ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း လက်ပံတောင်ကြောအား စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာတွင် ဒဏ်ရာရခဲ့သည့် စစ်သုံ့ပန်းများအား ဆေးဝါးကုသပေးရန် အခက်အခဲရှိနေ၍ ပြန်လည်ခေါ်ဆောင်ဖို့ ရက္ခိုင်စစ်တပ် (AA) က စစ်ကောင်စီသို့ အကြောင်းကြားထားကြောင်း ယမန်နေ့ ညနေပိုင်းက ထုတ်ပြန်သည်။
မောင်တောမြို့နယ် မြောက်ပိုင်းရှိ AA တပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသော လက်ပံတောင်ကြောအား စက်တင် ဘာလ ၂၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က တိုက်လေယာဉ်၃ စီးဖြင့် လာရောက် တိုက်ခိုက်ရာတွင် စစ်သုံ့ပန်များ ထား သည့် နေရာ၂ ခုကို ထိမှန်ခဲ့သည့်အတွက် စစ်သားများ ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရခဲ့ကြရာ ၎င်းတို့ကို ကုသ ရန် ဆေးဝါး မလုံလောက်သည့်အတွက် ထိုသို့ စစ်ခေါင်းဆောင်များက ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း AA ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုတွင် စစ်သုံ့ပန်း ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ဒဏ်ရာပြင်းထန်သည့် သူများ လည်း ထပ်မံ သေဆုံးမှုများ ရှိနေကြောင်း AA ပြန်ကြားရေးဌာနမှ ဒဏ်ရာရ စစ်သုံ့ပန်များကို အင်တာဗျူး လုပ်ကာ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည့် သတင်း ထုတ်ပြန်ချက်၌ မြင်တွေ့ရသည်။
ဒဏ်ရာရ စစ်သုံ့ပန်း တဦးဖြစ်သူ တပ်သား မြင့်ဆွေက “AA ကတောင်မှ ကျနော်တို့ကို လူသားချင်းစာနာစွာနဲ့ ကမ်း လှမ်းခဲ့တာပါ။ အဲဒီအပေါ် မြန်မာ့တပ်မတော်ဘက်မှ ကျနော်တို့ကို ဘာဖြစ်လို့ လက်မခံရတာလဲ။ ကျနော်ဆို တပ်ထဲမှာ နှစ် ၁၅ နှစ်လောက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာမှ မငဲ့ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့အတွက် အထက် လူကြီးတွေအနေနဲ့ ကျနော်တို့ကို ဆေးကုသခွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ယင်းအင်တာဗျူးတွင် ၎င်း၏ ပြောဆိုထားသည်။
တပ်သား မြင့်ဆွေသည် ရခိုင် အခြေစိုက် ဓညဝတီ ရေတပ်စခန်းဌာနချုပ် လက်အောက်ခံ အမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတွင် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပြီး ပြီးခဲ့သော သြဂုတ်လအတွင်းက AA တပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။
အလားတူ ဒဏ်ရာရ စစ်သုံ့ပန်း တပ်ကြပ် အောင်အောင် ကလည်း “ကျနော် စစ်သက်၂၂ နှစ်ရှိပြီး မြန်မာ့ တပ်မတော် မှာ တာဝန်ကျေပွန်စွာနဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပါ။ ဘာတခုမှ မခိုမကပ်ဘဲနဲ့ သစ္စာရှိရှိနဲ့၊ ဒါကိုတောင်မှ ကျနော်တို့ အခုလို ဖြစ်နေတာတောင် တချက်ကလေးတောင် ပြန်လှည့် မကြည့်တဲ့အတွက်ကြောင့် စိတ်မကောင်း ဖြစ်ရတယ်။ အားငယ်တယ်၊ ဝမ်းလည်း ဝမ်းနည်းပါတယ်” ဟု အင်တာဗျူးတွင် ၎င်းက ပြောဆိုထားသည်။
တပ်ကြပ် အောင်အောင်သည် ဘူးသီးတောင် စကခ ၁၅ လက်အောက်ခံ ခမရ ၃၅၂ တပ်ရင်းမှ ဖြစ်ပြီး သြဂုတ်လ အတွင်းက မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှကျေးရွာ အနောက်တောင်ကြော၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ရဲဘော်၊ ရဲဘက်ကင်းမဲ့ စွာဖြင့် စွန့်ပစ်ထားမှုမှာ အောက်ခြေ တပ်ဖွဲ့ဝင်များအပေါ် သစ္စာဖောက်သည့် လုပ်ရပ်တခု ဟုလည်း AA ၏ ထုတ်ပြန် ချက်၌ ရေးသားထားသည်။
အဆိုပါ လက်ပံတောင်ကြောအား စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများ အပါအဝင် ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် အခြား အကျဉ်းသားတချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သော်လည်း အရေအတွက် အသေးစိတ် အခြေအနေကိုမူ AA က ထုတ်ပြန်ခြင်း မရှိပေ။
လတ်တလောတွင် စစ်ကောင်စီဘက်မှ AA ထံသို့ ဝင်ရောက် ခိုလှုံလာသူ၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူ စုစုပေါင်း ၁၅၀ ကျော်ရှိပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ပြီး တပ်မှ စွန့်ခွာ ထွက်ပြေးနေ သူများလည်း ရှိနေကြောင်း AA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
၂၀၁၈ ခုနှင့် ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်စစ်ပွဲကာလကလည်း ဖမ်းမိထားသော ဒဏ်ရာရ စစ်သုံ့ပန်းများအား ကုသရန် ဆေးဝါးမလုံလောက်သည့်အတွက် ပြန်လည်ခေါ်ယူရန် ကမ်းလှမ်းခြင်း အပါအဝင် စစ်သုံ့ပန်း အချင်းချင်း အလဲအလှယ်ပြုလုပ်ရန် စစ်ခေါင်းဆောင်များကို AA ကမ်းလှမ်းခဲ့သော်လည်း အကြမ်းဖက်အဖွဲ့နှင့် စစ်သုံ့ပန်းကိစ္စ လဲလှယ်ရန် အကြောင်း မရှိဟု ထိုစဉ်က စစ်တပ်သတင်းပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။