စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်းအား စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုတွင် ဒဏ်ရာရခဲ့သည့် ကလေးများ အပါအဝင် အရပ်သား ၂၀ ကျော်ကို ဖမ်းသွားခဲ့သည်မှာ ၂ ပတ်ခန့် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ပြန်လည်လွတ်လာခြင်း မရှိသဖြင် စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ကလေးများ စာသင်နေချိန် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် အဆိုပါ စာသင်ကျောင်းကို ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်တိုက်ခိုက်သလို မြေပြင် မှလည်း တိုက်ခိုက်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စာသင်နေသည့် ကလေးငယ် ၆ ဦးနှင့် အရပ်သားပြည်သူ အချို့ သေဆုံးခဲ့သည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ကလေးငယ်များအား မိဘထံ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အပြင် ဒဏ်ရာရရှိ ထားသည့် ကလေးငယ် ၁၂ ဦးနှင့် အရပ်သားအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယနေ့အချိန်ထိ မျက်စိတွင် ပြင်းထန်ဒဏ်ရာရ ကလေးငယ်သာ ၁ ဦးသာ ပြန်လွှတ်ပေးကြောင်း၊ ကျန်သူများအား မိသားစုများနှင့် တွေ့ဆုံခွင့်မပေးဘဲ ဆက် လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “ကလေးတွေနဲ့ ဖုန်းပြောရတယ်။ အဆင်ပြေတယ်တော့ ပြောတာပဲ။ လူချင်းတွေ့ခွင့် မရသေးဘူး။ တွေ့ခွင့် တောင်းတာလည်း မရသေးဘူး။ ကလေးတွေက ရေဦးမှာလို့ သိရတယ်။ ကလေး ၁ ယောက်ကတော့ ရန်ကုန်ရောက်သွား တယ် ပြောတယ်။ ကလေးရဲ့ ဒဏ်ရာက ခွဲစိတ်ကုသရမှာမလို့ ရေဦးမှာမနိုင်လို့ ရန်ကုန်ကို လွှဲတာလား မသိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီက ဖမ်းဆီးသွားသည့် ကလေးငယ်များအနက် မောင်ဇော်ကိုဦး ဆိုသူမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း လည်း လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှ ဆရာမဖြစ်သူ ဒေါ်အေးမာဆွေက ပြောဆိုထားသည်။
စစ်ကောင်စီ အနေဖြင့် ၎င်းတို့ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ သေဆုံးမှုအား ဖုံးကွယ်ခဲ့ပြီး ကလေးငယ် ၂ ဦးသာ ဒဏ်ရာပြင်းထန်ကြောင်း ပြောကြားထားကာ လက်ရှိအချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကလေးငယ်များနှင့် အရပ် သားများ၏ ကျန်းမာရေး အခြေအနေကိုမူ ဖုံးကွယ်ထားဆဲ ဖြစ်သည်။
အဆိုပါ အခြေအနေကြောင့် ဖမ်းခံထားရသည့် ကလေးငယ်များ၏ မိဘများ အနေဖြင့် အလွန်စိုးရိမ်လျက်ရှိပြီး နိုင်ငံရေးနှင့် သက်ဆိုင်ခြင်း မရှိဘဲ အေးချမ်းစွာ ပညာသင်ကြားနေသည့် ကလေးငယ်များသာ ဖြစ်သောကြောင့် မိဘများကိုယ်တိုင် ဆေးကုသခွင့် ရရှိရန် ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ကူညီဆောင်ရွက်နေသူ တဦးက တောင်းဆိုသည်။
ဆက်လက်၍ ၎င်းက “မြေပြင်မှာရှိတဲ့ ကလေးမိဘတွေက အရမ်းကို ပူဆွေးသောက ရောက်နေကြရတယ်။ ကန့်ကွက်ပါ တယ်၊ ရှုတ်ချပါတယ်လောက်နဲ့တော့ အဆင်မပြေဘူး။ ကျူးလွန်တဲ့သူတွေကို ဘယ်လို အရေးယူပေးကြမလဲ။ ကလေးတွေ မိဘတွေလက်ထဲ ပြန်ရောက်အောင် ဘယ်လို လုပ်ပေးကြမလဲ။ ကျနော်တို့ ကလေးတွေ ကျနော်တို့ ပြန်ရချင်တယ်။ ဒီလို ဖြစ်ရပ်တွေ နောင်မဖြစ်အောင် ဝိုင်းဝန်းတာဆီး ကာကွယ်ပေးကြစေချင်ပါတယ်” ဟု ဆိုသည်။
ထိုသို့သော အခြေအနေတွင် ကြေညာချက်ထုတ် ကန့်ကွက်ရုံသာ လုပ်ဆောင်နိုင်သည့် ကုလသမဂ္ဂလက်အောက်ရှိ ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သော ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် Save The Children တို့ကို ပြည်သူလူထုက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လျက် ရှိသည်။
