မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမှုကြောင့် နေအိမ် ၅၉ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ကျေးရွာ ၁၆ ရွာမှ ဒေသခံပြည်သူ ၂ သောင်းကျော်မှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ ဆိပ်ဖြူဘက်မှ အင်အား ၁၂၀ ခန့်ပါသော စစ်ကြောင်း၊ ပခုက္ကူဘက်မှ အင်အား ၁၆၀ ကျော်ပါသော စစ်ကြောင်းနှင့် ထမ္မကောက်ဘက်မှ အင်အား ၁၅၀ ခန့်ပါသော စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်း ထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အမည်မဖော်လိုသည့် ဆိပ်ဖြူဒေသခံတဦးက “ဆိပ်ဖြူနဲ့ ပခုက္ကူမြို့နယ်ကြားက ရွာတွေကို စစ်ကြောင်း ၃ ကြောင်းနဲ့ တပြိုင်တည်း ထိုးခဲ့တာ။ သူတို့ ဝင်လာကတည်းက အားလုံး ပြေးကြရတာ။ ရွာ ၁၆ ရွာလောက် ရှိတယ်။ လူက ၂ သောင်းကျော် တယ်။ ဘေးလွတ်တဲ့ နေရာတွေမှာ ခိုနေကြရတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၂ လက်နက်စက်ရုံကြားရှိ သံပုရာပင်၊ ဆားလောင့်၊ အနောက်ကမ်းဖြူ၊ ဘဲကျ၊ ကျားပေ၊ ကျားကွဲ၊ ညောင်ဂွေးဝကျေးရွာများနှင့် ယောချောင်း တဖက်ကမ်း ပခုက္ကူမြို့နယ်မှ စိုင်ဖြူ၊ ရှားဒူးရွာ၊ တောင်ပါးလူ၊ အရှေ့ကမ်းဖြူ၊ ဥယျဉ်စု၊ ဒဲ့ပြား၊ စညောင်း၊ မြစ်ဖျား၊ လေးတိုင် စသည့် ကျေးရွာ ၁၆ ရွာမှ ဒေသခံပြည်သူ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသူ တဦးက “ပခုက္ကူဘက်အခြမ်းက ရှောင်စရာနေရာ မရှိဘူး။ တဖက်က တန့်ကြည့်တောင်ရိုး ဖြစ်တဲ့အတွက် အခက်အခဲ ရှိတယ်။ အဲဒီတော့ ကျနော်တို့ အနောက်ဘက် ဆိပ်ဖြူဘက်ခြမ်းကို ကူးပြီးတော့ ရှောင်လာကြရတာ။ အဲဒီတော့ ကျနော်တို့ဘက်မှာ စစ်ရှောင်က နယ် ၂ ခုပေါ့နော်။ အားလုံးပေါင်း ၂ သောင်းလောက် ဖြစ် သွားတယ်။ စစ်ဘေးရှောင်တွေကို စစ်ကြောင်းနဲ့ ဘေးလွတ်ရာဖြစ်တဲ့ ရွာတွေ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ထားပေးခဲ့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်များသည် ကျေးရွာများသို့ ဝင်ရောက်သည့်အခါ ဒေသခံများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF) ဟု စွပ်စွဲသလို PDF များကို သတင်းပေး၊ ထောက်ပံ့ခြင်း ပြုလုပ်သူများအဖြစ်လည်း စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်သောကြောင့် ဒေသခံများမှာ ကြောက်ရွံ့ထိတ်လန့်ပြီး နေအိမ်များကို စွန့်ခွာတိမ်းရှောင်ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့သို့ စစ်ကြောင်းထိုး ဝင်ရောက်ရာတွင် ဆိပ်ဖြူမြို့နယ်၊ အနောက်ကမ်းဖြူကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သလို ပခုက္ကူမြို့နယ်၊ လေးတိုင်ကျေးရွာမှ အိမ် ၁၆ လုံးနှင့် မြစ်ဖျား ကျေးရွာမှ အိမ် ၄၃ လုံး မီးရှို့ခံခဲ့ရပြီး လူငယ် ၁ ဦးကိုလည်း PDF ဟုဆိုကာ စွပ်စွဲဖမ်းဆီးထားကြောင်း သိရသည်။

