ရန်ကုန်မှ မထင်ရှားသော ဗိုလ်မှူးချုပ်ဟောင်းတဦး သူ၏နေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းသည် စစ်ကောင်စီနှင့် ရန်ကုန်ရှိ အငြိမ်းစား စစ်အရာရှိ အသိုက်အဝန်းကို တုန်လှုပ်သွားစေသည်။
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် (၇၂ နှစ်) နှင့် သူ့သားမက် ဗိုလ်ကြီးဟောင်းတို့ ပြီးခဲ့သည့် စနေနေ့တွင် ပစ်သတ်ခံရသည်။
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်သည် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာဖြစ်ခဲ့သည်။
ထိုသတ်ဖြတ်မှုအပြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့သော်လည်း ယခုအခါ စစ်ကောင်စီခန့် ဝန်ကြီးဖြစ်နေသူ ဒေါ်သက်သက်ခိုင်သည် ဗဟန်းမြို့နယ်ရှိ သူ၏နေအိမ်ကို များပြားလှသော သံဆူးကြိုးများ အထပ်ထပ်ကာရံပြီး ခြံစည်းရိုးတလျှောက်တွင် စီစီတီဗီ ကင်မရာ ၅ လုံး တပ်ဆင်သည်။
သူသည် နေပြည်တော်တွင်သာ အနေများသော်လည်း သူ၏မိသားစုသည် ထိုအိမ်တွင် နေထိုင်နေဆဲဖြစ်သည်။
ဗိုလ်ချုပ်ဟောင်းအများစုသည် နေပြည်တော်တွင် အိမ်ကြီးအိမ်ကောင်းများစွာ ပိုင်သော်လည်း ရန်ကုန်တွင်သာ နေထိုင်ကြသည်။ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် အသတ်ခံရပြီးနောက် ဗိုလ်ချုပ်ဟောင်း အများအပြားသည် စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ထားသည့် တစ္ဆေမြို့ နေပြည်တော်သို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြသည်။
စစ်ကောင်စီခန့် ဝန်ကြီးများနှင့် ၎င်းတို့၏ တပည့်များသည်လည်း နေပြည်တော်သို့ ရွှေ့ပြောင်းနေကြကြောင်း ဧရာဝတီက သိရသည်။
ရန်ကုန်မှ ချမ်းသာသော ရပ်ကွက်များတွင် ဗိုလ်ချုပ်ဟောင်းများ ပြန့်ကြဲနေထိုင်ကြပြီး သုဝဏ္ဏ၊ သံလျင်နှင့် မရမ်းကုန်း စသည့်နေရာများမှ ဗိုလ်ချုပ်ရွာများတွင် နေထိုင်ကြသည်။
ဗိုလ်ချုပ်များသည် အငြိမ်းစားယူပြီးနောက် လက်နက်များကို ဆက်လက် ကိုင်ဆောင်နိုင်ပြီး စစ်တပ်ကလည်း ၎င်းတို့ကို လုံခြုံရေးပေးသည်။ သို့သော် အခြားအဆင့်အရာရှိများအတွက် စစ်ကောင်စီက လုံခြုံရေးပေးခြင်း မရှိပေ။ အချို့ စစ်ဗိုလ်ဟောင်းများက လိုင်စင်ဖြင့် လက်နက်များကိုင်ဆောင်ခွင့်ရရန် လူမှုကွန်ရက်တွင် တောင်းဆိုနေသည်။
မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်အကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel ဆက်သွယ်ရေးကုမ္ပဏီမှ ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင်ကို လွန်ခဲ့သောနှစ် နိုဝင်ဘာလက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ပစ်သတ်လိုက်စဉ်ကလည်း စစ်ကောင်စီ အရာရှိများ တုန်လှုပ်ကြသည်။