UNICEF နှင့် Save The Children မြန်မာတို့သည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ၃ ရက်အကြာမှ ကလေး များနှင့် စာသင်ကျောင်းအား တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖမ်းဆီးသွားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ကျူးလွန်ခဲ့သည့် စစ်ကောင်စီ၏ အမည်ကိုပင် ထည့် သွင်းဖော်ပြ ခြင်း မရှိခဲ့ပေ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူ ကိုဘိုကြည်က “ကုလအေဂျင်စီတွေက ဘက်မလိုက်ဘဲ လိုအပ်နေတဲ့သူတွေကို ကူညီဖို့ ဦးစားပေးရပါမယ်။ အခုတော့ သူတို့လုပ်ဆောင်နေပုံက စစ်အုပ်စုအလိုကျ လုပ်ဆောင်နေပုံ ပေါက်နေပါတယ်။ ဒါက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ကုလအေဂျင်စီတွေက စစ်အုပ်စုကို မြန်မာနိုင်ငံသား တွေထက် ပိုကြောက်တယ်ဆိုတာ သူတို့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ သူတို့ ကြေညာချက်ထဲမှာ စာသင်ကျောင်း ထဲမှာရှိတဲ့ ကလေးတွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို ထည့်တောင် မပြောခဲ့ပါ ဘူး” ဟု ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လက်ယက်ကုန်း ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်တွင်းရှိ UNICEF ထံ ဆက် သွယ်ခဲ့သော်လည်း မရကြောင်း NUG အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီး နော်စူစန်နာလှလှစိုးက စက်တင်ဘာ ၂၆ ရက် ညပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
အဆိုပါ လက်ယက်ကုန်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှုနှင့် ဖမ်းဆီးချုပ်နှောင်ခံရသူများအရေး အကူအညီပေးနေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) သည်ပင်လျှင် ယခုအချိန်ထိ ကြေညာချက် ထုတ်ပြန် ခြင်း မရှိသေးပေ။
ယင်းအတွက် ပြည်သူလူထုက ဝေဖန်မေးခွန်းထုတ်မှုများ ရှိနေသလို ဒဏ်ရာများဖြင့် ဖမ်းဆီးခံထားရသည့် ကလေးငယ် များ ပြန်လည်လွတ်မြောက်ရေး ကြားဝင်ကူညီဆောင်ရွက်ပေးရန်လည်း တိုက်တွန်းလျက် ရှိသည်။
ICRC အနေဖြင့် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား စစ်သုံ့ပန်းများ ပြန်လွှတ်ပေးရေး ညှိနှိုင်းလက်ခံ ဆောင်ရွက်ပေးခဲ့သည့်နည်းတူ ယခု ဖြစ်ရပ်တွင်လည်း ဒဏ်ရာရကလေးငယ်များအား မိဘထံ ပြန်လည် ပေးအပ်ခြင်း မရှိဘဲ စစ်ကောင်စီက ဖမ်းဆီးထားဆဲ အခြေအနေအပေါ် ကြားဝင်ဆောင်ရွက်ပေးသင့်ကြောင်းလည်း အရပ်ဘက်အဖွဲ့ အစည်းတချို့က ပြောသည်။
ထို့ပြင် နိုင်ငံတကာအစိုးရများ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်နေခြင်းများ အပေါ် တားဆီးအရေးယူနိုင်ရေး ယခုထက် ပိုမိုလက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ကြရန်လည်း ၎င်းတို့က တိုက်တွန်းသည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ အတွင်းရေးမှူးအဖွဲ့ဝင် မလွေးပိုးငယ်က “ကျမအနေနဲ့ လက်ယက်ကုန်းရွာ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါဟာ စစ်ရာဇဝတ်မှု ဖြစ်တယ် ဆိုတာကို နိုင်ငံတကာတွေက မေ့လို့ မရဘူး။ နိုင်ငံတကာတွေက တကယ်ပဲ မြန်မာ့အရေးအတွက် ကူညီပံ့ပိုးပေးချင်တယ် ဆိုရင်တော့ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို လျစ်လျူရှုနေတဲ့ အပေါ်မှာတော့ ဘယ်လိုမှ ကောင်းတဲ့အရာ ဖြစ်မလာနိုင်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီ၏ ကလေးသူငယ်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားမျှတမှု ရရှိရေးအတွက် နိုင်ငံတကာ အနေဖြင့် လျစ်လျူမရှုဘဲ အကြမ်းဖက် ကျူးလွန်သူများအား အရေးယူနိုင်ရေး ဝိုင်းဝန်းဆောင် ရွက်ပေးကြရန်လည်း တိုက်ခိုက်ခံရမှုအတွင်း ကလေးငယ်များနှင့်အတူ ရှိခဲ့သူ လက်ယက်ကုန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှ ကျောင်းဆရာမ ဒေါ်အေးမာဆွေက တောင်း ဆိုသည်။
၎င်းက “ဒီ စစ်အာဏာရှင် မချုပ်ငြိမ်းသရွေ့ကတော့ ကျမတို့ မြန်မာနိုင်ငံကို ဘာရုပ်ဝတ္ထုတွေနဲ့ပဲ လာပြီးတော့ ပံ့ပိုးပံ့ပိုး ကျမတို့ အဲဒီ ရုပ်ဝတ္ထုတွေပစ်ပြီး ပြေးနေကြရမှာပဲ။ အဲဒါကြောင့်မလို့ ဒီစစ်အာဏာရှင်ကို ချုပ်ငြိမ်းအောင် မြန်မြန်လုပ်ပေး ကြပါ။ ကမ္ဘာကြီးက ကျမတို့ မြန်မာနိုင်ငံကို မေ့မထားကြပါနဲ့လို့ ကျမ ပြောချင်တယ်” ဟု ဆိုသည်။
You may also like these stories:
ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု
မြန်မာကလေးများ ထပ်မံသတ်ဖြတ်မခံရရေး ကမ္ဘာက ချက်ခြင်းအရေးယူရမည်
လက်ယက်ကုန်းသတ်ဖြတ်မှု CDM လေတပ်ဗိုလ်ကြီးတဦး ရှင်းပြ
လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို