ကမ္ဘောဇ လုပ်ငန်းစု လက်အောက်ရှိ ဂျိန်းဖောအောင် ကျောက်မျက်ရတနာကုမ္ပဏီက ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်းဒေးရှင်းနှင့် အခြားအဖွဲ့များသို့ လှူဒါန်းထားသော ကျပ်သန်း ၄၂၁၁.၈ (ကျပ် ၄ ဘီလီယံကျော်)ကို ဝင်ငွေ ခွန်စည်းကြပ်ရန်နှင့် ပတ်သက်ပြီး ကုမ္ပဏီနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ကြား အမှုဖြစ်ပွားလျက်ရှိကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ မြန်မာနိုင်ငံ ပြန်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM)သည် ခရိုနီသူဌေးကြီး ဦးအောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇ လုပ်ငန်းစု(KBZ)က ၂၀၁၄ ခုနှစ်၌ ထူထောင်ထားသော လူမှု အကျိုးပြုအဖွဲ့ အစည်းတခုဖြစ်ပြီး BFM ၏ ဥက္ကဋ္ဌသည် ဦးအောင်ကိုဝင်း၏ သမီးဖြစ်သူ ဒေါ်နန်းလိုင်းခမ်း ဖြစ်သည်။
မြန်မာနိုင်ငံ အနှံ့အပြား၌ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စသည့် ကဏ္ဍပေါင်းစုံတွင် ကျပ်ငွေ ဘီလီယံရာကျော်အထိ လှူဒါန်းမှုများ ပြုလုပ်ထားသည့် အဖွဲ့အစည်း တခုလည်း ဖြစ်သည်။
ဂျိန်းဖောအောင် ကျောက်မျက်ကုမ္ပဏီသည်လည်း KBZ လုပ်ငန်းစုလက်အောက်ရှိ ကုမ္ပဏီခွဲတခုဖြစ်ပြီး ကုမ္ပဏီတွင် ဦးအောင်ကိုဝင်း၊ သူ၏ ဇနီး ဒေါ်နန်းသန်းထွေးတို့က ရှယ်ယာများ ပိုင်ဆိုင်ထားပြီး သမီးဖြစ်သူ ဒေါ်နန်းလိုင်းခမ်းက အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် ကုမ္ပဏီကို စီမံခန့်ခွဲသူ ဖြစ်သည်။
ထိုအမှု ဖြစ်စဉ်မှာ ဂျိန်းဖောအောင်ကုမ္ပဏီ၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်ကြေညာလွှာတွင် ဝင်ငွေပမာဏသည် ကျပ် ၁၆ ဘီလီယံကျော် ( ၁၆,၄၉၀,၁၁၂,၆၄၈) အဖြစ် ဖော်ပြတင်သွင်းခဲ့ရာ အခွန်ရုံးဘက်က စာရင်း ပြန်လည် စစ်ဆေးမှုအရ ကုမ္ပဏီ၏ အမှန်ဝင်ငွေပမာဏသည် ကျပ် ၂၀ ဘီလီယံကျော် (၂၀,၂၃၉, ၇၂၆,၅၉၂) ဖြစ်၍ ဝင်ငွေခွန်အဖြစ် ကျပ် ၅ ဘီလီယံကျော် (၅,၀၅၉,၉၃၁,၆၄၈) ပေးဆောင်ရန် အခွန်ရုံးဘက်က ၂၀၁၈ ခုနှစ်၊ မတ်လတွင် သတ်မှတ်ခဲ့သည်။
သို့သော် ကုမ္ပဏီဘက်က ထိုဝင်ငွေခွန် ပမာဏအတိုင်း မပေးဆောင်လိုသောကြောင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးသို့ အယူခံတင်သွင်းခဲ့ရာ အခွန်ရုံးဘက်ကမူ စာရင်းစစ်ရလဒ်များအရ (LTO-3) ထိုအယူခံကို လက်မခံကြောင်းနှင့် သတ်မှတ်ဝင်ငွေခွန် ပမာဏကို ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အမိန့်ချခဲ့သည်။
ထို့နောက် ကုမ္ပဏီဘက်ကမူ ဝင်ငွေဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ အခွန်အယူခံခုံအဖွဲ့သို့ ဝင်ငွေခွန် ဒုတိယအယူခံကို တင်သွင်း လျှောက်ထားပြီး ထိုတကြိမ် အယူခံတင်သွင်းမှုတွင် ကျပ်သန်း ၃၁၈၇(ကျပ် ၃ ဘီလီယံ)သည် ကုမ္ပဏီ၏ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်နန်းသန်းထွေး( ဦးအောင်ကိုဝင်းဇနီး)က ကမ္ဘောဇအနာဂတ်အလင်းတန်းဖောင်ဒေးရှင်းသို့ လှူဒါန်းထားသည့်ငွေများဖြစ်ပြီး ထိုငွေများကို ကုမ္ပဏီသို့ ပြန်လည် ပေးချေထားခြင်းသာ ဖြစ်ကာ ကျန်ကျပ် ၁ ဘီလီယံ (ကျပ်သန်း ၁၀၂၄.၈) သည်လည်း အခြားအဖွဲ့များသို့ ကုမ္ပဏီ၏ လှူဒါန်းငွေများဖြစ်သည်ဟု တင်ပြ၍ ဝင်ငွေခွန်ကို ခုနှိမ်ခွင့်ပေးရန် တင်ပြခဲ့သည်။
ထိုသို့ ကုမ္ပဏီ၏ တင်ပြချက်များကို အခွန်အယူခံခုံအဖွဲ့က လက်ခံပေးခဲ့ပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ ပထမ ချမှတ်ထားသော ဝင်ငွေခွန်ပေးဆောင်ရမည့် အမိန့်ကို ပယ်ဖျက်ပေးခဲ့သည်။
