နှစ်နိုင်ငံ သဘောတူညီမှု စာချုပ် (MoU)စနစ်ဖြင့် ပြည်ပထွက် အလုပ်လုပ်မည့် အလုပ်သမားများ၏ လုပ်ခလစာ များကို ရာခိုင်နှုန်းတခု သတ်မှတ်၍ မဖြစ်မနေ ပြည်တွင်းသို့ ပြန်လွှဲရမည့်ဆိုသော စစ်ကောင်စီသတ်မှတ်ချက်မှာ အဆင်မပြေနိုင်ကြောင်း အလုပ်သမားများနှင့် အေဂျင်စီများက ဆိုသည်။
ပြည်ပအလုပ်အကိုင် အေဂျင်စီများနှင့် အလုပ်သမားများကြား စာချုပ်ချုပ်ပါက အလုပ်သမားတဦးချင်းစီ၏ လစာမှ သတ်မှတ်ရာခိုင်နှုန်းတခုကို နှစ်နိုင်ငံ ချိတ်ဆက်ထားသည့် ဘဏ်များကတဆင့် မဖြစ်မနေ ပြည်တွင်းသို့ လွှဲရမည်ဆို သောအချက်ကို ထည့်သွင်းချုပ်ဆိုရန် ညွှန်ကြားထားကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံက သိရသည်။
သို့သော် ပြည်တွင်းသို့ ပြန်လွှဲရမည့် လစာငွေမှာ ပြင်ပပေါက်ဈေးနှင့် ကွာဟမှုရှိနေခြင်း၊ ဘဏ်သို့ သွား၍ ငွေလွှဲရန် ခက်ခဲခြင်း၊ အများစုမှ ငွေချေးကာ ပြည်ပသို့ထွက် အလုပ်လုပ်သူများ ဖြစ်သဖြင့် အနည်းဆုံး ၁နှစ်ခန့် အကြာအထိ တာဝန်ယူပို့ဆောင်ပေးသည့် အေဂျင်စီများသို့ ပြန်ဆပ်နေရခြင်းရှိသဖြင့် ယခုကဲ့သို့ စစ်ကောင်စီ၏ သတ်မှတ်ချက်များ ကို လိုက်နာရန် အဆင်မပြေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထိုင်းနိုင်ငံသို့ အလုပ်သမား တရားဝင်တင်ပို့နေသော ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ တာဝန် ရှိသူတဦးက “စစ်ကောင်စီက သတ်မှတ်ဖို့ စီစဉ်နေတာ ဟုတ်တယ်။ အလုပ်သမားတွေက တရားဝင်လာဖို့အတွက် ကျပ်သိန်းဆယ်နဲ့ချီတဲ့ မြန်မာငွေကို သူတို့ ရှာဖွေပြီးမှ လာရတော ချက်ခြင်းပြန်လွှဲဖို့ အခက်အခဲရှိတယ်”ဟုဆိုသည်။
ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသော မြန်မာ လုပ်သမားများ၏ လုပ်ခလစာမှ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၅ ရာခိုင်နှုန်း စသဖြင့်သတ်မှတ်၍ ဘဏ်များတဆင့် တရားဝင်ပြန်လွှဲရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စက်တင်ဘာလ ၅ ရက်က နေပြည်တော်တွင် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အသင်းဝင် လိုင်စင်ရ အေဂျင်စီတို့ တွေ့ဆုံပြီး ပြည်ပရောက် အလုပ်သမားများ၏ ငွေလွှဲကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ကြသည်။
သွေးစည်း ညီညွတ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (STUM) မှ မမျိုးအေးက “ပြည်ပရောက် လုပ်သားတွေ ဆီ က ငွေကို အဲဒီလို လိုချင်တယ်ဆိုရင် ပြည်ပရောက် လုပ်သားတွေရဲ့ အခက်အခဲတွေ ဒုက္ခတွေကို ဖြေရှင်းပေးဖို့ သူ့မှာ တာဝန်ရှိတယ်။ ပြည်ပရောက် လုပ်သားတွေ အခက်အခဲ ဖြစ်ချိန် အဆင်မပြေဘူး ဆိုတဲ့အခါ မသိချင်ယောင်ဆောင် ပြီးတော့ ဝင်ငွေကျမှ ယူဖို့ကြိုးစားတာက အရှက်မရှိတဲ့ အလုပ်တခုပဲ” ဟု ဧရာဝတီသို့ ပြောဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လူအများစုမှာ ဝင်ငွေနှင့် ထွက်ငွေမမျှသလို ကုန်ဈေးနှုန်းကြီးခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းမှာလည်း ရှားပါးသထက်ရှားပါးနေခြင်းကြောင့် နေ့စဉ်နှင့်အမျှ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ယူအေအီး နိုင်ငံများ၊ ဂျပန်၊ ဂျော်ဒန် အစရှိသည့် နိုင်ငံများသို့ ထွက်ခွာမှုများ ရှိနေသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ငွေပြန်လွှဲရာတွင် အများစုမှာ ဟွန်ဒီများကိုသာ အသုံးပြု၍ လွှဲခြင်းနှင့် မိုဘိုင်းဖုန်း ငွေပေးချေဝန်ဆောင်မှု စနစ်များဖြင့် လွှဲပေးကြကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတဦးက “နှစ်လသုံးလမှ ပေါင်းလွှဲတာဆိုတော့ သတ်မှတ်တဲ့အတိုင်း တကယ် စည်းကြပ်ပြီဆို ကိုယ်ပေးနိုင်တဲ့ အနေအထားရှိလား ကြည့်ရမယ်။ နိုင်ငံတွင်းကျပ်တည်းလွန်းလို့ အပြင်ထွက် ရှာတော့လည်း အလကားနေ သူတို့ ထပ်ပေးရဦးမယ် ဆိုတော့ ဘယ်သူတွေ အကျိုးရှိနေလဲ က အသိသာကြီးလေ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံမှ ပြည်ပထွက် အလုပ်လုပ်ကိုင်သူများတွင် ထိုင်းနိုင်ငံသို့ အများဆုံး ဖြစ်ပြီး မလေးရှား၊ ဂျပန်၊ စင်္ကာပူနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများဆီ သွားရောက် လုပ်ကိုင်ခြင်းများလည်း ရှိကြောင်း သိရသည်။
ပြည်ပနိုင်ငံရောက် လုပ်သားများမှ မြန်မာသို့ပြန်ပို့သည့် မိသားစု လွှဲပို့ငွေမှာ၂၀၁၄ ခုနှစ်မှ စတင်၍၂၀၂၂ ခုနှစ် ဇူလိုင် လ အထိ အမေရိကန်ဒေါ်လာသန်း ၆၀၀၀ ကျော် ရရှိကြောင်း စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောဆိုထားသည်။
မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင် နှစ်နိုင်ငံချိတ်ဆက်ထားသည့် ဘဏ်များမှတဆင့် ပို့ကြရန် စစ်ကောင်စီက ပြောဆိုထားပြီး Shwe Bank၊ ကမော္ဘဇဘဏ်၊ United Amara ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့နှင့် ထိုင်းနိုင်ငံတွင်းမှဆိုလျှင် Kasikorn Bank (Kbank) တို့ဖြင့် ပေးပို့နိုင်ကြောင်း စစ်ကောင်စီက ဆိုထားသည်။
You may also like these stories:
မရေရာသည့် အနာဂတ်ကြောင့် ရေကြည်ရာ မြက်နုရာသို့
ထိုင်းရောက် မြန်မာလုပ်သားများအတွက် CI လက်မှတ် ထပ်မံ လုပ်ပေးမည်