မကြာသေးမီက ဖမ်းဆီးခံရသည့် မြန်မာစစ်ကောင်စီလက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်နှင့် ရင်းနှီးသော ဆက်ဆံရေး မရှိကြောင်း ထိုင်းအထက်လွှတ်တော်အမတ် ဥပါကစ် ပန်ချာရီယန်ကန်က ငြင်းဆန်နေသော်လည်း ၎င်းတို့နှစ်ဦး၏ နက်ရှိုင်းသောဆက်ဆံရေးသည် မြန်မာစစ်အုပ်စုကို အကျိုးပြုနေကြောင်း စစ်ကောင်စီနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို လျှို့ဝှက်ဖေါ်ထုတ်နေသည့် အဖွဲ့တဖွဲ့က ထုတ်ပြန်သည့် တွေ့ရှိချက်များက ပြသနေသည်။
မြန်မာနိုင်ငံသား ထွန်းမင်းလတ်သည် မြန်မာလေတပ်အတွက် ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်များနှင့် လေယာဉ်အစိတ်အပိုင်းများ တင်သွင်းရာတွင် ပွဲစားလုပ်သည့် Star Sapphire ကုမ္ပဏီများအုပ်စုကို စီမံအုပ်ချုပ်သူ ဖြစ်သည်။ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ခြင်းနှင့် ငွေကြေးခဝါချမှုများအတွက် သံသယရှိသောကြောင့် သူ့ကို ဘန်ကောက်တွင် လွန်ခဲ့သော အပတ်က ဖမ်းဆီးလိုက်သည်။
သူ့ကို ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထို ၃ ဦးအနက်တဦးမှာ ဥပါကစ်၏ သားမက် ဒီးန် ယန်း ဂူတူလာဖြစ်သည်။
ဥပါကစ်နှင့် ထွန်းမင်းလတ်တို့သည် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်နယ်စပ်မြို့ တာချီလိတ်တွင် တရားမဝင် ကာစီနိုလုပ်ငန်းလုပ်ကိုင်ရန် Myanmar Allure အုပ်စုကို ၂၀၀၀ ပြည့်နှစ်တွင် ထူထောင်ခဲ့ကြောင်း OpenCorporates အစီရင်ခံစာအရ သိရသည်။ ထွန်းမင်းလတ်၏ Star Sapphire သည် ကာစီနိုလုပ်ငန်းများ တည်ထောင်ပေးကြောင်း လျှို့ဝှက်အဖွဲ့အစည်းတခုဖြစ်သော Justice For Myanmar (JFM) က ထိုလုပ်ငန်း၏ အင်တာနက်စာမျက်နှာမှတ်တမ်းတခုကို ကိုးကားဖေါ်ပြချက်အရ သိရသည်။
ဥပါကစ်သည် ယခင်မြန်မာစစ်အုပ်စုအောက် ၁၉၉၉ ခုနှစ်တွင် Allure Resort and Casino ကို တည်ထောင်ရန် ထွန်းမင်းလတ်၏ ဖခင် ခင်မောင်လတ်နှင့် ၁၉၉၉ ခုနှစ်တွင် သဘောတူညီချက်လက်မှတ်ရေးထိုးသည်။ ထွန်းမင်းလတ်၏ ဖခင် ခင်မောင်လတ်သည် ထိုအချိန်က စစ်အုပ်စု၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်ဖြစ်သည်။
ကာစီနိုလုပ်ငန်း Allure Resort ကို မြစ်ကမ်းဘေးနေရာကောင်းမှ မြေ ၂ ဟက်တာအကျယ်ရှိ နိုင်ငံပိုင် ရှမ်းရိုးမ တည်းခိုခန်းနေရာတွင် တည်ဆောက်ထားပြီး ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်သည်။
မူလစာချုပ်အရ စစ်တပ်ထိန်းချုပ်သည့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးဦးစီးဌာနသို့ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၂၀၀၀၀ သို့မဟုတ် စုစုပေါင်းဝင်ငွေ၏ ၆ ရာခိုင်နှုန်းပေးရမည်ဟု ဖေါ်ပြထားသည်။
ကာစီနိုလုပ်ငန်းသည် တရားမဝင်လုပ်ငန်းဖြစ်သော်လည်း မြန်မာစစ်တပ်နှင့် Allure အုပ်စု၏ ၁၉၉၉ ခုနှစ် စာချုပ်အရ ထိုလုပ်ငန်းတွင် လျှပ်စစ်နှင့် အီလက်ထရွန်းနစ်စက်များ၊ လောင်းကစားစက်များနှင့် အပမ်းဖြေ ဖျော်ဖြေမှုမျိုးစုံ ပါဝင်သည်ဟု ဖေါ်ပြထားသည်။
မတရားမှုများကိုဖေါ်ထုတ်နေသည့် Distributed Denial of Secrets အဖွဲ့ ထုတ်ပြန်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရွက်စာတမ်းများအရ မြန်မာစစ်တပ်နှင့် ထိုလုပ်ငန်းအကြား စာချုပ်သစ်တခုကို ချုပ်ဆိုကြောင်း သိရသည်။ ထိုစာချုပ်တွင် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနသည် ထိုကာစီနို၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများအားလုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ် ၂၀၁၇ ခုနှစ်တွင် စစ်ထောက်ချုပ်ရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ဥပါကစ်သည် Allure အုပ်စု၏ ဥက္ကဌအဖြစ် ထိုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုစာချုပ်သစ်အရ မြန်မာစစ်တပ်သည် ထိုကာစီနိုမှ ဝင်ငွေများ၏ ၆ ရာခိုင်နှုန်းကို ရရှိသည်။ ထိုစာချုပ်သစ်သည် မြန်မာစစ်တပ်နှင့် Allure အုပ်စုတို့သည် စစ်တပ်၏ အကျိုးစီးပွားကို ကာကွယ်ရန် ငွေပေးချေမှုများကို လွှတ်တော်နှင့် စာရင်းစစ်ချုပ်တို့မသိအောင်ဖုံးကွယ်ထားနိုင်ကြသည်။
မြန်မာမှ လုပ်ငန်းမှတ်ပုံတင်အရ ဥပါကစ်သည် ထိုစဉ်က ထိုင်းစစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်သို့ ဝင်ရောက်ရန် Myanmar Allure ဒါရိုက်တာဘုတ်မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ပြီး သူ့ရှယ်ယာများအား ရောင်းချခဲ့ကြောင်း သိရသည်။ သို့သော် သူ၏နေရာသို့ အစားထိုးဝင်ရောက်လာသူမှာ သူ၏ သမီး အဒီဆာရာ ဂူတူလာ၏ ခင်ပွန်း ဒီးန်ယန်ဂူတူလာဖြစ်သည် ဟု JFM က ဖေါ်ပြသည်။
သို့သော် ဥပါကစ်က သူသည် နယ်စပ်မြို့ဖြစ်သော တာချီလိတ်တွင် ဟိုတယ်လုပ်ငန်းတခု ပိုင်ဆိုင်ခဲ့သော်လည်း အထက်လွှတ်တော်အမတ်အဖြစ် မခန့်အပ်ခံရမီ ၂၀၁၅ ခုနှစ်တွင် ပြန်လည် ရောင်းချခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။
အဒီဆာရာသည် ဥပါကစ်နှင့် သူ၏ဇနီးဟောင်း ပါရန်နာ ကိုင်ကပ်တို့မှ မွေးဖွားသည့် သမီးဖြစ်သည်။ ပါရန်နာသည် ရာထူးဆိုင်းငံ့ခံထားရသည့် ထိုင်းဝန်ကြီးချပ် ပရာယွဒ် ချန်အိုချာကို လွန်စွာထောက်ခံသူဖြစ်သကဲ့သို့ တားမြစ်ပိတ်ပင်ခံထားရသည် ရက်ချာဘူရီ ပါလီမန်အမတ်ဖြစ်သည်။
ဥပါကစ်သည် အဂတိလိုက်စားမှုနှင့် တရားမဝင် ကာစီနိုလုပ်ငန်းမှ အကျိုးအမြတ်များခံစားနေပြီး ပြည်သူပိုင်ပစ္စည်း ခိုးယူမှုဖြစ်သည့် ထိုအကျိုးအမြတ်များကို မြန်မာစစ်တပ်သို့ လွှဲပြောင်းပေးရန် ပူးပေါင်းြံကံစည်သည်ဟု JFM က ဖေါ်ပြသည်။
