မော်စကိုမှ ရုရှား၏တောင်ဘက် ဂျော်ဂျီယာနယ်စပ်သို့ ရောက်ရန် ဗက်ဗိလော့ လေးရက်ခန့်ကားမောင်းရသည်။ တနေရာအရောက်တွင် သူသည် ကားကို စွန့်ပစ်ထားခဲ့ပြီး ခြေကျင်လျှောက်သည်။
အင်္ဂါနေ့တွင်မူ သူ၏ မိုင် ၁၁၀၀ ခရီးပြီးဆုံးသွားပြီး နယ်စပ်ကို ဖြတ်ကျော်ကာ ရုရှား၏ ယူကရိန်းစစ်တွင် တိုက်ခိုက်ရန် စစ်မှုထမ်းဆင့်ခေါ်မှုမှ လွတ်မြောက်သွားသည်။
“အသက် ၂၆ နှစ်အရွယ်မှာ ကျနော့်အိမ်ကို ကျနော် အခေါင်းမပို့ချင်သလို အင်ပါယာတည်ဆောက်ချင်တဲ့ လူတယောက်ရဲ့စစ်ကြောင့် ကျနော့်လက်မှာလည်း ဘယ်သူ့သွေးမှ မစွန်းထင်းစေချင်ဘူး” ဟု AP သို့ သူပြောကြားပြီး ရုရှားက လက်စားချေမည်ကို စိုးရိမ်သောကြောင့် သူ့အမည်မှ နောက်ဆုံးစကားလုံးကိုသာ အသုံးပြုရန် တောင်းဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အရန်တပ်များ စစ်မှုထမ်းရန် ဆင့်ခေါ်သည့် အပတ်အတွင်း အိမ်နီးချင်း ဂျော်ဂျီယာ၊ ကဇတ်စတန်နှင့် ဖင်လန် တို့သို့ အများအားဖြင့် ကား၊ ဆိုင်ကယ်၊ ခြေကျင်ဖြင့် သို့မဟုတ် ခြေကျင်ထွက်ပြေးသော ရုရှားနိုင်ငံသား ၁၉၄၀၀၀ တွင် သူလည်း တဦးဖြစ်လာသည်။

တဦးတည်းဖြစ်စေ မိသားစုနှင့် မိတ်ဆွေများနှင့်ဖြစ်စေ အမျိုးသားများ နိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ပြေးခြင်းသည် ပူတင်က နိုင်ငံကို မိန့်ခွန်းပြောပြီး မကြာမီ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စတင်ပြီး ယခုအပတ် တပတ်လုံး ဆက်လက်ထွက်ပြေးနေကြသည်။ ကနဦးတွင် ၎င်းတို့သည် လေယာဉ်လက်မှတ်များကို အလုအယက် ဝယ်ယူကြပြီး ရုရှားတွင်ပြေးဆွဲနေဆဲဖြစ်သော လေကြောင်းလိုင်းအနည်းငယ်မှ လက်မှတ်ဈေးနှုန်းများ တက်ကုန်သည်။ သို့သော် ကျန်သူများသည် ၎င်းတို့၏ ကားများကို ဓာတ်ငွေ့ဖြည့်ပြီး နယ်စပ်များမှ ရှည်လျားသော ယာဉ်တန်းတွင် ပါဝင်လာသည်။
Yandex Maps အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်း၏ အဆိုအရ ရုရှားနိုင်ငံ မြောက်အော့ဆက်ရှားဒေသမှ ဂျော်ဂျီယာနိုင်ငံသို့ ကူးဝင်သည့် နယ်စပ်ဖြစ်သော ဗာခနီလားသို့ သွားသည့်လမ်းတွင် အင်္ဂါနေ့က ယာဉ်ကြောပိတ်ဆို့နေသည့် ယာဉ်တန်းသည် ၉ မိုင်ရှည်သည်။ ရုရှားနယ်ခြားစောင့်တပ်က စည်းမျဉ်းများကို လျှော့ပေါ့ပြီး ခြေကျင်သွားခွင့်ပြုလိုက်သောကြောင့် နယ်စပ်စစ်ဆေးရေးစခန်းတွင် ရာနှင့်ချီသော ခြေကျင်လျှောက်သူများ တန်းစီနေသည်ကို လူမှုကွန်ရက်တွင် ပြသနေသည်။
