အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့မှ ခေါင်းဆောင်များက ၎င်းတို့၏ နိုင်ငံရေးအရ လိုလားချက်များကို အသီးသီးတောင်းဆိုခဲ့ကြသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ‘ဝ‘ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့က စက်တင်ဘာ ၂၆ ရက်နေ့တွင် နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ UWSP မှ ဒုဥက္ကဌ ဦးလော့ယာကု၊ NDAA မှ ဒုတိယဥက္ကဌ ဦးစန်ပေ့၊ SSPP မှ ဒုဥက္ကဌ (၂) စဝ်ခွန်ဆိုင်တို့ ဦးဆောင်ကာ တက်ရောက်ခဲ့ကြသည်။
SSPP ၏ တောင်းဆိုချက်
အစည်းအဝေးတွင် SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် အချက် ၄ ချက် တင်ပြခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက် ၅ ချက်ကို တင်ပြခဲ့ကြောင်း SSPP ဘက်က သတင်းထုတ်ပြန်သည်။
ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် SSPP တင်ပြသည့် အချက် ၄ ချက်တွင် ပင်လုံကတိကဝတ် အကောင်အထည်ဖော်ရေး၊ ၁၉၆၁ ပြည်နယ်ပေါင်းစုံ ညီလာခံတွင် ချမှတ်ခဲ့သည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာ၌ လိုက်နာရမည့် အခြေခံမူ ၅ ချက်တွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ အချုပ်အခြာ အာဏာသည် ပြည်သူထံမှ ဆင်းသက်သည်ဆိုသည့် အချက်အပါအဝင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိသော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖွဲ့ရမည်ဆိုသည့် အချက်ပါဝင်သည်။
ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် နိုင်ငံရေးအရ တန်းတူသည်ဟုလည်း SSPP ဒုဥက္ကဌ ကဆိုသည်။
ထို့အပြင် အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်ဘဏ္ဍာခွဲဝေမှုနှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်တို့ ကျင့်သုံးရန် လိုအပ်ကြောင်းနှင့် အာဏာခွဲဝေရာတွင်လည်း ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရ၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်သည့် ကိစ္စများအား အစိုးရအဆင့်ဆင့်က တာဝန်ယူဆောင်ရွက်ရသည့် မူကို ကျင့်သုံးသင့်ကြောင်း SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင်က ပြောသည်။
ပဉ္စမအချက်အနေနှင့် ၎င်းက ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့အားလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ လက်အောက်တွင် ရှိရမည်ဖြစ်ကြောင်း တိုက်တွန်းသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကမူ SSPP သည် ဖက်ဒရယ်ပြည်ထောင်စု ကိုသွားမည်ဆိုပါက ဗမာလူမျိုးများလည်း ဖက်ဒရယ်ယူနစ်တခုကို ကိုယ်စားပြုသင့်သည်ဟု ယူဆသဖြင့် ဗမာပြည်နယ်ဖွဲ့ရန်ပြောဆိုခြင်း ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
