စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာသာကြီး စံပြကျေးရွာသို့ စစ်ကောင်စီတပ်များ ယမန်နေ့က ဝင်ရောက်စီးနင်းရာ ရွာ သား ၅ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးခန့်လည်း ပျောက်ဆုံးနေကြောင်း ဒေသခံများထံက သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ရက် နံနက်က တပ်မ ၃၃ လက်အောက်ခံ ရွှေဘိုမြို့အခြေစိုက် အမှတ် ၄၂ ခြေလျင်တပ်ရင်း မှ အင်အား ၅၀ခန့်ပါ တပ်ဖွဲ့က ထရပ်ကား နှစ်စီးဖြင့် ရောက်လာပြီး ရွာသာကြီး လမ်းဆုံမှနေ၍ ဝင်ရောက်လာကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ အဆိုအရ သိရ သည်။
“မနေ့က အိမ် ၇လုံး၊ ဒီနေ့ ၅လုံး မီးရှို့ခံရတယ်၊ သေတဲ့သူ ၅ ဦးကို မီးရှို့တဲ့ အိမ်တွေထဲကို ထည့်ပြီး လက်စဖျောက် လုပ်သွားကြတယ်၊ ရွာသား ၂၀ လောက်လည်း ပျောက်နေတယ်လို့ သိရတယ်၊ ဘာကြောင့်လဲဆိုတာတော့ မသိရ သေးဘူး”ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းစဉ် ထွက်မပြေးဘဲ ကျန်ခဲ့သည့် ဒေသခံ ၁၅၀ ခန့် ပိတ်မိနေပြီး ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းများလည်း ပြုလုပ်ခံနေရကြောင်း သိရသည်။
“စစ်တပ်က ရွာစာသင်ကျောင်းမှာ တပ်စွဲထားတယ်၊ ပြီးတော့ ပိတ်မိ နေတဲ့သူတွေကို စစ်သားတွေက ခေါ်ပြီး စစ်ဆေး မေးမြန်းတာတွေ လုပ်နေတယ်လို့ သိရတယ်”ဟု ရွာသာကြီးကျေးရွာ ဒေသခံတဦးက ပြောသည်။
ရွာသာကြီးစံပြကျေးရွာသည် ဝက်လက်မြို့နယ်အနောက်ခြမ်း မန္တလေး- ရွှေဘို- မုံရွာ လမ်းဆုံတွင် တည်ရှိကာ အိမ်ခြေ ၁ ထောင်ဝန်းကျင်ရှိသည့်ရွာကြီးဖြစ်ကာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်း၍ ပစ်ခတ်ခြင်း ဖြစ်သည်။
“ပြည်သူ ၁၀ ဦးထက်မနည်း ထိမှန်တဲ့သူတွေ ရှိတယ်၊ ခိုင်းနွားတွေလည်း သေဆုံးမှုရှိတယ်၊ ပြီးတော့ ရွာသာကြီးရွာကို အနောက်မြောက် ဘက်ကနေစပြီး မီးရှို့တယ်၊ လက်နက်ကြီးတွေနဲ့လည်း ထုတယ်၊ အချို့မီးလောင်တာတွေက အိမ် တွေပေါ် လက်နက်ကြီး ကျပြီး မီးလောင်တာမျိုးလည်း ပါတယ်၊ လက်ရှိကတော့ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်၊ ဘေးရွာတွေလည်း ပြေးနေရတယ်”ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဗိုလ်မြေသြဇာက ပြောသည်။
ထိုနေ့မှာပင် လှတောစခန်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များကလည်း ကျီးကန်းကျေးရွာဘက်သို့ ဝင် ရောက်စီးနင်း မီးရှို့ ခဲ့သလို နီးစပ်ရာကျေးရွာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ကြောင်း ခဲ့သေးကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
“ညပိုင်းကလည်း တအုန်းအုန်းနဲ့ လက်နက်ကြီးတွေနဲ့ ထုကြတာ၊ ရွာသာကြီးကို ဝင်စီးခံရကတည်းက ကျနော်တို့လည်း ပြေးကြရတာ၊ လတ်တလော ဘေးလွတ်မယ်ထင်တဲ့ ရွာသာကြီး အနောက်ဘက်ကို ပြေးခဲ့တာ၊ မိသားစုကလည်း တကွဲတပြားဖြစ်သွားလို့ ဒီနေ့ မနက်ပိုင်းမှ ပြန်စုစည်းနိုင်ခဲ့တာရယ်၊ အခုထိတော့ ကိုယ့်ရွာကို မပြန်ရဲသေးဘူး”ဟု ဒေသခံ တဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရွာသာကြီးကျေးရွာကို ဝင်ရောက်စီးနင်းမှုသည် ၄ ကြိမ်မြောက်ဖြစ်ပြီး ရွာသာကြီး ကျေးရွာမှ ဒေသခံ ၄ ထောင်ကျော်မှာ ရွာတော်၊ ကဒူး၊ ပေါက်တော၊ ဥယျာဉ်မ၊ မဲကုန်း၊ ဥယျာဉ်ကုန်း၊ ထုံးဘို၊ ရင်းမတော၊ နှမ်းကြီးကုန်း၊ ကျီးကန်၊ ရွာတော်ကုံးကျေးရွာများလည်း ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်း သိရသည်။
ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကြောင်းမှာ ရွာလမ်းဆုံရှိ လျှပ်စစ်ပစ္စည်းဆိုင်ကိုလည်း မီးရှို့ဖျက် ဆီးခဲ့ပြီး အောင်လံတော် ဆန်စက်မှ ငွေကြေး ကျပ် သိန်း ၃၀၀ ကျော်နှင့် ရွှေ ၈ ကျပ်သားကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
“ရွာသာကြီးလမ်းဆုံ တောင်ဘက်မှာ ရှိတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်သွားတယ်၊ အောင်လံတော်ဆန်စက်က မိသားစုတွေကလည်း ပြေးဖို့ ကားတွေနဲ့ ပြင်ဆင်နေချိန်မှာ စစ်တပ်က ဝင်လာလို့ မိသားစု လိုက် အဖမ်းခံလိုက်ရတယ်၊ ပြီးတော့ ကားပေါ်မှာ တင်ထားတဲ့ ပိုက်ဆံ သိန်း ၃၀၀ ကျော်နဲ့ ရွှေ ၈ကျပ်သား ကိုလည်း ယူသွားကြတယ်၊ ဒီနေ့နက်ပိုင်းကလည်း ရွာသာကြီးလမ်းဆုံကို ပိတ်ပြီး လာသမျှကို စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေ တယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင် ရွာသာကြီးကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိရာသို့ နေ့လယ် ပိုင်းတွင် Adventure လူငယ် Drone တပ်ဖွဲ့နှင့် နယ်မြေခံ ပကဖများ၊ ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ Drone ဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သော်လည်း အသေးစိတ် မသိရှိရသေးဟု Adventure လူငယ် Drone တပ်ဖွဲ့က ထုတ်ပြန်ထားသည်။