ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာမှ အာဏာသိမ်း စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံ ကျေးရွာသား ၆ ဦးနှင့် အဆက်အသွယ် ပြတ်နေပြီး လက်ရှိအချိန်ထိ စုံစမ်းမရ ဖြစ်နေကြောင်း သပိတ်တောင် ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီခန့်တွင် တင်ဆက် မွတ်ဆလင်ကျေးရွာအနီး တပ်စွဲနေထိုင်သည့် ဘားအံ အခြေစိုက် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) တပ်ရင်းနှင့် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာရှိ အမှတ် (၈) နယ်ခြားစောင့်တပ်တို့ ပူးပေါင်း၍ သပိတ်တောင်ကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သည်။
ထို့နောက် ယင်းနေ့ ညနေ ပိုင်းတွင်ပင် ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ခဲ့သလို ကျေးရွာသားများကိုလည်း ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ရွာထဲမှာ လက်နက်ကြီးတွေကျတော့ ရွာသားတွေ ထွက်ပြေးကြတယ်။ တချို့က ထွက် ပြေးချိန်မရဘဲ ဘုန်းကြီးကျောင်းမှာ သွားပုန်းကြတယ်။ အမျိုးသမီးတွေ အပါအဝင် ရွာသား ၁၀ ယောက်လောက် ကျန်ခဲ့ တာ။ ညနေပိုင်းမှာ စစ်တပ်က ရွာထဲကို ဝင်ပြီးတော့ ဘုန်းကြီးကျောင်းထဲကိုလည်း သေနတ်တွေနဲ့ ပစ်တယ်။ အဲဒီအထဲမှာ ရှိတဲ့ ၁၀ ယောက်ထဲက အမျိုးသား ၆ ယောက်ကို ဖမ်းသွားတယ်။ အခုထိ ဘယ်နေရာမှာ ရှိတယ်ဆိုတာ စုံစမ်းမရဘူး” ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ သပိတ်တောင်ရွာသားများ ဖြစ်သည့် မောင်သန်းထွန်းအောင် (၁၆ နှစ်)၊ ကိုထွန်းသာလှ (၂၄ နှစ်)၊ ကိုမောင်ဖြူ (၃၅ နှစ်)၊ ကိုရွှေထွန်း (၃၈ နှစ်)၊ ကိုညွန့်ဝင်း (၃၅ နှစ်)နှင့် ကိုမောင်မျိုးဝင်း (၃၇ နှစ်) တို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သပိတ်တောင်ကျေးရွာအုပ်စုတွင် သပိတ်တောင် (ရခိုင်) ရွာနှင့် သပိတ်တောင် (မြောက်) မွတ်ဆလင်ရွာဟူ၍ ရှိပြီး တင်ဆက် မွတ်ဆလင်ကျေးရွာနှင့် ၁ မိုင်ခန့်သာ ကွာဝေးသည်။
ယင်းနေ့တွင် စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် သပိတ်တောင် (မြောက်) မွတ်ဆလင်ရွာရှိ ဗလီ ရှေ့ကွင်းပြင်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးကာ ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် သပိတ်တောင်ကျေးရွာအုပ်စုမှ ရခိုင်ကျေးရွာသားများနှင့် မွတ်ဆလင် ကျေးရွာသားများ အားလုံး နီးစပ်ရာ ကျေးရွာများ၌ တိမ်းရှောင်နေရပြီး ယင်းကျေးရွာများတွင် စစ်ကောင်စီတပ်က တပ်စွဲနေထိုင်ကာ ကျေးရွာသားများ ပိုင်ဆိုင်သည့် အိမ်မွေးတိရစ္ဆာန်များကို ခိုးယူသတ်ဖြတ် စားသောက်နေကြောင်း ဒေသခံများက ပြောသည်။
သပိတ်တောင်ရွာသူ တဦးက “စစ်တပ်က အဲဒီ တင်ဆက်မွတ်ဆလင်ရွာနားမှာ တပ်စွဲနေတာ ၁ နှစ်လောက် ရှိပြီ။ တခါ တလေ ကျမတို့ရွာကိုလည်း ရောက်တယ်။ အဲဒီတုန်းကတော့ ဘာမှမလုပ်ဘူး။ အဲဒီနေ့က ဘာတိုက်ပွဲမှမရှိဘဲ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အိမ်ကို မီးရှို့တယ်။ ဘုန်းကြီးကျောင်းမှာ အဖမ်းခံရတဲ့အထဲက ပြန်လွတ်လာတဲ့ အမျိုး သမီးတွေ ပြောတာက ရွာကို ဘယ်တော့မှ ပြန်လာဖို့ မစဉ်းစားနဲ့လို့ မှာလိုက်တယ်လို့ ပြောတယ်။ သူတို့ ရိက္ခာပြတ်တဲ့ အတွက် အခုလို လုပ်တာပဲ ဖြစ်မယ်” ဟု ပြောဆိုသည်။
လက်ရှိ အခြေအနေတွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ် အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့ နယ် များနှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွား နေပြီး နှစ်ဖက်စစ်ရေး အခြေအနေမှာ တင်းမာလျက် ရှိသည်။