ယင်းအပြင် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိသည် အခွန်ထမ်း ကုမ္ပဏီကြီးများကို ပညာပေးကာလအဖြစ် သတ်မှတ်ထားခြင်းကြောင့် အခြားကုမ္ပဏီကြီးများအား သက်သာခွင့်ပေးသကဲ့သို့ ဘာသာရေး၊ ကုသိုလ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် အများပြည်သူ အကျိုးအတွက် ထောက်ပံ့ ပေးကမ်း ခြင်းများကို စိစစ်နုတ်ပယ်ကာ ဝင်ငွေခွန် ပြန်လည် စည်းကြပ်သွားရန် ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ အမိန့်ချမှတ်ခဲ့ သည်။
သို့သော်လည်း အခွန်ရုံးဘက်ကမူ ကုမ္ပဏီဘက်က အခွန်အယူခံခုံရုံးသို့ တင်ပြခဲ့သော ငွေအလွှဲ အပြောင်းစာရင်းများသည် တိကျခိုင်လုံသော အထောက်အထားများ မရှိသလို တခြားသော ကွဲလွဲချက်များရှိနေခြင်း၊ ကမ္ဘောဇ အနာဂတ် ဖောင်ဒေးရှင်းသည် ဝင်ငွေခွန်သက်သာခွင့်ရရန် ဝင်ငွေခွန် ဥပဒေပုဒ်မ ၆-က နှင့် ညီညွတ်မှု မရှိသည့် အဖွဲ့အစည်းဖြစ်ခြင်း၊ ဒုတိယ အယူခံ တင်သွင်းမှုသည် သတ်မှတ်ရက် ကျော်လွန်နေခြင်း၊ ကုမ္ပဏီဘက်က ပထမအယူခံတွင် တင်ပြရန် ပျက်ကွက်ခြင်းများကိုပင် ဒုတိယအယူခံတွင် ထပ်မံတင်သွင်းခဲ့ပြီး သို့ရာတွင် အချက်အလက်ပြည့်စုံခိုင်မာစွာ တင်ပြနိုင်မှုမရှိကြောင်း ပြန်လည်ချေပထားသည်။
ထို့အပြင် ဂျိန်းဖောအောင် ကျောက်မျက်ကုမ္ပဏီ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM) တို့သည် KBZ ဘဏ် နှင့် KBZ လုပ်ငန်းစုမှ အဖွဲ့အစည်းများဖြစ်နေပြီး အခွန်ရုံးစာရင်း စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးစဉ်နှင့် ပထမအယူခံတင်သွင်းရာတွင် အချိန်မီတင်ပြရန် ပျက်ကွက်မှုများ ရှိထားခဲ့ခြင်းများ အစရှိသည့် အခြေအနေများ ပြန်လည် ထောက်ပြကာ အခွန်အယူခံခုံအဖွဲ့က ကုမ္ပဏီ၏ အယူခံ (ဒုတိယအကြိမ်)ကို လက်ခံကြောင်း ဆုံးဖြတ်အမိန့် ချမှတ်မှုခဲ့ခြင်းသည် ဥပဒေများနှင့် ညီညွှတ်မှု ရှိ မရှိနှင့်ပတ်သက်ပြီး အခွန်ရုံးဘက်က ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ရုံး၏ အဆုံးအဖြတ်ကို တောင်းခံထားလျက် ရှိသည်။
အခွန်နှင့် စီးပွားရေးလုပ်ငန်း ဥပဒေကိစ္စရပ်များကို အကြံပေးအဖြစ် လုပ်ကိုင်နေသော ပြည်တွင်းရှိ ရှေ့နေ တဦးက လက်ရှိအမှုကိစ္စရပ်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် အမှုရပ်ဆိုင်နေဆဲဖြစ်သောကြောင့် အမှုနှင့် ပတ်သက်သော မှတ်ချက်မပြုလိုကြောင်း ပြောသော်လည်း မြန်မာစီးပွားရေး ဝန်းကျင်အတွင်းရှိ ပြည်တွင်းကုမ္ပဏီအများစုသည် လက်ရှိအချိန် အခွန်ထမ်းဆောင်ခြင်း အလေ့အကျင့်ကောင်းများ အားနည်းနေသေးသလို ဥပဒေအားနည်းချက်များနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်အရေး ယူကြ လေ့ရှိကြောင်း ဆိုသည်။
“အစိုးရတခုက ဥပဒေကို ပြဋ္ဌာန်းထားပြီးတယ်ဆိုရင် ဒီဥပဒေကို မသိလိုက်လို့ဆိုပြီး ဖြေရှင်းလို့ မရပါဘူး။ သူ့ ဥပဒေမှာက ဝင်ငွေခွန်ထမ်းဆောင်တဲ့သူအတွက် တာဝန်တွေရှိသလို ကင်းလွတ်ခွင့်တွေလည်း ရှိတယ်။ အခွင့်အရေးတွေလည်း ဥပဒေအရ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အခွန်မဆောင်ဘဲနဲ့ အခွန်တိမ်းရှောင်ချင်လို့ အကြောင်းအမျိုးမျိုးပြတာ ဆိုရင်တော့ ဒါက ဥပဒေကို လက်တလုံးကြား လုပ်တာပဲ။ ဥပဒေအရ ပြောရင် ငွေကြေးခဝါချတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း မှာ ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇-၁၈ စည်းကြပ်နှစ်အထိ ဆက်တိုက် နိုင်ငံတော်သို့ ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သူဖြစ်သည်။
You may also like these stories:
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်း
ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမဝင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ
ရွှေနှင့် အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ကျလာ
ရုရှား ရူဘယ်ငွေ ဘယ်လိုတွေ သုံးမှာလဲ
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