြို့ပေါ်တွင် ခိုလှုံနေသည့်ဆရာမဦးက “တိုက်ပွဲဖြစ်တဲ့ အချိန် သြဂုတ်လ ၂၈ နဲ့ ၂၉ နှစ်ရက်လောက်က ကြိမ်ချောင်းစစ်ဆေးရေး ဂိတ်ကို ဖွင့်ပေးလို့ ထွက်ပြေးလို့ ရလိုက်တာ။ တချို့ရွာ သားတွေနဲ့အတူတူ ပိတ်မိပြီး ကျန်နေခဲ့တဲ့ ဆရာတွေကလည်းရှိတယ်။ မြို့ပေါ်မှာတော့ အခု ဆရာ/မ ၆၀၀ လောက်တော့ရှိမယ်ထင်တယ်။ မြို့ပေါ်မှာလည်း အခန်းလေး တခန်းကိုတောင် ၁၈၀၀၀ လောက်ပေးပြီး ကျမတို့ စုပြီးတော့ ငှားနေရတယ်။ ကုန်စျေးနှုန်းတက်တာနဲ့ဆို လစာနှစ်ဆမှာ အခု ၃ ဆ လောက်ကိုကုန်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းက စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း များကို ပိတ်ထားသဖြင့် အကြိမ်ချောင်းနယ်အထက်ပိုင်းတွင် တည်ရှိသည့် ဗန္ဓုလကျေးရွာ၊ နံ့သာတောင်ကျေးရွာ၊ မင်းခမောင်းကျေးရွာ၊ ခွဆုံကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာ၊ ဒေါင်းညိုကျေးရွာ၊ တပ်ချောင်းကျေးရွာသားများနှင့် ၎င်းကျေးရွာများတွင် တာဝန်ကျနေသည့် ပညာရေးဝန်ထမ်းများမှာလည်း လက်ရှိအချိန်အထိ ပိတ်မိနေကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်းက နံ့သာတောင်ကျေးရွာမှ ရွာသားများနှင့် ပညာရေးဝန်ထမ်းများမှာ မောင်တောမြို့ပေါ်သို့ ဝင်ရောက်ခိုလှုံရန် အကြိမ်ကြိမ်ကြိုးစားနေသော်လည်း ကားများ ရှာမရခြင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် ကျေးရွာအတွင်း ပိတ်မိလျှက်ရှိကြောင်းလည်း သိရသည်။
တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် မောင်တောမြို့ပေါ်တွင် ကျောင်းသူ/ကျောင်းသားများ အပါအဝင် စစ်ရှောင်ဦးရေ ၁၀၀၀ ကျော် ဝင်ရောက်ခိုလှုံလျက်ရှိကာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း မောင်တောမြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက ပြောသည်။
၎င်းက “မောင်တောမြို့ပေါ်ကို တိမ်ရှောင်လာတဲ့ လူဦရေ ၁၀၀၀ ကျော်လောက်ရှိတယ်။ အခုအခြေ အနေက အားလုံးက ကျပ်တည်းနေတယ်ဆိုတော့ အလှူရှင်တွေလည်း အရင်လိုမရှိဘူး။ ဌာနဆိုင်ရာတွေ လာရောက် ထောက်ပံ့တာမရှိဘူး။ မြို့ခံတွေကပဲ ရပ်ကွက်တွေကို သွားပြီးတော့ ထမင်းထုပ်တွေ လိုက်ကောက်ပြီးတော့ ကူညီပေးနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။