ဦးသိန်းအောင် (၅၆ နှစ်) သည် ရေတပ် ဒုဗိုလ်မှူးကြီးဟောင်းတဦးဖြစ်ပြီး လက်ရှိရေတပ်ခေါင်းဆောင် မိုးအောင်၏ သူငယ်ချင်းဖြစ်သည်။
အထက်ပါ လုပ်ကြံသတ်ဖြတ်မှု နှစ်ခုလုံးတွင် အတွင်းလူများ ပါဝင်ပတ်သက်နေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြောင်း လူသိမခံလိုသည့် စစ်အရာရှိဟောင်း နှစ်ဦးက ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် သတ်ဖြတ်ခံရပြီးနောက် စစ်သားဟောင်းများ ကြောက်လန့်တုန်လှုပ်ပြီး မလုံမခြုံဖြစ်နေကြောင်း စစ်အရာရှိဟောင်းတဦးက ဝန်ခံသည်။
“စစ်သားတွေက တသက်လုံး စစ်တိုက်လာတော့ သေရမှာကို မကြောက်ကြဘူး။ ဒါပေမယ့် မိသားစုအတွက် စိုးရိမ်နေကြတယ်” ဟု ဗိုလ်ချုပ်ဟောင်းတဦးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။
စစ်ကောင်စီသည် စစ်သားဟောင်းများကို အကာအကွယ်ပေးရန် အစီအစဉ်မရှိသော်လည်း လိုအပ်လျှင် ၎င်းတို့ကို စစ်တပ်တွင် ပြန်လည်တာဝန်ပေးလိုနေသည်။ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်သည် ထင်ရှားသော အရန်အင်အားတဦး ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို စစ်အုပ်စုက တပ်မှထွက်စေပြီး စစ်မှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ခန့်ထားသည်။
တော်လှန်ရေးအင်အားစုများနှင့် ပြင်းထန်သော တိုက်ပွဲများဖြစ်နေစဉ် ကရင်ပြည်နယ်မှ စစ်ကောင်စီနှင့် ပတ်သက်နေသည့် နယ်ခြားစောင့်တပ် (BGF) များမှ အရာရှိများကို အငြိမ်းစားယူခွင့် မပေးတော့သောကြောင့် စစ်တပ်အတွက် လူသစ်စုဆောင်းရန် ခက်ခဲနေကြောင်း ပြသနေသည်။
စနေနေ့ညနေတွင် ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းကြောင့် ဗိုလ်ချုပ်ဟောင်းများ တုန်လှုပ်နေစဉ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မည်သည်တို့ကို လုပ်ဆောင်နေသနည်း။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုညနေတွင် နတ်ရှင်နောင်အကြောင်း ပြဇာတ်ကြည့်နေပြီး ထိုပြဇာတ်မှာ ၁၇ ရာစု တောင်ငူဘုရင်သည် ပေါ်တူဂီ ကြေးစားစစ်သား ဖိလစ် ဒီ ဘရစ်တို အီ နီကိုတီ (ငဇင်ကာ) နှင့် ပူးပေါင်းသောကြောင့် မည်သို့ကျဆုံးရသည်ကို သရုပ်ဖော်သော ပြဇာတ်ဖြစ်သည်။
သူ၏ ဆရာအသတ်ခံရသော်လည်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းသည် နောက်တနေ့တွင် ထိုပြဇာတ်ကိုပင် သွားကြည့်နေသည်။
You may also like these stories:
စစ်တပ်ယိမ်း နိုင်ငံရေးသမားပိုင် “ဖောင်းစိန်”ကို သပိတ်မှောက်
လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို
လက်ယက်ကုန်းသတ်ဖြတ်မှု CDM လေတပ်ဗိုလ်ကြီးတဦး ရှင်းပြ
ကရင် BGF တပ်မှူး ရာထူးများအား လူဟောင်းများကို ပြန်ခန့်နေရ
ပျက်နေတဲ့ တပ်ထဲ မည်သူမျှ မဝင်လိုတော့