၎င်းက“ပင်လုံကတိကဝတ်နဲ့ ပတ်သက်ရင် အထူးသဖြင့် ပင်လုံစာချုပ်ထဲမှာပါတဲ့ အချက် နံပါတ် ၅ နံပါတ် ၇ ပေါ့။ အဲဒါကို အဓိက ရည်ညွှန်းတယ်လို့ ထင်ပါတယ်။ လွတ်လပ်ရေးအတူရယူမယ်။ ပြည်ထောင်စုကို အတူတည်ဆောက်ကြမယ် ဆိုတဲ့အခါမှာ အခုလက်မှတ်ရေးထိုးလိုက်တဲ့ ပြည်ထောင်စု ရှမ်းပြည်၊ ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ကရင်နီပြည်ပေါ့။ အဲဒီဒေသတွေရဲ့ ရှိရင်းစွဲအုပ်ချုပ်ရေးတွေ မဆုံးရှုံးစေရဘူး။ ဒီမိုကရေစီ တိုင်းပြည်တွေမှာရတဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ရရှိနေဖို့အတွက် အာမခံချက်ပေးရမယ်ဆိုတာကို မူအားဖြင့် သဘောတူထားတဲ့ အချက်တွေပါပါတယ်ဗျ။ အဲဒီအချက်တွေအတိုင်း အကောင်အထည်ဖော်ခဲ့ရဲ့လားဆိုရင် ဒီနေ့အထိ အကောင်အထည်မဖော်ဘူးဆိုတာ သေချာတယ်” ဟု ဆိုသည်။
UWSA တောင်းဆိုချက်
စစ်ကောင်စီဥက္ကဌနှင့် ဆွေးနွေးပွဲတွင် UWSA က ၎င်းတို့ အစဉ်တစိုက် တောင်းဆိုခဲ့သော ‘ဝ‘ ပြည်နယ်အဖြစ် တရားဝင်သတ်မှတ်ပြဌာန်းပေးရန် ကိစ္စအား ထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။
UWSP ကိုယ်စားလှယ်အဖွဲ့တွင် မကြာသေးခင်ကမှ UWSP နိုင်ငံရေးဌာနကြီးမှူးအဖြစ် ရာထူးတိုးထားသည့် ဦးအိုက်နပ်လိုင်းလည်း အစည်းအဝေးတွင် ပါဝင်ကြောင်း စစ်ကောင်စီက နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှ ထုတ်ပြန်သည့် ပုံများအရ သိရသည်။ ဦးအိုက်နပ်လိုင်းသည် UWSA တည်ထောင်သူတဦးဖြစ်သူ ဦးကျောက်ညီလိုင်၏ သားလည်းဖြစ်သည်။
UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကမူ စစ်ကောင်စီဥက္ကဌနှင့် တွေ့ဆုံပွဲတွင် UWSP ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးရေးကိစ္စများ အဓိက ဆွေးနွေးခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးညီရန်း က “အဓိကကတော့ ဒေသ တိုးတက်ရေးအကြောင်းတွေပဲဆွေးနွေးပါတယ်။ ပြည်နယ်တောင်းဆိုတာကတော့ အခုမှပဲ တောင်းဆိုတာတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့ရဲ့ အရင်ကတည်းက တောင်းဆိုချက်ပဲလေ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖော်ဆောင်ရေးကော်မတီနဲ့တော့ တွေ့ကြဖို့ရှိပါသေးတယ်။ နောက်ထပ် ၃ ရက်လောက်ဆွေးနွေးဖို့ရှိတယ်လို့ ပြောသံကြားပါတယ်။ မနေ့က အထွေအထူးဆွေးနွေးတာတော့ မရှိပါဘူး” ဟု ပြောသည်။
မိုင်းလား အဖွဲ့၏ တောင်းဆိုချက်
မိုင်းလားအဖွဲ့ကတော့ ၎င်းတို့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ယင်းအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။
မိုင်းလားအဖွဲ့ (NDAA) နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက “ကျနော်တို့ မိုင်းလား ကိုယ်စားလှယ်အဖွဲ့ကလည်း ၄ ရက်လောက်ဆွေးနွေးမှာ။ သူတို့တွေလည်း ပြန်မရောက်ကြသေးဘူးဆိုတော့ ဘာတွေဆွေးနွေးခဲ့သလဲ ကျနော်မသိသေးဘူး” ဟုဆိုသည်။
တောင်းဆိုချက်များကို စစ်ကောင်စီထိန်ချန်ဖော်ပြ
အာဏာသိမ်းစစ်ကောင်စီဘက်က မြောက်ပိုင်း EAO ၃ ဖွဲ့နှင့် တွေ့ဆုံပွဲအား နိုင်ငံပိုင် သတင်းစာမှ တဆင့် သတင်းထုတ်ပြန်ရာ၌ EAO ခေါင်းဆောင်များ၏ တင်ပြချက်များကို အနည်းငယ်သာ ဖော်ပြပြီး စစ်ကောင်စီဥက္ကဌ၏ ပြောဆိုချက်များကိုသာ အလေးပေးဖော်ပြထားသည်။
EAO ခေါင်းဆောင်များသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြရှာကြောင်းနှင့် နိုင်ငံတော်မှ ခွဲမထွက်ဟု EAO ခေါင်းဆောင်များက ဆိုပြီး သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်ဟု ပြောကြောင်း နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။
စစ်ကောင်စီက ငြိမ်းချမ်းရေးကို စစ်တပ်အလိုကျရေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်းသာ အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။
အမှန်တကယ်အားဖြင့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်များသည် အသစ်အဆန်းမဟုတ်ဘဲ UWSP ဘက်က စစ်ကောင်စီဥက္ကဌနှင့် တွေ့သည့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ကြေညာသော ထုတ်ပြန်ချက်အား သံယောင်လိုက်ဖော်ပြခြင်းသာ ဖြစ်သည်။
UWSP ၏ ၂၀၂၂ ခုနှစ်မေလ ၃၁ ရက် ထုတ်ပြန်ချက်တွင်လည်း ပြည်ထောင်စုမှ ခွဲမထွက်ဟု ဆိုထားပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးမှ လွဲ၍ ဝ ဒေသကို ၎င်းတို့ဘာသာ စီမံအုပ်ချုပ်သွားမည် ဖြစ်ကြောင်းဆိုထား ပြီး ဖြစ်သည်။ သို့သော် UWSP ၏ သဘောထားတွင် NCA ထိုးမည့်အကြောင်း မပါဝင်ပေ။
တိုင်းရင်းသား အရေးလေ့လာသူ တဦးကမူ စစ်ကောင်စီ၏ အဓိက ရည်ရွယ်ချက်မှာ မြောက်ပိုင်း EAO အဖွဲ့များ လိုချင်သည့် တောင်းဆိုချက်များကို လိုက်လျောရန်မဟုတ်ဘဲ မြောက်ပိုင်းအဖွဲ့များအနေနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအား လက်နက်မပေးရန်သာ ဖြစ်ကြောင်းဆိုသည်။
၎င်းက“စစ်တပ်က ဒီမြောက်ပိုင်း ၃ ဖွဲ့ကို ဆွေးနွေးနေတဲ့ အဓိကအကြောင်းက PDF ကို လက်နက်မပေးဖို့ ။ အဲဒါက အရေးကြီးဆုံးအကြောင်းတရားပဲ။ ဒါပေမယ့် ကျနော့်အမြင်က စစ်တပ်တားဖို့ ခက်မယ်လို့ ထင်တယ်။ မြောက်ပိုင်း ၃ ဖွဲ့ က အတိအလင်းထောက်ခံတာတွေ မလုပ်နိုင်ပေမယ့် သွယ်ဝိုက်ထောက်ပံ့တာတွေတော့ ရှိနေမှာပဲ။ ဒါကို စစ်တပ်က တားဖို့ ခက်လိမ့်မယ်” ဟု ဆိုသည်။