ကဇတ်စတန်သို့ ကူးဝင်သည့် နယ်စပ်စခန်းအချို့တွင်လည်း အလားတူ လူတန်းရှည်ကြီးများကို တွေ့ရကြောင်း သတင်းများက ဖေါ်ပြသည်။

လွန်ခဲ့သောအပတ်က ရုရှားနိုင်ငံသား ၅၃၀၀၀ ကျော် ဝင်ရောက်လာကြောင်း ဂျော်ဂျီယာ ပြည်ထဲရေး ဝန်ကြီးဌာနပြောသည်။ ကဇတ်စတန် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ၎င်းတို့ နိုင်ငံတွင်သို့ ရုရှားနိုင်ငံသား ၉၈၀၀၀ ဝင်ရောက်လာကြောင်း ပြောသလို ဖင်လန်နယ်စပ်အေဂျင်စီက အလားတူကာလအတွင် ရုရှားနိုင်ငံသား ၄၃၀၀၀ ဝင်ရောက်လာကြောင်းပြောသည်။ ရုရှားနှင့် နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံတနိုင်ငံဖြစ်သည့် မွန်ဂိုလီးယားသို့ ရုရှား ၃၀၀၀ ကျော်ဝင်ရောက်လာကြောင်း မီဒီယာ သတင်းများက ဖေါ်ပြကြသည်။
ထိုသို့ နိုင်ငံသားများ ပြည်ပသို့ ထွက်ခွာနေခြင်းကို ရုရှားအာဏာပိုင်များက တားဆီးရန် ကြိုးစားပြီး စစ်မှုထမ်းဥပဒေအရ နိုင်ငံမှ မထွက်ခွာရန် လူအချို့ကို တားဆီးပိတ်ပင်ထားသည်။ သို့သော် ထိုသို့ တားမြစ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပုံမရသော်လည်း မော်စကိုသည် စစ်မှုထမ်းအရွယ် အမျိုးသား အားလုံးအတွက် နယ်စပ်များကို ပိတ်တော့မည်ဆိုသည့် ကေလာဟလများ ဆက်လက်ရှိနေသည်။
မြောက်အော့ဆက်ရှားမှ ရဲများသည် စစ်မှုထမ်းရန် စာရင်းသွင်းသည့် ယာယီရုံးများကို ဗာခနီလားနယ်စပ် ဖြတ်ကျော်ရေးစခန်းအနီး ဖွင့်လှစ်ထားပြီး ဒေသဆိုင်ရာအရာရှိများကလည်း စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများအတွက် ဂျော်ဂျီယာနယ်စပ်တွင် ဆောင်ရွက်ပေးနေကြောင်း တာ့စ် သတင်းဌာနသို့ ပြောသည်။
ယခင်က တိုက်ခိုက်ရေး သို့မဟုတ် စစ်မှုထမ်းဖူးသူ ၃ သိန်းကိုသာ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေ ရွှိုင်ဂု ပြောသော်လည်း စစ်သားစုဆောင်းသူများသည် အချက်နှင့် မကိုက်ညီသည့် သူများကိုပါ သိမ်းကြုံး စာရင်းသွင်း နေကြောင်း ဒေသအများအပြားမှ ထွက်ပေါ်လာသည့် သတင်းများတွင် ဖေါ်ပြထားသည်။ ထို့ကြောင့် ပိုမိုကျယ်ပြန့်သည် စစ်မှုထမ်းရန် ဆင့်ခေါ်မှု ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး အသက်အရွယ်စုံ ဘဝနောက်ခံစုံမှ အမျိုးသားများအား လေဆိပ်များနှင့် နယ်စပ်များသို့ ထွက်ပြေးစေသည်။
