မြန်မာ့အရေးနှင့် ပတ်သက်၍ အစီအမံသစ်များ ထပ်မံ ချမှတ်နိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြုသူ မပါသည့် အာဆီယံ နိုင်ငံ ခြားရေး ဝန်ကြီးများ အစည်းအဝေးကို အောက်တိုဘာလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အာဆီယံ နိုင်ငံအဖွဲ့ဝင် သံတ မန် အချို့က ဆိုသည်။
မြန်မာစစ်ကောင်စီသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သဘောတူညီချက်များကို လုံလောက်သည့် တိုးတက် မှုရရန် လုပ်ဆောင်မှု မရှိဟု သဘောတူပြီးနောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း အင်ဒိုနီးရှား ထိပ်တန်း သံတမန်တဦး၏ ပြောကြားချက်ကို ကိုး ကား၍ အင်ဒိုနီးရှားအခြေစိုက် Jakarta Post သတင်းဌာနက ရေးသားသည်။
အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအား အာဆီ ယံ၏ လုပ်ဆောင်နေမှုများကို နားလည် သဘောပေါက်ပြီး ထောက်ခံလာစေရန်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင် ရန် အားထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။
အာဆီယံ ခေါင်းဆောင် ၉ ဦးနှင့် မြန်မာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အာဆီယံ ဘုံ သဘော တူညီချက် ၅ ချက်ကို သဘောတူခဲ့သည်မှာ ၁ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ပြည်သူ သန်းပေါင်းများစွာကို နှိမ်နင်းရန်ရည်ရွယ်ကာ တနိုင်ငံလုံး အတိုင်းအတာ ဖြိုခွင်းမှုများ ဆက်လက်ပြုလုပ်၍ ဘုံသဘောတူညီချက်များကို မလိုက်နာနိုင်ကြောင်း ပြသခဲ့ သည်။
ယခုအခါ အာဆီယံသည် မြန်မာအပေါ် ချမှတ်ရမည့် နောက်ထပ် အစီအမံများကို ရေးဆွဲနေပြီး အသေးစိတ် ပြင်ဆင်နိုင်ရန် အစည်းအဝေး တရပ်ကို အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုဖြင့် လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား ထိပ် တန်း သံအမတ် ၁ ဦးက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပြုလုပ်ခဲ့သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ် သီး အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်မှုများကို ဆွေးနွေးနိုင်ရန် ဒေသတွင်း နိုင်ငံကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပြောထားသည်။
အာဆီယံ ဝန်ကြီးများ၏ အလွတ်သဘောဆွေးနွေးပွဲတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ Retno Marsudi က နိုဝင် ဘာတွင် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေး၌ ဘုံသဘောတူညီချက် ၅ ချက်အကြောင်း ဆွေးနွေးရန် ဒေသတွင်း ခေါင်းဆောင်များအား တိုက်တွန်း ပြောဆိုခဲ့ကြောင်း နယူးယောက်မှ လာသည့် သတင်းများအရ သိရသည်။
မစ္စ Retno Marsudi က “ကျမတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျမတို့က (စစ်ကောင်စီနဲ့ အတိုက်အခံ) ကို ထိုင်ပြီး ပြန်လည် သင့်မြတ်ဖို့ နဲ့ သူတို့ အနာဂတ်အကြောင်း ဆွေးနွေးတာကိုပဲ လိုချင်တာပါ။ ဒါက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ပြီး စွက်ဖက်တာ မဟုတ်ပါဘူး။ ကျမတို့က သူတို့ကို ထိုင်ပြီး စကားပြောနိုင်ဖို့ပဲ ကူညီပေး တာ” ဟု နယူးယောက်တွင် ကြာသပတေးနေ့က မီဒီယာများကို ပြောသည်။
ဩဂုတ်လက ဖနွမ်းပင်တွင် ပြုလုပ်သည့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံ ခေါင်းဆောင်များ နောက်ထပ် ဆုံးဖြတ်ချက် ထပ်မချမီ နိုဝင်ဘာလအထိ ကောင်းမွန်သော ယုံကြည်မှု ပြသရန် အချိန်ပေးခဲ့သော်လည်း စစ်ကောင်စီဘက်က ဖော်ပြရန် ပျက်ကွက်ခဲ့သည်။
လက်ရှိအချိန်အထိ အာဆီယံသည် အစည်းအဝေးများ၌ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားပြုသူအား အစည်းအဝေးသို့ တက်ရောက်ခွင့်ကို ကန့်သတ်ထားသည်။ သို့သော်လည်း အာဆီယံသည် သတိထားနေရပြီး အပျက်သဘော ဆောင်သည့် အားထုတ်မှု မှန်သမျှကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ Retno Marsudi က “အရေးကြီးတာက မြန်မာနိုင်ငံကို အာဆီယံကနေ နှင်ထုတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် အာဆီယံပဋိဉာဉ်ရဲ့ အခြေခံမူတွေကိုတော့ လိုက်နာရပါမယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်တွင်လည်း အမေရိကန်၊ နယူးယောက်မြို့၌ ကျင်းပသည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Saifuddin Abdullah နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြု ကော်မတီ (CRPH) မှ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြသလို မလေးရှားနိုင်ငံအနေဖြင့် မြန်မာပြည်သူများနှင့် အတူ ရပ် တည်မည်ဟုလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။
You may also like these stories:
ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော
နိုဝင်ဘာ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အကဲဖြတ်မည်