“ဒေါက်တာထွန်းမင်းလတ်နှင့် သူ၏ ဖခင်တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဥပါကစ်သည် မြန်မာပြည်သူများကို မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကျူးလွန်နိုင်စေရန် ငွေကြေးထောက်ပံ့ပြီး ထိုရာဇဝတ်မှုများတွင် ကြံရာပါဖြစ်သည်” ဟုလည်း JFM က ဖေါ်ပြသည်။
ထို့အပြင် ဥပါကစ်နှင့် ထွန်းမင်းလတ်တို့သည် Andaman Power and Utility Company Limited (ယခင် Dawei Power and Utility Company Limited) တို့တွင်လည်း ဒါရိုက်တာများဖြစ်ခဲ့သည်။ Andaman Power ၏ အင်တာနက်စာမျက်နှာ မှတ်တမ်းများအရ ဥပါကစ်သည် Andaman Power ၏ ဥက္ကဌနှင့် တည်ထောင်သူ ဖြစ်သည်ဟု ဖေါ်ပြထားသည်။
Andaman Power သည် စွမ်းအင်ကဏ္ဍတွင် အတွေ့အကြုံ မရှိသော်လည်း ၎င်းကို ထားဝယ်ဒေသတွင် တခုတည်းသော ဓာတ်အား ဖြန့်ချိရေး လုပ်ငန်းဖြစ်သည်ဟု ယခင် ပြည်ခိုင်ဖြိုးပါတီ၏ စစ်သားတပိုင်းအစိုးရက သတ်မှတ်ထားပေးသည်။ ထားဝယ်သည် အငြင်းပွားဖွယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ရှိသော နေရာဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် Andaman Power and Utility ကို ဗီဒီယိုဂိမ်း ထုတ်လုပ်သည့် လုပ်ငန်း United Power of Asia (ယခင် CyberPlanet Interactive Public Company) ကဝယ်ယူလိုက်ပြီး ထိုလုပ်ငန်းကို ထိုင်းစတော့အိတ်ချိန်း စာရင်းသွင်းခဲ့သည်။
United Power of Asia က အများစုပိုင်သော မြန်မာလုပ်ငန်းခွဲဖြစ်သည့် Myanmar UPA ကို နေပြည်တော်မှ Star Sapphire ၏ လိပ်စာဖြင့် မှတ်ပုံတင်ထားသည်။
ထိုင်းနိုင်ငံ ကုမ္ပဏီမှတ်ပုံတင်စာရင်းအရ ထွန်းမင်းလတ်သည် လက်ရှိအချိန်တွင် တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းမြိုဖြစ်သော မယ်ဆိုင်တွင် မှတ်ပုံတင်ထားသည့် Myanmar Allure Group (P&E) ၏ တဦးတည်းသော ပိုင်ရှင်ဖြစ်သည်။ Andaman Power & Utility ၏ အင်တာနက်စာမျက်နှာ မှတ်တမ်းအရ ထိုလုပ်ငန်းသည် တာချီလိတ်သို့ ဓာတ်အားဖြန့်ချိပြီး မယ်ဆိုင်အပါအဝင်ဖြစ်သော ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ် ချင်းရိုင်တွင် ရုံးတရုံးဖွင့်ထားသည်။
JFM ၏ တွေ့ရှိချက်များအရ ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တိုက်ရိုက်အဆက်အသွယ်ရှိပြီး မြန်မာစစ်တပ်သို့ တပ်ဖွဲ့သယ်ယူပို့ဆောင်ရေး သံချပ်ကာယာဉ်များ၊ ၁၀၀ မမ အမြောက်များနှင့် အခြားလက်နက်များရောင်းချနေသည့် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း NORINCO ၏ မြန်မာကိုယ်စားလှယ်ဖြစ်သည်။
You may also like these stories:
စစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာ ထွန်းမင်းလတ် ထိုင်းတွင် အဖမ်းခံရ
ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း
စစ်အာဏာသိမ်းမှုကြားက မြန်မာလူကုန်ကူးမှု တရုတ် ဘယ်လိုတုံ့ပြန်မလဲ