တိုက်ပွဲများ ပြင်းထန်နေသည့် ကရင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF) ၏ တပ်မှူး/ ဒုတပ်မှူးများ ခန့်အပ်ရာတွင် လူသစ် အစားထိုးနိုင်ခြင်း မရှိဘဲ အငြိမ်းစားယူရမည့် တပ် မှူးဟောင်းများကိုသာ ပြန်လည် ခန့်အပ်ခဲ့သည်။
စစ်ကောင်စီ၏ ဩဂုတ် ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် BGF တပ်မှူး/ ဒုတပ်မှူး ခန့်အပ်မှုတွင် အငြိမ်းစားယူရမည့် ဗိုလ်မှူး စောလှကြိုင်၊ ဗိုလ်မှူး မောင်ချစ်၊ ဗိုလ်မှူး စောဝင်းလှိုင်၊ ဗိုလ်မှူး စောကျော်ဝင်း၊ ဗိုလ်မှူး မန်းဝင်ယုံ၊ ဗိုလ်မှူး စော အဲ့မွီ၊ ဗိုလ်ကြီး စောမြင့်ဝေ တို့အား ဆက်လက် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံ စည်းမျဉ်းအရ အငြိမ်းစား ယူရမည့် အသက်အား ၅၅ နှစ်ဟု သတ်မှတ်ထားကြောင်းသိရ ပြီး တပ်ရင်းအလိုက် ခေါင်းဆောင်ပိုင်းတွင် တပ်မှူးအား မူလ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်အား ခန့်အပ်ပြီး ဒုတပ်မှူး နှစ်ဦးတွင် တဦးမှာ မူလတိုင်းရင်းသား လက်နက်ကိုင်တပ်မှ ဖြစ်ပြီး ကျန်တဦးမှာ စစ်ကောင်စီမှ ဖြစ်သည်။
စစ်ကောင်စီ၏ ယခု ခန့်အပ်မှုသည် မူလ တိုင်းရင်းသား လက်နက်တပ်ဖွဲ့ဘက်မှ BGF တွင် ပါဝင်သူများအား တရားဝင် ခန့်အပ်မှုဖြစ်ပြီး လူသစ် အစားထိုးနိုင်ခြင်းမရှိဘဲ အငြိမ်းစားများအား ပြန်လည် အသုံးပြုရသည့် အခြေအနေမှာ တပ် တွင်း စည်းလုံးရေး ထိန်းချုပ်ရန်နှင့် လူသစ်စုဆောင်းမှု ခက်ခဲနေသည့် အခြေအနေအား ဖော်ပြနေခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ ၅ တာဝန်ရှိသူ တဦးက ပြောသည်။
၎င်းက “စစ်ကောင်စီရဲ့ တပ်တခုလုံးက သူတို့တပ်တွေကို ထိန်းကျောင်းရတာလည်း ခက်ခဲလာသလို လူသစ် စုဆောင်းတာ၊ ခေါင်းဆောင်သစ် ရွေးချယ်တာလည်း အရင်ကလောက် လွယ်လွယ်ကူကူ ခန့်အပ်လို့ မရတော့ဘူး။ ပြည်သူ လူထုက ထောက်ခံမှု မရှိတဲ့အပြင် တပ်တွင်းကလည်း ထောက်ခံမှုက လျော့ကျလာပြီ။ တနည်း ပြောရရင် သူတို့ရဲ့ စစ်ကောင်စီတပ်ထဲမှာ လူသစ်စုဆောင်းမှု၊ ပါဝင်မှုကလည်း အရင်ကလို မဟုတ်တော့ဘူး ဆိုတာ ပြတဲ့အချက်ပဲ။ BGF တင် မဟုတ်ဘူး။ စစ်ကောင်စီ တပ်တခုလုံးက အဲဒီလို အခြေအနေကို ရောက်နေတယ်” ဟု ပြောဆိုသည်။
BGF ဘက်ကမူ ယခုကဲ့သို့ စစ်ကောင်စီမှ အငြိမ်းစား တပ်မှူးများအား ပြန်လည် ခန့်အပ်သည့် အခြေအနေနှင့် ပတ် သက်ပြီး လတ်တလော အနေအထားအရ အောက်ခြေ တပ်ဖွဲ့ဝင်များအား ထိန်းကျောင်းနိုင်ရန်အတွက် လူသစ် အစား ထိုခြင်း မရှိဘဲ ယခင် ခေါင်းဆောင်ဖြစ်သူများကိုသာ ဆက်လက် ခန့်အပ်ခြင်း ဖြစ်ကြောင်း ပြောသည်။
BGF မှ ဗိုလ်မှူး အဆင့်ရှိသူ တဦးက “ကျနော်တို့မှာက ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲလေးတွေကရှိတော့ ဆရာက နားမယ်ဆို တပည့်တွေကလည်း နားမယ် ဆိုတာမျိုး ရှိတယ်။ လုပ်ထုံးလုပ်နည်းအရတော့ အသက်ပြည့်ပြီပေါ့။ လောလောဆယ် အောက်ခြေ တပ်ဖွဲ့ဝင်တွေကို သူတို့ကို ပြန်ပြီး ထိန်းခိုင်းထားတဲ့ သဘောပါပဲ” ဟု ပြောသည်။