စစ်ဘေးရှောင် ဒေသခံတဦးက “စစ်ကြောင်း ဝင်လာလို့ ပြေးဖို့အတွက် အိမ်မှာရှိတဲ့ပစ္စည်းတွေတင်ပြီး တောထဲမှာ ထိုးထား တာကို မီးရှို့သွားကြတယ်။ ဆန်အိတ် ၇၀၊ ဆီပုံးတွေနဲ့ အခြားရိက္ခာတွေအကုန် မီးရှို့ဖျက်ဆီးသွားကြတယ်။ ဘာမှကို မကျန် အောင် လုပ်သွားကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များမှာ ဆိပ်ဖြူနယ်အတွင်းရှိ ကပစ (၂၁)၊ ကပစ (၂၂) နှင့် လေကြောင်းရန် ကာကွယ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်းနှင့် ဆိပ်ဖြူနယ်အား နယ်မြေရှင်းလင်းပြီး ပိတ်ဆို့ ချေမှုန်းရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) က ဆိုသည်။
NSP သတင်းပြန်ကြားရေးက “ရေနံနယ်မြေ ဖြစ်တဲ့အတွက် ဆိပ်ဖြူ နယ်ထဲမှာရှိတဲ့ ဝါဇီနဲ့ လက်နက်စက်ရုံတွေကို ထိခိုက်လာမှာ စိုးရိမ်တဲ့အတွက် ကြိုတင်ကာကွယ်ပြီး ချေမှုန်းတဲ့သဘောပဲ။ ဒါပေမဲ့ ကျနော်တို့နယ်က စစ်ကောင်စီယန္တရား လည်ပတ်နိုင်ဖို့ ဘတ်ဂျက်ရှာပေးနိုင်တဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အဓိက မြို့ကိုကပ်လာမှာ စိုးရိမ်တဲ့အတွက် ချေမှုန်းတယ်လို့ပဲ ယူဆပါတယ်။ PDF ယန္တရားကို ဖျက်ဆီးဖို့အတွက်လည်း ပါတာပေါ့” ဟု ပြောသည်။

စက်တင်ဘာ ၁၆ မှ ၂၅ ရက်အတွင်း စစ်ဘေးရှောင်ပြည်သူများအား သယ်ယူပို့ဆောင်သည့် ယာဉ်များအတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီအပြင် စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဟင်းချက်စရာ ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် အထွေထွေအတွက် ငွေ ကျပ် ၄၅ သိန်းဖိုးခန့် ကူညီပေးခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဖိုးများကို မြတ်နိုးအေးနှင့် Project Dream အဖွဲ့သားများ၏ စစ်ဘေးရှောင် ပြည်သူ့ကျန်မားရေးစောင့်ရှောက်မှု အလှူငွေအား အသုံးပြုခဲ့ကြောင်း NSP က အသိပေး ထုတ်ပြန်ထားသည်။
ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) အနေဖြင့် ယောချောင်းနှင့် ပေါက်နယ်အစပ်ရှိ ကျေးရွာ ၁၅ ရွာ၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ဖွဲ့စည်းပြီး နယ်မြေစိုးမိုးထားနိုင်သော်လည်း စစ်ကောင်စီ စစ်ကြောင်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများကိုသာ လုပ်ဆောင်နိုင်ကာ ရင်ဆိုင် တိုက်ခိုက်နိုင်ခြင်းမျိုး မရှိကြောင်း ယင်းအဖွဲ့၏ သတင်းပြန်ကြားရေးက ဆိုသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ အနေနဲ့ စစ်ကောင်စီကို မိုင်းတို့၊ ဒရုန်းတို့နဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ရင်ဆိုင်တိုက် ခိုက်လို့ရအောင် လက်နက်ခဲယမ်းတွေ လိုအပ်မှု ရှိတယ်။ လက်နယ်ငယ် ဝယ်နိုင်အောင်လို့ ကြိုးစားနေပေမယ့် တပ်ရင်း တပ်ဖွဲ့ ရိက္ခာနဲ့ မိုင်းပစ္စည်း၊ ဖောက်ခွဲရေးပစ္စည်းတွေ ဦးစားပေးနေရဆဲမို့ အကောင်အထည်ဖော်နိုင်မှု အားကတော့ အိပ်မက် လို ဖြစ်နေဆဲပါပဲ” ပြောသည်။

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို NSP က စက်တင်ဘာ ၂၀ မှ ၂၅ ရက်အတွင်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် ခဲ့သလို ဒရုန်းဖြင့် ၅ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦး ခန့် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်ထားသည်။
စက်တင်ဘာ ၂၉ ရက် နံနက်မှစပြီး အဆိုပါ စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာသွားပြီ ဖြစ်သော်လည်း စစ်ဘေး ရှောင် ဒေသခံအများစုမှာ နောက်တကျော့ ပြန်ဝင်လာမည်ကို စိုးရိမ်ပြီး မပြန်ရဲကြသေးကြောင်း၊ စစ်ကောင်စီတပ် ပုံမှန်တပ် စွဲနေကျ ထမ္မကောက်ကျေးရွာတွင်မူ အင်အား ၈၀ ခန့်ဖြင့် ဆက်လက် တပ်စွဲထားကြောင်း သိရသည်။
NSP သတင်းပြန်ကြားရေးက “ပုံမှန်တပ်စွဲနေကျ ထမ္မကောက်ရွာမှာ အင်အား ၈၀ လောက်နဲ့ တပ်စွဲထားတယ်။ အမြဲတမ်းလည်း ကင်းပုန်းဝပ်ပြီးတော့ စစ်ဆေးတာတွေလည်း ပုံမှန်လုပ်နေကြတယ်။ ကျနော်တို့ရဲ့ ထိုးစစ်ဆင်မှု မလုပ်မချင်း အဲဒီ နေရာမှာ အမြဲတမ်းအထိုင်ချမယ့် အခြေအနေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဝါဇီ ရှိတယ်။ ကပစ ၂၂ နဲ့ ဆိပ်ဖြူကိုလည်း ကာကွယ်နေရတာဆိုတော့လေ” ဟု ဆိုသည်။