သတင်း

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင် ပြောင်းခံရ

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၅၀ အပါအဝင် အကျဉ်းသားစုစုပေါင်း ၄၄၅ ဦးကို ပြီးခဲ့ သည့် စက်တင်ဘာ ၂၄ ရက်က ထောင်းပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသား ၂၅၀ ကို ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲကာ ကျန် ရာဇဝတ် အကျဉ်းသားများအား အလုပ်ကြမ်းဖြင့် စစ်ဘက်ဆိုင်ရာ စခန်းများသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ ထောင်ပြောင်းခြင်းကို ရုံးပိတ်ရက်တွင် ပြုလုပ်ခြင်း ဖြစ်သည့်အတွက် ထောင်ဝင်စာပို့မည် မိသားစုများ အနေဖြင့် အခက်အခဲ ဖြစ်နေ ကြောင်း သိရသည်။

အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “ကျမတို့ အထဲကလူတွေဆီက ပြန်ကြားရသလောက် အထဲမှာ အရမ်းကျပ်နေပြီ။ ၁ ခန်းမှာ ပုံမှန်ထားရတာထက်ကို ၃ ဆလောက် ပိုထားတယ်။ အထဲမှာ လူမဆံ့တော့လို့ ပြောင်းတယ်လို့ ပြောကြ တယ်။ ဒီတခေါက်ပြောင်းတဲ့ထဲမှာ အမှုကြီးသမားတွေ၊ တသက်တကျွန်းတွေလည်း များတယ်လို့လည်း ကြားတယ်” ဟု ဧရာဝတီကို ပြောသည်။

ထောင်ပြောင်းခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် စက်တင်ဘာလ အတွင်းက ထောင် ၃ နှစ် ချမှတ်ခံထားရသည့် အလွတ်တန်း သတင်းထောက် မမေဘယ်လ် (ခ) မငြိမ်းငြိမ်းအေးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ် မြေ) မှ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦးတို့လည်း ပါဝင်ကြောင်း သိရသည်။

ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့၌ ထောင်ပြောင်းရွှေ့မှု ပြုလုပ်ခဲ့ခြင်းသည် မိသားစုဝင်များ လိုက်လံစုံစမ်း၍ မရစေရန် ကြို တင်အကွက်ချ စီမံခြင်း ဖြစ်ကြောင်းနှင့် ယင်းသို့ ထောင်းပြောင်းမည့် အကြောင်းကိုလည်း မိသားစုဝင်များထံ အသိပေး ခြင်းလည်း မရှိခဲ့ကြောင်း ထောင်ဝင်စာပို့ဆောင်မှုများအား ကူညီပေးလျက်ရှိသည့် ကျောင်းသားသမဂ္ဂဝင်တဦးက ပြော သည်။

၎င်းက “ပြောင်းတာက ၂၄ ရက် စနေနေ့ကလို့ သိရတယ်။ တမင်သက်သက်ကို စနေနေ့ကို ရွေးလုပ်ကြတယ်။ ဒါက လည်း ၄ ကြိမ် ရှိပြီ။ သာယာဝတီထောင်က အင်းစိန်ထောင်ရဲ့ သုံးပုံတပုံစာလောက်ပဲ ရှိတယ်။ အစကတော့ လူနည်း တော့ နေရထိုင်ရတာ အဆင်ပြေသေးတယ်လို့ ကြားတယ်။ အခုဆို သာယာဝတီကို ပြောင်းတာ ၃ ကြိမ် ရှိပြီဆိုတော့ လူကကျပ်လာမှာ” ဟု ပြောသည်။

အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ အနေဖြင့် ယခုကဲ့သို့ ထောင်ပြောင်းလိုက်သည့်အတွက် စိတ်ပူနေရသလို ထောင်ဝင်စာ ပို့ရန် ပိုမိုခက်ခဲသွားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က “လုပ်တာက အမြဲစနေနေ့မှာပဲ လုပ်တယ်။ စုံစမ်းလို့မရ ပြုလို့မရနဲ့၊ ဘယ် လိုက်လို့ လိုက်ရမယ် မသိ။ မိသားစုဝင်တွေကို သောကများအောင် လုပ်တယ်။ ဒါကတော့ သူတို့ရဲ့ လမ်းစဉ်ပါပဲ။ ပြည် သူတွေကိုလည်း ဖိနှိပ်တယ်။ မိသားစုဝင်တွေကိုလည်း ခက်ခဲအောင် လုပ်တယ်” ဟု ပြောသည်။

အဆိုပါ ထောင်ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး ဧရာဝတီက ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းစိန်အကျဉ်းထောင်မှ တခြားသောမြို့ရှိ အကျဉ်းထောင်များသို့ နိုင်ငံရေး အကျဉ်းသားများအား ပြောင်းရွှေ့နေသည်မှာ ယခုအကြိမ် အပါအဝင် ၄ ကြိမ် ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် နောက်ဆုံးအကြိမ် ဩဂုတ် ၁၄ ရက်တွင် နိုင်ငံရေးအကျဉ်းသား ၁၀၅ ဦးအား မကွေးတိုင်း၊ သရက်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

၂၀၂၂ ဩဂုတ်မှ စက်တင်ဘာ ၂၆ ရက်ထိ အင်းစိန်ထောင်မှ နယ်ထောင်များသို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်း သား ၇၉၄ ဦး ရှိနေပြီ ဖြစ်ကြောင်း ထောင်တွင်းအချက်အလက်များနှင့် ပတ်သက်ပြီး စုဆောင်းနေသည့် အဖွဲ့တဖွဲ့ထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၂ စက်တင်ဘာ ၂၆ ရက်ထိ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၂,၅၀၀ ဦး ရှိပြီး ၎င်းတို့အနက် ၁,၄၉၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

Loading