စစ်တပ် အာဏာ မသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း BGF ထိန်းချုပ်သည့် ရွှေကုက္ကိုလ်ဒေသတွင် လောင်းကစားမှုများနှင့် ရာဇဝတ် မကင်းသော တရုတ်လူမျိုး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ မြို့သစ် အကောင် အထည်ဖော်မှုနှင့် ပတ်သက်ပြီး တရားမဝင်လုပ် ဆောင်မှုများကြောင့် BGF ခေါင်းဆောင်ပိုင်းမှ တပ်နယ်မှူးများ ဖြစ် သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်း တို့အား ရာထူးမှ နုတ်ထွက်ရန် စစ်တပ်က ဖိအား ပေးခဲ့သည်။
ယင်းသို့ ဖိအားပေးမှုအတွက် ၎င်းတို့ သုံးဦးအပြင် BGF တပ်ရင်း အသီးသီးမှ တပ်မှူး၊ ဒုတပ်မှူးများပါ နုတ်ထွက်စာ တင်ခဲ့ကြသည့်အတွက် စစ်တပ်မှ အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်စိုး ကိုယ်တိုင် သွားရောက် တွေ့ဆုံညှိနှိုင်းကာ ဖြေရှင်းခဲ့ရသည်။
သို့သော် ဖိအားပေးမှုကြောင့် နုတ်ထွက်စာ တင်ခဲ့ကြသည် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူး စောတင် ဝင်း တို့၏ တရားဝင် ရာထူး တည်ရှိမှုများနှင့် ပတ်သက်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ယနေ့အထိ ရှင်း လင်းတိကျစွာ ဆက်လက် လုပ်ဆောင်ခြင်း မရှိသည့်အတွက် ကာယကံရှင်များ ကိုယ်တိုင် ၎င်းတို့၏ ရာထူးတည်ရှိမှု အား ရှင်းလင်းမှု မရှိကြောင်း သိရသည်။
BGF တာဝန်ရှိသူတဦးက “လောလောဆယ် တရားဝင်ကြီးလိုတော့လည်း မဟုတ်ဘူး၊ အခြေအနေအရပဲ ဒီလိုပဲ နေ နေတာပဲ။ နုတ်ထွက်ဖို့ လက်မှတ်ထိုးဆိုတော့ ထိုးလိုက်ကြတာပဲ၊ နောက်တော့ ဘာမှ အကြောင်းကြားတာလည်း မရှိ တော့ဘူး” ဟု ပြောသည်။
အာဏာ မသိမ်းမီက တရားမဝင် လုပ်ဆောင်မှုများကြောင့် BGF ခေါင်းဆောင်များ နုတ်ထွက်ရန် ဖိအားပေးခဲ့သော် လည်း အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် စစ်တပ်အနေဖြင့် BGF တပ်များအား ကရင် ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပြန်လည်အသုံးချ တိုက်ခိုက်စေလျက်ရှိသည်။
ကရင်နယ်ခြားစောင့်တပ် (BGF) အား ၂၀၁၀ မှ စတင်ကာ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) ခွဲထွက် အဖွဲ့များနှင့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ (KPF) မှ တပ်ဖွဲ့ဝင်များဖြင့် တပ်ရင်း ၁၃ ရင်း ဖွဲ့စည်းထားပြီး လှိုင်းဘွဲ့၊ ဘားအံ၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် အခြေစိုက်ထားသည်။
You may also like these stories:
ဆိတ်ခေါင်းချိတ် ခွေးသားရောင်းမယ့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု
စစ်ကောင်စီ ခြေကုပ်စခန်း တခုအား KNU ထပ်မံသိမ်းပိုက်
ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော