သတင်း

စစ်တပ်ယိမ်း နိုင်ငံရေးသမားပိုင် "ဖောင်းစိန်"ကို သပိတ်မှောက်

စစ်ကောင်စီလိုလားသော နိုင်ငံရေးပါတီခေါင်းဆောင်နှင့် သမီးတို့ ပိုင်ဆိုင်သည့် ဖောင်းစိန် စားသောက်ကုန် လုပ်ငန်းသည် စစ်ကောင်စီ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများက ပစ်မှတ်ထား သပိတ်မှောက်သည့် လတ်တလော နောက်ဆုံးစီးပွားရေးလုပ်ငန်း ဖြစ်လာသည်။

ထိုလုပ်ငန်းပိုင်ရှင် ဒေါ်နန်းရွှေကြာသည် ၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုမှ စတင်ပြီး စစ်ကောင်စီကို ထောက်ခံကြောင်း တက်ကြွလှုပ်ရှားသူ ကိုဇင်သော်နိုင်က ပြောဆိုပြီး ဖောင်းစိန်ကို သပိတ်မှောက်ရန် Facebook တွင် တနင်္လာနေ့က တောင်းဆိုသည်။

ထိုအချိန်မှ စတင်ပြီး အခြားတက်ကြွလှုပ်ရှားသူများနှင့် လူမှုကွန်ရက်စာမျက်နှာများကလည်း ထိုသပိတ်မှောက်ရန် တောင်းဆိုမှုတွင် ပူးပေါင်းပါဝင်ကြသည်။

အင်တာနက် အသုံးပြုသူများနှင့် ဂျပန်မှ တဆိုင်အပါအဝင် အွန်လိုင်းအရောင်းဆိုင်များက ဖောင်းစိန်ကို သပိတ်မှောက်မည်ဖြစ်ကြောင်း နာရီပိုင်းအတွင်း အကြောင်းပြန်ကြားကြသည်။

မွန်ပြည်နယ်မှ လုပ်ငန်းတခုကလည်း စစ်ကောင်စီနှင့် ပတ်သက်နေကြောင်း သိရသောကြောင့် ထိုလုပ်ငန်းမှ ထုတ်ကုန်များကို ရောင်းချတော့မည် မဟုတ်ကြောင်း ကြေညာသည်။

ဒေါ်နန်းရွှေကြာသည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP).၏ မဟာမိတ် ဝံသာနု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒေါ်နန်းရွှေကြာ

သူသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲကြောင့် အခြေအနေဆိုးလာပါက စစ်တပ်ကိုထောက်ခံမည်ဖြစ်ကြောင်း ကတိပြုသည့် နိုင်ငံရေးပါတီခေါင်းဆောင် ၃၄ ဦးတွင် တဦးအပါအဝင်ဖြစ်သည်။

ရွေးကောက်ပွဲအပြီး ၃ လကြာသောအခါ မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခဲ့သည်။ အကြီးအကျယ် ရှုံးနိမ့်သွားသည့် စစ်တပ်လိုလားသော ပါတီများက ရွေးကောက်ပွဲတွင် မသမာမှုရှိသည်ဟု ပြောဆိုချက်များကြောင့် အာဏာသိမ်းရခြင်းဖြစ်ကြောင်း သူပြောသည်။

လွှတ်တော်ကိုယ်စားလှယ်နေရာ တနေရာမျှ အနိုင်မရသော ဝံသာနုပါတီက ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှု မရှိကြောင်းနှင့် လွှတ်တော်သစ် ခေါ်ယူခြင်းကို ဆိုင်းငံ့ထားရမည်ဖြစ်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်သည်။ ထိုလွှတ်တော်သစ် မခေါ်ယူမီ နာရီပိုင်းအလို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ လွှတ်တော်သစ်ကို ဖျက်သိမ်းလိုက်သည်။

ဒေါ်နန်းရွှေကြာ၏ ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သား အစိုးရကို ဆန့်ကျင်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံသည့် USDP ကြေညာချက်များတွင် ပူးတွဲ လက်မှတ်ထိုးသည်။

ဒေါ်နန်းရွှေကြာ၏ ဆိုရှယ်မီဒီယာ စာမျက်နှာ

ဦးကျော်မိုးထွန်းကို အရပ်သား အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်အဖြစ် အတည်မပြုရန် ကုလသမဂ္ဂကို တောင်းဆိုသည့် လွန်ခဲ့သောနှစ် စက်တင်ဘာလက USDP ကြေညာချက်တွင်လည်း သူ၏ အမည် ပါဝင်သည်။

ထိုနောက်တွင် သူက ထိုကြေညာချက်ကို လက်မှတ်ထိုးခြင်း မရှိကြောင်း ငြင်းဆန်ပြီး သူ့ကို အသုံးချခြင်းဖြစ်သည် ဟုပြောသည်။ သို့သော် USDP ပြောခွင့်ရသူတဦးက ထိုပူးတွဲကြေညာချက်ကို ဒေါ်နန်းရွှေကြာ လက်မှတ်ထိုးခဲ့ကြောင်း ပြောသည်။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှ စတင်သည့် သူ၏ လူသိရှင်ကြား ပြောကြားချက်များကြောင့် စစ်တပ်ကို သူ ထောက်ခံကြောင်း ငြင်းမရပေ။

သူ၏ယောင်္ကျား ဦးရဲမင်းသည် ဝံသာနုတွင် တွဲဖက် ဥက္ကဌဖြစ်သည်။ ထိုပါတီသည် လွန်ခဲ့သောနှစ်မေလက စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်သည့် “မဲသမာမှုများ”နှင့် လာမည့်နှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးသို့ အခြားပါတီ ၅၈ ခုနှင့်အတူ တက်ရောက်သည်။ ထိုအစည်းအဝေးကို NLD အပါအဝင် အဓိကကျသည့် ပါတီများ မတက်ရောက်ပေ။

မန္တလေးတွင် အခြေစိုက်သည့် ဖောင်းစိန်သည် အစားအသောက်များကို ပြည်တွင်း ပြည်ပတွင် ရောင်းချပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် ထင်ရှားသူအချို့နှင့်ကြော်ငြာသောကြောင့် အောင်မြင်လာသည်။

ဖောင်းစိန် စားသောက်ကုန်များ

ထိုစားသောက်ကုန်လုပ်ငန်းသည် အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ စင်္ကာပူနှင့် အခြားနိုင်ငံများသို့ အောင်မြင်စွာ တင်ပို့နိုင်ကြောင်း ဒေါ်နန်းရွှေကြာ၏ သမီးဖြစ်သူ မနုဝေကျော်က အွန်လိုင်းမီဒီယာ အုပ်စုများသို့ ပြောသည်။

You may also like these stories:

၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း

ရုရှား ရူဘယ်ငွေ ဘယ်လိုတွေ သုံးမှာလဲ

ပြည်တွင်း ခရီးသွားလုပ်ငန်း လာမည့်ရာသီ ပြန်စနိုင်မလား

အခြေခံ လူတန်းစားများ “ထမင်း မဝတော့ပါ”

Loading