သတင်း

ခင်ဦးမြို့နယ်တွင် ၅ ရက် ဒေသခံ ၅ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းတွင် ခင်ဦးမြို့နယ်၌ စစ်ကောင်စီတပ်များက ဒေသခံ ၅ ဦးကို သတ်ကာ အိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်အတွင်း ရေဦး-ခင်ဦး-ရွှေဘို-ညောင်ပင်သာ ကားလမ်းတလျောက်တွင် ဒေသခံ ကာကွယ်ရေးတပ်များ၏ မိုင်းဆွဲ တိုက်ခိုက်မှုကို ခံရပြီးနောက် အင်အား ၁၆၀ခန့်ရှိ စစ်ကောင်စီတပ်များက စစ်ကြောင်း နှစ်ကြောင်းခွဲကာ အနီးရှိရွာများကို ၅ ရက်ကြာ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို သတ်ဖြတ်ခြင်း ဖြစ်သည်။

ခင်ဦးမြို့နယ်က ဒေသခံကတဦးက “၂၀ ရက်ကို လမ်းကြောင်းရှိလို့ ၁၉ ရက်ကတည်းက ရေဦး- ခင်ဦး- ရွှေဘိုလမ်းကို သူတို့ ကင်းတွေ ချထားတာက စစ်ကြောင်း တကြောင်း၊ နောက်တကြောင်းကတော့ ရေကြောင်းကနေ လာတာ။ အဲဒါ ကိုမှ မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ထိပ်တိုက် ပစ်ခတ်မှုတွေ ဖြစ်လာကြတော့ ဒီလိုမျိုး ရွာတွေကို လုပ်တာပဲ” ဟု ပြော သည်။

ပြီးခဲ့သည့်၂၁ ရက်မှ ၂၅ ရက်အထိ စစ်ကောင်စီတပ်က ပြည်သူ ၄ ဦးနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၂၅ ရက်က ခင်ဦးမြို့မှ ရွှေဘိုမြို့ဘက်သို့ လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် မြေနီလျှိုရွာ အနီး ကားလမ်းနံဘေးတွင် တောင်ယာလုပ်နေသူ ၂ ဦးကို ပစ်ခတ်ခဲ့သည့်အတွက် ဦးကျော်ဆန်းမြင့် ( ၅၄ နှစ်) မှာ သေဆုံးခဲ့ရသလို၊ ဦးအုန်းရွှေ (၆၀ နှစ်) မှာလည်း ပေါင်တွင် ကျည်ထိမှန်ကာ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် စက်တင်ဘာ ၂၃ ရက်တွင် ရုံးပင်ကျေးရွာက ဒေသခံ ဦးညွန့်လင်း (၄၅ နှစ်) ကို လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့်ပစ်သတ်ထားပြီး၊ ၁၉ ရက်တွင် သာဂရကျေးရွာမှ ဦးဌေးမောင် (၇၀နှစ်) ကို ပစ်သတ်ကာ ရွာဦးကျောင်း သောက်ရေကန်တွင်း ပစ်ချထားသည့်အပြင်၂၁ ရက်တွင် ဦးဖိုးကူး (၄၈ နှစ်) တို့ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

ရေဦး-ခင်ဦး-ရွှေဘို-ညောင်ပင်သာ ကားလမ်းတလျောက် ခင်ဦးမြို့နယ်အပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စက်တင်ဘာ ၁၉ ရက်နှင့်၂၀ ရက်တို့တွင် မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဒေသခံများအား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၉ ရက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လိုက်လံ ပစ်ခတ်သဖြင့် ကံသစ်ရွာအနီး တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်ပတ်၊ မြင်းဒေါင်း၊ သာဂရ၊ ရသေ့ စသည့် ကျေးရွာများမှ နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ခင်ဦးမြို့နယ်အရှေ့ခြမ်းရှိ ကဘွက်၊ ကုတ္တက်၊ သင်ပေါင်း၊ ရွှေမင်းဂံ၊ ရုံးပင်၊ အညာသီဟတောအပြင် အနောက်ဘက်ခြမ်းရှိ ရွာသစ်၊ မူးသာ၊ သက်ပေး စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသဖြင့် ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံများနှင့် မီးရှို့ခံထားရသည့် အင်းပတ်ကျေးရွာနေအိမ်တချို့ (ဓာတ်ပုံ-CJ)

ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းရာတွင် စစ်ကောင်စီတပ်က သက်ကြီးရွယ်အို၊ ကလေးသူငယ်မရွေး သတ်ဖြတ် နေသဖြင့် ရွာအတွင်းရှိ သက်ကြီးရွယ်အို၊ ကလေးနှင့် သားသည်မိခင်များကို ဦးစားပေး ကယ်ထုတ်ရမှုများ ရှိခဲ့ ကြောင်း ကဘွတ် ဒေသခံတဦးက ဆိုသည်။

“သူတို့က မထင်ရင် မထင်သလို သတ်တာဆိုတော့ ကိုယ့်ရွာသူ၊ ရွာသားတယောက်မှ မသေစေချင်တဲ့စိတ်နဲ့ စစ်ကြောင်းလာတယ် အသံကြားတော့ သက်ကြီးပိုင်းတွေ ကိုယ်ဝန်ဆောင်တွေကစပြီး ကျနော်တို့ ကယ်ထုတ်ကြရတာ။ ပြေးတော့လည်း တရွာလုံး အနေအထားနဲ့ အဆင်ပြေမယ့် နေရာနဲ့ အရိပ်အာဝါသ ရတာ၊ နွား စားစရာ ရမယ့် နေရာ လေးတွေ ရှာပြီး ပြေးရတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ကျေးရွာမှ ဒေသခံ တသောင်းခွဲခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီတပ် စစ်ကြောင်းထွက်သည့် စက်တင်ဘာ၂၅ ရက် ညနေပိုင်းတွင် ပြည်သူများ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းကျေးရွာများထဲမှ အင်ပတ်ကျေးရွာသည် ယခုအကြိမ်ပါနှင့်ဆိုလျှင် တတိယကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး အိမ် ခြေ ၅၀၀ ကျော်ရှိသည့် အင်ပတ်ရွာတွင် ၃ ကြိမ်တိုင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၂၁၇ လုံးအထိ မီးလောင် ဆုံးရှုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကျေးရွာများသို့ စီးနင်း ဝင်ရောက်ရာတွင် ဒေသခံများကို ဖမ်းဆီးပြီး လူသားဒိုင်းအနေဖြင့် ပြုလုပ်ခြင်း၊ နေအိမ်များအား မွှေနှောက်ရှာဖွေ ဖျက်ဆီးခြင်း၊ ဆိုင်ကယ်များအား မီးရှို့ခြင်းကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ခင်ဦးမြို့နယ်တွင် ၅ ရက်ကြာ စစ်ကြောင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံး၊ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကျေးရွာများကို ဝင်ရောက် စီးနင်းကာ ဒေသခံများအား သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်သည် စစ်ကိုင်း တိုင်း၊ ရွှေဘိုမြို့နယ်အတွင်းကလာသည့် အမှတ် ၃၃ ခြေမြန် တပ်မဌာနချုပ် လက်အောက်ခံတပ်ရင်းများအပြင် ရန် ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၇၀၁ တပ်ဖွဲ့ဝင်များလည်း ပါဝင်နေကြောင်း ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ဩဂုတ်လ ၂၅ ရက် ထိ နေအိမ်ပေါင်း ၂၀,၁၅၃ လုံး ပျက်စီးခဲ့ပြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့် အနက် ၃၁ မြို့နယ်တွင် နေအိမ်များ မီးရှို့ ဖျက်ဆီးခံထားရကြောင်း မီးရှို့ခံရသည့် အချက်အလက်များကို လေ့လာပြုစုနေသည့် Data For Myanmar အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

Data For Myanmar က ထုတ်ပြန်ထားချက်အရ ခင်ဦးမြို့နယ်တွင် အာဏာသိမ်း ကာလအတွင်း နေအိမ် ၁,၇၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

You may also like these stories:

လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို

ဝက်လက်မြို့နယ် ရွာသာကြီးရွာ စီးနင်းခံရမှု ရွာသား ၅ ဦးသေဆုံး

Loading