ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာအား စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကလေးငယ်များနှင့် ရွာသူ၊ ရွာသား ၂၀ ကျော်အား ဖမ်းဆီးသွားကြောင်း ရွာခံများက ဧရာဝတီသို့ ပြောသည်။
မြောက်ဦးအခြေစိုက် ခမရ (၃၇၇) တပ်ရင်းနှင့် အဆိုပါတပ်ရင်းသို့ ရောက်ရှိနေသည့် တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မောင်းဆွဲကျေးရွာဘက်သို့ စစ်ကြောင်း ထွက်လာစဉ် လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် မောင်းဆွဲကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
မောင်းဆွဲ ရွာသားတဦးက “ကျနော်တို့ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာ၊ ရွာကိုသေနတ်တွေနဲ့ ပစ်ခတ်လာပြီးတော့ ရွာအဝင်လမ်းထပ်မှာ ကြက်ခြံလုပ်သားတွေ၊ စျေးသည်တွေ၊ လမ်းလုပ်နေတဲ့ လူတွေကို နောက်ပြန်ကြိုးတုန်ပြီးတော့ တွေ့သမျှလူတွေကို ဖမ်းခေါ်သွားတယ်။ ရွာသား အာလုံး ၂၀ လောက်အဖမ်းခံရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် မောင်းဆွဲကျေးရွာသားများမှာ အသက် ၄၁ အရွယ် ဦး မောင်သန်းလွင် ဇနီးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဒေါ် စန်းယုမော်၊ အသက် ၃၈ နှစ်အရွယ် ဦးဝင်းနိုင် ဇနီးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဒေါ်မိလှိုင်ဌေး၊ အသက် ၇၅ နှစ်အရွယ် ဦးမောင် ကျော်စိန်၊ အသက် ၇၆ နှစ် အရွယ် ဦးမောင်ရွှေလှ၊ အသက် ၅၄ နှစ်အရွယ် ဦးပန်းဖဲနှင့်ဇနီး၊ အသက် ၄၀ နှစ် အရွယ် ကျော်ဇော်လှိုင်၊ အသက် ၆၅ နှစ်အရွယ် ဦးမဲတင်လှ ဇနီးဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဒေါ်စိန်ယာဉ်နု၊ အသက် ၄၁ နှစ်အရွယ် ဦးမောင်နု ဇနီးဖြစ်သူ အသက် ၄၀ နှစ် အရွယ်ဒေါ် မဝင်းညွန့် ၊ အသက် ၄၀ နှစ်အရွယ် ဦးဘိုဘိုအောင်၊ အသက် ၆၀ အရွယ် ဦးမောင်ထွန်းယဉ် ဇနီးဖြစ်သူ အသက် ၅၅ နှစ်အရွယ် လှသိန်းညိုတို့ ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
အဆိုပါ ဖမ်းဆီးမှုတွင် မိဘများနှင့် အတူ အသက် ၁၀ နှစ်အရွယ် ကလေးများနှင့် နို့စို့အရွယ် ကလေးငယ်များလည်း ပါသွားပြီး လက်ရှိ အချိန်အထိ တဦးတယောက်မှ ပြန်လွတ်လာခြင်း မရှိသေးသလို မည်သည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်း ထားသည်ကိုလည်း စုံစမ်းမရ ဖြစ်နေကြောင်း ရွာသားများက ပြောသည်။
စစ်ကောင်စီက လက်နက်ကြီးများ ကျေးရွာသို့ ပစ်ခတ်သည့်အတွက် မောင်းဆွဲကျေးရွာနေ ဦးရွှေသိန်းလှနေအိမ်အား ကျရောက်ပေါက်ကွဲသဖြင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို မောင်းဆွဲတရွာလုံးလည်း ထွက်ပြေးနေကြရကြောင်းသိရသည်။
စစ်တွေအခြေစိုက် ရခိုင်လူ့အခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဝင်တဦးကလည်း လက်ရှိဖြစ်နေသော ရခိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သည် AA တပ်ဖွဲ့ဝင်များကို မြေပြင်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုမလုပ်နိုင်တော့ဘဲ ဒေသခံ ပြည်သူများကို တိုက်ခိုက်နေသကဲ့သို့ သက်ရောက်နေကြောင်း ပြောသည်။
၎င်းက “စစ်ကောင်စီတပ်ကတော့ တခြားပြည်နယ်တွေမှာလို ရခိုင်မှာလည်း လူ့အခွင့်ရေး ချိုးဖောက်နေတာ တွေ့ရတယ်။ ကျနော်တို့ လူ့အခွင့်ရေးသမားတွေက ဘယ်လောက်ပဲ အော်အော် သူတို့ ဂရုမစိုက်ဘူး။ စစ်ရာဇာဝတ်မှုကို ကျူးလွန်မြဲ ကျူးလွန်နေတယ်။ အဓိက ကတော့ AA ကို ထိုးစစ်မဆင်နိုင်တော့တဲ့အခါ AA နဲ့ ပတ်သက်သူရော၊ မပတ်သက်သူရော ပတ်ရမ်းပြီး ဖမ်းနေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်းအရပ်သားများကို ဖမ်းဆီးနေသလို ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ ၊ ငါးလုပ်ငန်း ဦးစီးဌာန စသည့် ဌာနဆိုင်ရာ အကြီးအကဲများကိုလည်း ဖမ်းဆီးမှုများပြုလုပ်လျှက် ရှိသည်။
စက်တင်ဘာလဆန်းပိုင်းက အမ်းမြို့နယ်ရဲတပ်ဖွဲ့မှ ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင် ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို စက်တင်ဘာလ ၆ ရက်နေ့ကလည်း တောင်ကုတ်မြို့မှ သွားဆရာဝန် ၁ ဦး၊ စက်တ င်ဘာလ ၂၇ ရက်နေ့က မြေပုံမြို့နယ်၊ င/ သပုန်းကျေးရွာတိုက်နယ်ဆရာဝန် ၁ ဦးနှင့် မင်းပြား မြို့ နယ်မှ ဒုမြို့နယ်ပညာရေးမှူး ၁ ဦး၊ စက်တင်ဘာလ ၂၈ ရက်နေ့ ကျောက်ဖြူမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ၁ ဦးအပြင် စစ်တွေမြို့ ပြည်နယ်အထွေထွေဦးစီးဌာနမှ ဦးစီးအရာရှိ ၁ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။