တောင်းဆိုချက်များ လိုက်လျောမလား
SSPP ၏ တောင်းဆိုချက်သည် ရှမ်းတိုင်းရင်းသားများ၏ အရေးကိုသာ ရည်ရွယ်အဆိုပြုခြင်းမဟုတ်ဘဲ တနိုင်ငံလုံးရှိ တိုင်းရင်းသားများ၏ လိုလားချက်ကို ထပ်မံ လှုံ့ဆော်လိုက်သည့် သဘော သက်ရောက်ကြောင်း တိုင်းရင်းသား အရေးလေ့လာသူတဦးက သုံးသပ်သည်။
၎င်းက “ဗမာပြည်နယ်ထားရှိရေးဆိုတာက အရင်တုန်းက ရှမ်းတွေ ကိုင်ခဲ့တဲ့ ရှမ်းမူလို့ခေါ်တာပေါ့။ ဖက်ဒရယ်မူပေါ့။ တောင်ကြီးမူလို့လည်း ခေါ်တယ်။ တောင်ကြီးညီလာခံမှာ ဆုံးဖြတ်ချက်ချထားလို့ ။ အဓိက ရည်ရွယ်တာက ဗမာကလည်း ပြည်နယ်ဖွဲ့ရမယ်။ ဒါမှသာ တန်းတူရေး တကယ်ဖြစ်မယ်။ ဆိုလိုတာက ဗမာတကျပ် ကရင်တကျပ်၊ ရှမ်းတကျပ်ပေါ့။ ဒါမှ တကယ်ညီညွတ်သွားမယ်။ ဗမာပြည်နယ်ဖွဲ့စည်းရေးဆိုတဲ့ တောင်းဆိုချက်က အဓိကအားဖြင့် တိုင်း ၇ တိုင်း အနေနဲ့ဆိုရင် ဗမာအများစုနဲ့ ဆုံးဖြတ်ရတဲ့အခါ ဗမာပြောသမျှကို လိုက်နာနေရမယ်။ တန်းတူရေး မရှိဘူးဆိုတဲ့ အမြင်ကနေတင်တာပဲ။ ရှမ်းရဲ့ တင်ပြချက်က သူတို့အနေနဲ့ ဝ တို့ မိုင်းလားတို့နဲ့ ဆွေးနွေးပြီးသား ဖြစ်တယ်လို့ ယူဆရတယ်။ ဝ တို့ ၊ မိုင်းလားတို့ကလည်း ထောက်ခံတယ်လို့ ယူဆရတယ်။ ရှမ်းရဲ့ တင်ပြချက်က ကျန်တဲ့ ဒေသ အသီးသီးမှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း လှုံ့ဆော်လိုက်တာလို့ ပြောရပါမယ်” ဟု ဆိုသည်။
SSPP ၏ တင်ပြချက်ကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ခြင်းသည် SSPP ၏ အဆိုပြုချက်အား မထောက်ခံသည့် သဘောဖြစ်ပြီး မြေပြင်တွင် စစ်ကောင်စီနှင့် တိုက်ပွဲအချို့ ဖြစ်ထားသည့် SSPP ကလည်း စစ်ကောင်စီနှင့် ဆွေးနွေးနေစဉ်မှာပင် နယ်ကျော်လာပါက တိုက်ခိုက်သွားမည့် သဘောထားရှိနေကြောင်း တိုင်းရင်းသားအရေးလေ့လာသူတဦးက ပြောသည်။
၎င်းက “စစ်တပ်က ငြိမ်းချမ်းရေး ရရေး ၊ မရရေးထက် အချိန်ဆွဲဖို့ စဉ်းစားနေတာကိုး။ ကျန်တဲ့ နေရာပေါင်းစုံက တိုက်ပွဲဖြစ်တဲ့ အချိန်မှာ အချိန်ဆွဲဖို့ပဲ စဉ်းစားနေတာဆိုတော့ ဒီအခြေခံပေါ်ကပဲ SSPP ကို ချည်းကပ်နေတာပဲ။ SSPP ဘက်ကလည်း တဖက်ကတိုက် ၊ တဖက်က ဆွေးနွေးပဲ” ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် SSPP တို့သည် စက်တင်ဘာလ ၁၇ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် တိုက်ပွဲအချို့ဖြစ်ထားပြီး စစ်ရေးတင်းမာနေသလို မိုင်းရှူးမြို့နယ် မြောက်ဘက် လွယ်နိုင်းဒေသနှင့် ပင်လုံမြို့နယ် ဆနင်းတောင်ကြောတို့တွင်လည်း စစ်ရေးတင်းမာမှု ရှိခဲ့သည်။