“အခုလို တစိတ်တပိုင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်ရာကနေ အပြည့်အ၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ အမိန့်ထုတ်ပြန်မယ့် အန္တရာယ်ရှိနေတယ်” ဟု ကဇတ်စတန်သို့ အင်္ဂါနေ့တွင် ထွက်ပြေးသည့် စိန့်ပီတာစဘတ် မြို့သားတဦး ပြောသည်။ လုံခြုံရေးအတွက် စိုးရိမ်သောကြောင့် အမည်မဖေါ်လိုသူတဦးကလည်း သူ၏နေရပ်မှ နယ်စပ်အနီး အနောက်မြောက် ကဇတ်စတန်ရှိ ယူရဲ့လ်သို့ ရောက်ရန် သုံးရက်ကားမောင်းခဲ့ရကြောင်း AP သတင်းဌာနသို့ ပြောသည်။
စစ်မှုထမ်းရန် ဆင့်ခေါ်သည့် ပူတင်၏ စကားနှင့် အမိန့်စာအကြား ကွဲပြားနေသောကြောင့် အမျိုးမျိုး ဖွင့်ဆိုနိုင်ကြောင်း သူပြောသည်။ “မကြာခင်မှာ အားလုံးကို စစ်မှုထမ်းဖို့ အပြည့်အ၀ ဆင့်ခေါ်မှု ကြေညာပြီး ဘယ်သူမှ နယ်စပ်မဖြတ်နိုင်တော့မှာကို လူတွေ စိုးရိမ်နေတယ်” ဟု သူပြောသည်။
ယခင် ဆိုဗီယက်ယူနီယံ နိုင်ငံဟောင်းများဖြစ်ပြီး ရုရှားနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပေးသော ကဇတ်စတန်နှင့် ဂျော်ဂျီယာတို့သည် ကုန်းလမ်းမှ လာသော ရုရှားနိုင်ငံသားများ အများဆုံးသွားရောက်သော နိုင်ငံများဖြစ်နေသည်။ ဖင်လန်နှင့်နော်ဝေးတို့သို့ သွားရောက်မည်ဆိုပါက ဗီဇာလိုအပ်မည်ဖြစ်သည်။

အဆောက်အအုံများတွင် ယူကရိန်း၏ အဝါနှင့်အပြာရောင်အလံများ၊ ပူတင်နှင့် ရုရှားကို ဆန့်ကျင်သည့် နံရံပန်းချီများဖြင့် တန်ဆာဆင်ပြီး ယူကရိန်းကိုထောက်ခံကြောင်း ပြသနေသည့် ဂျော်ဂျီယာနိုင်ငံသည် ရုရှားနိုင်ငံသားများ အလုံးအရင်း ဝင်လာသောကြောင့် တစုံတရာ စိုးရိမ်နေသည်။ အထူးသဖြင့် ရုရှားနှင့် ဂျော်ဂျီယာတို့သည် ၂၀၀၈ ခုနှစ်က ခဏတာမျှ စစ်ဖြစ်ပွားဖူးသည်။
အတိုက်အခံ နိုင်ငံရေးသမားများက ဂျော်ဂျီယာအစိုးရအနေဖြင့် ရောက်ရှိလာသော ရုရှားများနှင့်ပတ်သက်ပြီး ဗီဇာလိုအပ်ချက် ပြန်လည်ပြဋ္ဌာန်းခြင်းနှင့် လုံးဝပိတ်ပင်ခြင်း အပါအဝင် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်ရန် တောင်းဆိုသည်။ သို့သော် အစိုးရက ထိုသို့လုပ်ဆောင်ခြင်း မရှိသေးပေ။
ထွက်ပြေးလာသော ရုရှားများကို ကဇတ်စတန်က ပိုမိုကြိုဆိုပုံရသည်။ ယူကရိန်းစစ်ပွဲ စတင်ချိန်မှ စတင်ပြီး လူဦးရေ ၁၉ သန်းရှိသော ကဇတ်စတန်သည် မဟာမိတ်မော်စကိုနှင့် သီးခြားရပ်တည်လာပြီး ယူကရိန်းနှင့်ပတ်သတ်လျှင် လွတ်လပ်စွာဆုံးဖြတ်သည်။
