အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးထားသည့် မော်ဒယ်နန်းမွေစံ အား အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ခုံရုံးမှ စက်တင်ဘာ ၂၇ ရက်နေ့က ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
မော်ဒယ် နန်းမွေစံ နေထိုင်ရာ မြောက်ဒဂုံမြို့နယ်မှာ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်သည့်အတွက် ရှေ့နေခေါ်ခွင့်မရှိခဲ့ဘဲ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရက်သတ္တပတ်ကျော်အကြာတွင် ယခုကဲ့သို့ အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။
ရှေ့နေ သတင်းရင်းမြစ်တဦးက “ဟုတ်ပါတယ်။ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်ပါတယ်။ အရပ်ဖက် ခုံရုံးတွေနဲ့ စစ်ခုံရုံးတွေနဲ့ အမှုစစ်ပုံချင်းကွာတာပေါ့။ အရပ်ဖက်ခုံရုံးတွေက ရှေ့နေလိုက်ပါခွင့်ရှိတော့ ၂ ဖက် သက်သေတွေ စစ်မေးခွင့်ရှိတယ်။ လျှောက်လဲချက်တွေပေးတယ်။ သက်သေတွေဘာတွေတင်တယ်။ ပြီးမှဆုံးဖြတ်တယ်။ စစ်ခုံရုံးဘက်က တရားလိုဘက်လောက်ပဲစစ်ပြီး ရှေ့နေလိုက်ပါခွင့်လည်း မရှိဘူး” ဟု ပြောသည်။
မော်ဒယ် နန်းမွေစံသည် ယခုနှစ် မေလအတွင်းကလည်း ဘန်ကောက်တွင် ဖခင်ဖြစ်သူအား ဆေးကုသရန်သွားရောက်မည့် အချိန်တွင် စစ်ကောင်စီက ၎င်း၏ နိုင်ငံကူးလက်မှတ်အား သိမ်းဆည်းခဲ့သည်။ ဘန်ကောက်သို့ သွားရောက် ဆေးကုသခွင့် မရခဲ့သည့် ဖခင်ဖြစ်သူမှာ ဇွန်လ ၁ ရက်နေ့တွင် ဆုံးပါးသွားခဲ့သည်။
မော်ဒယ် နန်းမွေစံနှင့်အတူ ဖမ်းဆီးခြင်းခံထားရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကိုတော့ မရမ်းကုန်းမြို့နယ် တရားရုံးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး အမိန့်ချမှတ်ရခြင်းမရှိသေးကြောင်း သိရသည်။
မော်ဒယ် နန်းမွေစံနှင့် သင်ဇာဝင့်ကျော်တို့သည် ၂၀၂၁ ခုနှစ် စစ်တပ်က တိုင်းပြည် အာဏာသိမ်းယူလိုက်ချိန်တွင် အခြားအနုပညာရှင်များနှင့် အတူ ရန်ကုန်မြို့ပေါ်တွင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ အရပ်သား အစိုးရကိုသာ လိုလားကြောင်း လူထုသပိတ် စစ်ကြောင်းများနှင့် အတူ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ခဲ့ကြသူများဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၅ ရက်က ၎င်းတို့ နှစ်ဦးကို ဖမ်းဆီးကာ တရားစွဲလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်း ဖြစ်ပြီး မော်ဒယ် သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ မော်ဒယ် ရှင်ယွန်းမြတ် ချိတ်ဆက်ပေးမှုဖြင့် Website တစ်ခုတွင် အခကြေးငွေ ရယူကာ လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုများ ဖြန့်ဝေခဲ့ကြောင်းနှင့် မော်ဒယ် နန်းမွေစံ သည်လည်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစကာ အမေရိကန်နိုင်ငံရှိ Exantria Website တွင် လိင် အသားပေး ဓာတ်ပုံများ ဖော်ပြခဲ့ပြီး အခကြေးငွေ ရယူခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။
စစ်ကောင်စီက ၎င်းတို့နှစ်ဦးကို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည်ဟု စွပ်စွဲကာ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃-က ဖြင့် အရေးယူခဲ့ကြောင်း ကြေညာခဲ့သည့်အပြင် ထိုကဲ့သို့ ရိုက်ကူးနေသူများကို အရေးယူ ဆောင်ရွက်သွားမည် ဟုလည်း ဆိုထားသည်။
၎င်းတို့ ၂ ဦးအား စွဲဆိုထားသည့် အီလက်ထရောနစ် ပုဒ်မ ၃၃ (က) သည် ထောင်ဒဏ် အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ် ချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။