စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ရွာရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ (အောက်တိုဘာ ၂ ရက်) နံနက်ပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ဦး သေဆုံးပြီး ဒေသကာကွယ်ရေး ၂ဦး သေဆုံး ကြောင်း သိရသည်။
ကျားတက် ရဲစခန်းသည် စစ်ကိုင်းနှင့် မကွေးတိုင်းအစပ်တွင်ရှိပြီး မြိုင်၊ ပုလဲ၊ ဆားလင်းကြီး၊ ရေစကြို စသည့် မြို့နယ် များသို့ စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်များ ဝင်ထွက်နားလေ့ရှိပြီး လက်ရှိတွင် အင်အား ၃၀ခန့် တပ်စွဲထား ကြောင်း ဒေသ သတင်း ရင်းမြစ်များ အဆိုအရ သိရသည်။
ထိုစခန်းကို ဒေသကာကွယ်ရေးများက နံနက် ၆နာရီခန့်မှစ၍ နံနက် ၁၁နာရီခန့်အထိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ စခန်း အတွင်း ဝင်ရောက်နိုင်ချိန်တွင် လေကြောင်းပစ် ကူလာသဖြင့် ဆုတ်ခွာခဲ့ရကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။
တိုက်ပွဲအတွင်း ပါဝင်သည့် ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “လေကြောင်းကနေ ရဟတ်ယာဉ် ၂ စီး တက်လာတယ်။ ရမ်းပစ်တယ်၊ ဗုံးကြဲတယ်။ စခန်းက ဝင်လို့ရခဲ့ပေမယ့် မသိမ်းပိုက်နိုင်ခဲ့ဘူး။ ရဲဘော်တွေ ထိခိုက်တာနဲ့ လေယာဉ် က ထပ်တက်လာတာနဲ့ဆိုတော့ ပြန်ဆုတ်လိုက်တာ။ ရဟတ်ယာဉ် မလာဘူးဆိုရင် လုံးဝ သိမ်းနိုင်တယ်။ သူတို့ဘက်မှာ အင်အားက ဘာမှ မကျန်တော့ဘူး” ဟု ပြောသည်။
ဘန်ကာ ၄ ထပ် ကာရံထားသည့် ကျားတက် ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဘေးပတ်လည်ဝိုင်းရံ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စခန်းအတွင်းရောက်စမှာပင် တိုက်ခိုက်ရေး ရဟတ်ယာဉ်လာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်း ဖြစ် ကြောင်း၊ သေဆုံး စစ်သားတဦးထံမှ G 2 သေနတ် ၁ လက် သိမ်းဆည်းရခဲ့ကြောင်း သိရသည်။
ယမန်နေ့ တိုက်ပွဲအား SSTF ၊ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးမှုကို မျက်မြင်တွေ့ရှိခဲ့ရပြီး ၁၀ ဦးထက်မနည်း ဒဏ် ရာရခဲ့ကာ သေဆုံးမှုထပ်ရှိနိုင်ကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi Special Task Force -SSTF) တပ်ဖွဲ့ထံမှ သိရသည်။
SSTF တပ်ဖွဲ့မှ ကိုဖိုးလုံးက “သူတို့က ဘန်ကာ နောက်ဆုံး တဆင့်ကနေ ခံတိုက်နေတာ။ ဘန်ကာတွေက တော်တော် ခိုင်တယ်။ ဒီဘက်က ပစ်တာတောင် မပြိုဘူး။ အဖွဲ့ ၃ ဖွဲ့ ခွဲတိုက်တာ။ စခန်းရဲ့ဘေးမှာ သူတို့ အထိုင်ချတဲ့ စာသင် ကျောင်းကိုလည်း ဝင်တိုက်တယ်။ အဲဒီထဲ မနေရဲတော့ဘဲ စခန်းထဲ ဝင်ပြေးပြီး ကတုတ်ကျင်းတွေထဲ ဝင်သွားတာပဲ။ စာသင်ကျောင်း အပြင်ဘက်မှာ သေတဲ့ တယောက်က စစ်သား ဆေးမှူးပေါ့” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲတွင် SSTF မှ တပ်ဖွဲ့ဝင် ကိုပိန္နဲစေ့ (၂၀ နှစ်) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်မှ တပ်ဖွဲ့ ဝင် ကိုဝလုံး (၂၈ နှစ်) တို့ သေဆုံးခဲ့ကြောင်း သိရသည်။
နေ့လယ် ၁၂ နာရီခန့်က တိုက်ခိုက်ရေး ရဟတ်ယာဉ်၂ စီးဖြင့် လာရောက် ပစ်ခတ်သဖြင့် ကျားတက်ရွာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့်အပြင် ညနေ ၄ နာရီခန့်တွင်လည်း ရဟတ်ယာဉ်ဖြင့် လာရောက်ကာ တပ်ဖွဲ့ဝင် အင်အားတိုး ချပေးမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းစခန်းကို ယခု ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဧပြီလအတွင်း စီးနင်း တိုက်ခိုက်ခံရမှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကာ စခန်းအဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။
အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီ အာဘော် တယ်လီဂရမ် ချန်နယ်များတွင် ကျားတက် ရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အား၂၀၀ ကျော်ဖြင့် လာရောက် တိုက်ခိုက်သော်လည်း ပြန်လည် ခုခံတိုက်ခိုက်နိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။
You may also like these stories:
စစ်ကြောင်းထိုးမှုကြောင့် ဆိပ်ဖြူဒေသခံ ၂ သောင်းကျော် တိမ်းရှောင်
မြောက်ဦးက မောင်းဆွဲ ရွာသူ၊ ရွာသားများကို စစ်တပ်ဖမ်းဆီး
စစ်ကောင်စီ တပ်စခန်းများကို KNU ဆက်တိုက် သိမ်းပိုက်