ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းတွင် စစ်တပ်က ကားလမ်းများကို ပိတ်ဆို့ထားသဖြင့် ဒေသခံများ ကျေးရွာများ အတွင်း ပိတ်မိနေသလို ရိက္ခာပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သြဂုတ်လဆန်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်တပ်၏အထိုင်စခန်းကုန်းများ သိမ်းပိုက်ခံရပြီးနောက်ပိုင်း ဖြတ်လေးဖြတ်ဗျူဟာဖြင့် စစ်တပ်က လမ်းပန်း ဆက်သွယ်ရေးများကို ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
တမန်းသားကျေးရွာသားတဦးက “ကျနော်တို့ ငါးခြောက်လေးတွေတောင် မစားရတော့ပါဘူး။ အ်ိမ်ဘေးနားက ငှက်ပျောပင် တွေကို ခုတ်ပြီး ချက်စားနေရတဲ့ အခြေအနေ ဖြစ်နေပြီ။ စားဆီဆို လုံးဝကို မမြင်ဖူးတော့ဘူး။ မောင်တောကို ထွက်ပြေးဖို့ ကလည်း ကားမရှိ။ ဆိုင်ကယ်နဲ့ သွားမယ်ဆိုလည်း ကြိမ်ချောင်းဂိတ်က မဖြတ်ရဘူး။ သူတို့ ဖြတ်လေးဖြတ်နဲ့ ကျနော်တို့ကို ဒုက္ခရောက်အောင် လုပ်နေတာ” ဟု ဧရာဝတီ သို့ ပြောသည်။
စစ်ကောင်စီတပ်က လမ်းကြောင်း ပိတ်ထားသည့်အတွက် မောင်တောမြောက်ပိုင်းမှ အောင်သပြေ၊ တမန်းသား၊ မင်းခ မောင်း၊ ဗန္ဓုလ၊ တပ်ချောင်း၊ နံ့သာတောင်၊ ရန်အောင်ပြင်၊ မင်္ဂလာညွန့်၊ မြဝတီ၊ တရိန်း၊ မင်းကွေ့၊ အောင်ချမ်းသာ၊ ငါးခူရ စသည့် ကျေးရွာများမှ ဒေသခံများမှာ ရွာအတွင်း ပိတ်မိနေကြပြီး စားနပ်ရိက္ခာ လုံးဝ ပြတ်လပ်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
နံ့သာတောင်ကျေးရွာသားတဦးကလည်း “ကျနော်တို့ ရွာက နံ့သာတောင်ဆရာတော်ကို စစ်တပ်က အကြောင်းကြားတယ် လို့ ပြောတယ်။ လုံခြုံရေး တာဝန်မယူနိုင်ဘူး။ မောင်တောကို ဆုတ်မယ်ဆိုရင် ဆုတ်ပါလို့ ပြောတယ်တဲ့။ လူတွေကိုတော့ ဆုတ်ခွင့်ပေးတယ်။ ကားတွေက ရွာသားတွေကို လာခေါ်မယ် ဆိုပြီးတော့ တက်လာတော့ ကြိမ်ချောင်းဂိတ်က ဖြတ်ခွင့် မပေးဘူး။ ဒါက ဘယ်လို သဘောထားလဲဆိုတာ မသိတော့ဘူး” ဟု ဆိုသည်။
ထို့ပြင် နံ့သာတောင်ကျေးရွာတွင် ဒေသခံများနှင့်အတူ ပညာရေးဝန်ထမ်းများလည်း ပိတ်မိလျက် ရှိကြောင်း၊ ဖျားနာနေ သည့် ရွာသားတချို့မှာလည်း သောက်စရာဆေးဝါးများ မရှိခြင်း၊ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ ကုသမှုခံယူရန် လမ်းကြောင်းများ ပိတ်ထားခြင်းတို့ကြောင့် အခက်ကြုံနေရကြောင်းလည်း ဒေသခံများက ပြောသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲပြင်းထန်နေသော မောင်တောမြောက်ပိုင်းတခုလုံးကို လမ်းပန်း ဆက်သွယ်ရေး ဖြတ်တောက်ထားသလို မောင်တောနှင့် ရသေ့တောင်သို့ ဆက်သွယ်ထားသည့် အငူမော်ကားလမ်း၊ ရသေ့ တောင်-ပုဏ္ဏားကျွန်းကားလမ်းနှင့် ယင်းမြို့နယ်အတွင်းရှိ ရေလမ်းများကိုလည်း ပိတ်ထားသည်။
ထို့ပြင် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း စသည့် မြို့နယ်များတွင်လည်း စစ်ဆေးရေးဂိတ် အထပ်ထပ်ချကာ စစ်ဆေးရေးများ တင်းကျပ်ခြင်း၊ ခရီးသည်ကားများနှင့် ကုန်ကား များကို တနေကုန် ရပ်ခိုင်းထားခြင်းများ ပြုလုပ်နေသည့်အတွက် ခရီးသည်များမှာ အခက်အခဲ ဖြစ်နေပြီး ကားလမ်းပေါ်၌ လည်း ပြေးဆွဲနေသည့် လိုင်းကားများ မရှိသလောက် နည်းပါးလျက် ရှိကြောင်း သိရသည်။
မောင်တောနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အချိန် ပိတ်ထားသည့် ကြိမ်ချောင်း နယ်ခြားစောင့်စစ်ဆေးရေးဂိတ် အား သြဂုတ် ၂၈၊ ၂၉ ရက်များက ဖွင့်ပေးခဲ့သည့်အတွက် ကျေးရွာသားတချို့ ထွက်ပြေးခွင့်ရသဖြင့် မောင်တော၌ စစ်ဘေး ရှောင်လျက် ရှိကြောင်း သိရသည်။
လက်ရှိတွင် မောင်တောမြို့ပေါ်၌ စစ်ရှောင်ဦးရေ ၁၀၀၀ ကျော် ဝင်ရောက် ခိုလှုံလျက်ရှိပြီး အလှူရှင်များမှာလည်း ယခင် ကဲ့သို့ မရှိသည့်အပြင် ဌာနဆိုင်ရာများဘက်ကလည်း ကူညီမှုတစုံတရာ မရှိသည့်အတွက် မြို့ခံများကသာ ဝိုင်းဝန်းပံ့ပိုး ကူညီပေးနေရကြောင်း မောင်တောမြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်နှင့် AA တို့ ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းက တည်းက တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်၊ မိုင်တိုင် ၄၀ အနီးရှိ စစ်ရေး အချက်အချာ ကျသော စစ်ကောင်စီ၏ အထိုင်စခန်းကုန်းနှင့် ကြိမ်ချောင်းနယ်ခြားစောင့်စခန်းနှင့် ၁ မိုင်ခန့်အကွာ ကြိမ်ချောင်း-ဂုပ္ပီ တောင်ကျော်လမ်းရှိ စစ်ကောင်စီ အထိုင်စခန်းတခုတို့ကို AA က သိမ်းပိုက်နိုင်ခဲ့သည်။
အလားတူ မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်တပ်ဘက်မှ အထိုင်စခန်း ၅ ခု လက်လွတ်ဆုံးရှုံးခဲ့ပြီး ၎င်းတို့၏ ရှေ့တန်းစခန်းတချို့လည်း တပ်ရုပ်သိမ်းမှုများ ရှိခဲ့သည်။
You may also like these stories:
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့
စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