နယ်စပ်မှ ဝင်ရောက်လာသော ရုရှားနိုင်ငံသားအရေအတွက်ကို ကြေညာရာတွင် ကဇတ်စတန် ပြည်ထဲရေး ဝန်ကြီးက ရုရှားနိုင်ငံသားများသည် နိုင်ငံတကာရာဇဝတ်ဂိုဏ်း စာရင်းတွင်မပါလျှင် အတင်းအကျပ် ပြန်ပို့မည်မဟုတ်ကြောင်း ပြောသည်။

ကဇတ်စတန် သမ္မတ ကက်ဆမ်ဂျိုမတ် တိုကာယက်က မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေကြောင့် ရောက်လာသည့် ရုရှားနိုင်ငံသားများကို စောင့်ရှောက်ရန် ညွှန်ကြားထားသည်။
“သူတို့ လုံခြုံအောင် ကျနော်တို့ လုပ်ပေးရမယ်။ ဒါဟာ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု ပြဿနာဖြစ်တယ်။ အစိုးရအနေနဲ့ လိုအပ်တာတွေလုပ်ဖို့ ကျနော် တာဝန်ပေးတယ်” ဟု သူပြောပြီး အခြေအနေကို ရုရှားနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
လူဦးရေ ၂၃၆၀၀၀ ရှိသော ယူရဲ့လ်သို့ ရောက်လာသော ရုရှားများကို ကူညီနေသည့် စေတနာ့ ဝန်ထမ်းများက ရောက်ရှိလာသူများအတွက် အစားအသောက်များကို အခမဲ့ကျွေးနေပြီး နေရာထိုင်ခင်း ကူညီရှာဖွေပေးနေကြောင်း၊ တည်းခိုရန်နေရာများမှာလည်း ချက်ခြင်း ပြည့်သွားကြောင်း AP သတင်းဌာနသို့ပြောသည်။ ဟိုတယ် သို့မဟုတ် အခန်းရှာမရသူများအနေဖြင့် အားကစားရုံများတွင် ညအိပ်နိုင်ကြောင်း စေတနာ့ဝန်ထမ်းတဦးပြောသည်။
ခရိုင်းမီးယားပတ်ခ် ဇာတ်ရုံ ဒါရိုက်တာ ဒီလာရာ မူခမ်ဘီတိုဗာက မြို့အတွင်း ကားမောင်းသွားရင်း လူအများအပြား လမ်းပျောက်သကဲ့သို့ ဖြစ်နေသည်ကိုတွေ့ပြီးနောက် ရုရှားများအနေဖြင့် သူ၏ဇာတ်ရုံတွင် နေထိုင်နိုင်ကြောင်း ကြေညာသည်။
“ကျမတို့ ဇာတ်တိုက်တဲ့ အခန်းတခုကို ထပ်ရှင်းထားတယ်။ လက်ဖက်ရည် စီစဉ်ပေးထားတယ်။ စေတနာ့ဝန်ထမ်းတွေက ပူပူနွေးနွေးအစားအသောက်တွေ ဝေပေးနေတယ်” ဟု သူပြောကြောင်း ဒေသမီဒီယာများ ကိုးကားဖေါ်ပြသည်။ “ဇာတ်တိုက်တဲ့အခန်း ၄ ခုပြည့်သွားပြီး လူ စုစုပေါင်း ၂၀၀ လောက်အတွက် စီစဉ်ထားပေးပြီးပြီ” ဟုလည်း သူပြောသည်။
ကိုးကား။ ။ AP ၏ Over 194,000 Russians flee call-up to neighboring countries
ဘာကြောင့် ယူကရိန်းက နိုင်မှာလဲ
အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော သချိုင်္င်းများ ယူကရိန်း ရှာတွေ့
ယူကရိန်းစစ်ပွဲတွင် ရှီနှင့် မိုဒီတို့ ပူတင်နှင့်အတူ မရပ်တည်
သားသတ်သမား မြန်မာနှင့် ရုရှားတို့၏ အထီးကျန်တွေ့ဆုံပွဲ