စက်တင်ဘာ ၂၇ ရက်သည် ဂျပန်သတင်းထောက် ကန်ဂျီနာဂါအိအား မြန်မာစစ်တပ်က ပစ်သတ်ခဲ့သည့် ၁၅ နှစ်မြောက်နေ့တွင် ကျရောက်သည့်နေ့ဖြစ်သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သေဆုံးသွားသည့် အသက် ၅၀ အရွယ် နာဂါအိ၏ မိသားစုအား မြန်မာစစ်တပ်က တောင်းပန်ခြင်း မရှိသေးဘဲ ၎င်း၏ ဗီဒီယိုကင်မရာကိုလည်း သိမ်းဆည်းထားဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက နှောင့်နှေးသွားခဲ့သည်။ တချိန်တည်းမှာပင် နာဂါအိ ဖြစ်ရပ်၏ နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
စက်တင်ဘာလအစောပိုင်းတွင် နာဂါအိ ညီမ အသက် ၆၂ နှစ်အရွယ် နိုရီကို အိုဂါဝါသည် ဂျပန်နိုင်ငံအနောက်ဘက် အီဟီမီ စီရင်စုရှိ အီမာဘာရီမြို့ရှိ သုသာန်တခုတွင် တိတ်တဆိတ် လက်အုပ်ချီကာ ဆုတောင်းခဲ့သည်။ “မင်းကို မသိတဲ့ လူငယ်တွေ အများကြီးရှိတဲ့ခေတ်ဖြစ်လာပြီ။ ငါအသက်ရှင်နေသရွေ့ (မင်းသတ်ဖြတ်ခံရမှုအကြောင်း) အောက်ဆုံးက စရ စရ ငါအရှုံးမပေးဘူး။”
လွန်ခဲ့သည့် ၁၅ နှစ်လုံးလုံး သူမသည် “ဒေါသကို မျိုသိပ်ပြီး အသက်ရှင်ခဲ့ရတယ်” ဟု အိုဂါဝါ က ပြောသည်။ ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သော အသက် ၈၀ နှစ်အရွယ် မိခင် မိချိကို နာဂါအိက “အဆုံးမှာ ကန်ဘို (ကန်ဂျီ၏ အိမ်ခေါ်အမည်) ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တဲ့ ကင်မရာကို ချက်ခြင်းပြန်ပေးဖို့” မြန်မာအစိုးရထံ တောင်းဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီ အင်အားစုများက ၂၀၁၆ ခုနှစ်တွင် အစိုးရသစ်တရပ် ဖွဲ့စည်းခဲ့ပြီးနောက် အကိုဖြစ်သူ၏ အမှုကိစ္စ တိုးတက်လာမည်ဟု အိုဂါဝါ မျှော်လင့်ခဲ့သည်။ အသိမိတ်ဆွေတဦးမှတဆင့် စာတစောင်ပေးပို့ခဲ့သော်လည်း ရှင်းရှင်းလင်းလင်း အဖြေမရရှိခဲ့ပေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံရေးရာဇဝတ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့သည်။ အိုဂါဝါက “ကျမအကိုရဲ့ အခြေအနေက အခု လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေပြီ” ဟု ပြောရင်း အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့်အတူ မြန်မာစစ်တပ်က ထိန်းသိမ်းထားသည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူ ကူဘိုတာအား စာနာကြောင်း ပြောသည်။ “သူ ဘေးကင်းစွာ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု အိုဂါဝါက ပြောသည်။
၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ရောက်ရှိခိုလှုံလာပြီး ၂၀၀၇ ခုနှစ် အောက်တိုဘာလ တိုကျိုမြို့ နာဂါအိ ဈာပနသို့ တက်ရောက်ခဲ့သည့် အသက် ၅၇ နှစ်အရွယ် ဦးဝင်းကျော်က ကွယ်လွန်သူ သတင်းထောက်၏ ကြိုးပမ်းအားထုတ်မှုကို ချီးကျူးစကားဆိုကာ “ယနေ့တိုင် ကန်ဂျီနာဂါအိကို သိတဲ့ မြန်မာတွေ အများကြီးရှိပါတယ်။ သူ့သေဆုံးမှုက မြန်မာနိုင်ငံကို ကမ္ဘာက အာရုံစိုက်စေတယ်။ သူက သူရဲကောင်းတယောက်အနေနဲ့ ကျနော့် ရင်ထဲမှာ ဆက်လက်ရှင်သန်နေတယ်။”
ဦးဝင်းကျော်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပြည်သူများ ဖိနှိပ်ခံရသည်များနှင့် ပတ်သက်၍ ၎င်း၏ အားလပ်ချိန်အတွင်း လူမှုမီဒီယာကို အသုံးပြု၍ စုဆောင်းခဲ့သည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြသသည့် ဗီဒီယိုနှင့် ဓာတ်ပုံများကို ကုလသမဂ္ဂထံ သူ ပေးပို့သည်။
စက်တင်ဘာ ၂၇ ရက် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနကို နာဂါအိ ကွယ်လွန်သည့် နှစ်ပတ်လည်နေ့တွင် ကျင်းပသည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းသည် ဒီမိုကရေစီ လိုလားသူများ မပါဝင်ဘဲ စစ်တပ်ကိုသာ ဆက်ဆံရေး ထိထိရောက်ရောက် ချဲ့ထွင်သည့် အမူအရာ ဖြစ်သည်။ ဦးဝင်းကျော်က ဂျပန်အစိုးရကို ဝေဖန်ပြီး “မြန်မာပြည်သား အများအပြားဟာ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့အတွက် စစ်တပ်ရဲ့ အကြမ်းဖက်မှုကို အလျှော့မပေးဘဲ တိုက်ပွဲဝင်နေကြတာပါ။ စစ်တပ်ကို ဖိတ်ကြားတာ နိုင်ငံတော် ဈာပနဟာ ဒီမိုကရေစီကို ကာကွယ်တာဆိုတဲ့ နိယာမ (ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ အပြော) နဲ့ ကွဲလွဲနေပါတယ်။ “
ဘီဘီစီနှင့် အခြားသတင်းရင်းမြစ်များ၏ အဆိုအရ မြန်မာနိုင်ငံအား စက်တင်ဘာ ၁၉ ရက်က ဘုရင်မကြီး အဲလိဇဘက် ၂ ၏ ဈာပနသို့ ဖိတ်ကြားခြင်း မပြုခဲ့ပေ။
ကိုးကား။ ။ The Mainichi မှ Family still seeking truth 15 years after killing of Japanese journalist in Myanmar
You may also like these stories:
ရွှေဝါရောင် တော်လှန်ရေး ရန်ကုန် ဒိုင်ယာရီ
ကာတွန်းတွေက ပြောတဲ့ ရွှေဝါရောင်တော်လှန်ရေး
မြန်မာ့ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများ နိုင်ငံတကာက ပစ်ပယ်ခံနေရ
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို