အာဏာသိမ်းစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ရုရှားအစိုးရပိုင် Tyazhprom export တို့ ပူးပေါင်းဆောင်ရွက်နေသော ရှမ်းပြည်နယ် တောင်းကြီးမြို့နယ်ရှိ ပင်းပက် သံမဏိစက်ရုံကို အမြန်ဆုံးလည်ပတ်နိုင်ရန် လုပ်ဆောင်ရှိနေသည်။
ထိုစက်ရုံသည် အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လက်ထက်တွင် အရှုံးပေါ် နေသော နိုင်ငံပိုင်စက်ရုံများကို လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် ၂၀၁၇ မတ်လတွင် ရပ်ဆိုင်းခဲ့သည့် စက်ရုံ ဖြစ်သည်။
သို့သော် အာဏာသိမ်းပြီးနောက် ၃ လဝန်းကျင်မှာပင် သံမဏိတူးဖေါ်သန့်စင်ရေးလုပ်ဆောင်သည့် ထို စက်ရုံကို ပြန်လည်ပတ်ရန်အတွက် စစ်ကောင်စီက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစီမံကိန်းကို အနီးကပ် စောင့်ကြည့် လေ့လာနေသည့် ပအိုဝ့်လူငယ်အစည်းအရုံး (PYO) က ယနေ့ ထုတ်ပြန်သည်။
ယင်းသို့လုပ်ဆောင်ရန် အတွက် စက်ရုံကို မွန်းမံနေသကဲ့သို့ ပင်းပက်-နောင်ကား ရထားလမ်း တည်ဆောက်ရန် မြေဧက ၂၈ ကို သိမ်းဆည်းခြင်း နှင့် တိုးချဲ့ သိမ်းဆည်းမြေအချို့ကို ဖိအားပေး၍ လျှော်ကြေးပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း PYO က ပြောသည်။
PYO အဖွဲ့တာဝန်ရှိသူ တဦးက “စစ်ကောင်စီဘက်က ဒီစီမံကိန်းကို ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ ပြန်လည်ဖို့ အတိအလင်း ကြေညာထားတာရှိတော့ မြေပြင်မှာလည်း ထိုနည်းတူစွာပဲ ပင်းပက်နဲ့ ပတ်သက်ပြီး သတင်းတခုခုထွက်လာတိုင်း မြေပြင်မှာ လုပ်ဆောင်မှုတွေက မြန်သထက်မြန်လာနေတဲ့ အခြေအနေရှိတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိဖောက်လုပ်ရန် လုပ်ဆောင်နေသော မီးရထားလမ်းအရှည် ၁၅ မိုင်ဝန်းကျင်ခန့်ရှိပြီး ထိုစက်ရုံ သည် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ နှင့် ရေအားလျှပ်စစ် စသည့် နည်းလမ်း ၃ မျိုးဖြင့် လည်ပတ် ရန် လုပ်ဆောင်နေသည်ဟုဆိုသည်။
၎င်းကဆက်၍ “ပင်းပက်ဒေသမှာက ခနောက်စိမ်းစက်ရုံ၊ ဘိလပ်မြေစက်ရုံတို့လို တခြားစီမံကိန်း တွေလည်း ရှိထားတော့ အခုသံမဏိစက်ရုံပါ ပြန်လည်ပတ်လာမယ်ဆိုရင် ဒီစက်ရုံရဲ့ ဘေးထွက် ဆိုးကျိုးတွေဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေတွေကြောင့် အဲဒီပတ်ဝန်းကျင်က ကျေးရွာ ၃၀ ကျော် ဒုက္ခရောက်နိုင်ပါတယ်။ အခုစက်ရုံတည်ဆောက်ရေး ကာလမှာတောင် ရေအရင်း အမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပြီ” ဟု ဆိုသည်။
ကျေးရွာ ၃၀ ကျော်တွင် လူဦးရေး ၂ သောင်းကျော်အထိရှိကြောင်း သိရသည်။
ထိုပင်းပက်ဒေသတွင် လက်ရှိလည်ပတ်နေသော ကျောက်မီးသွေးသုံး သတ္တုသန့်စင်စက်ရုံ နှင့် သတ္တု တူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသများ၏ စိုက်ပျိုးမြေဧက ထောင်နှင့်ချီ ဆုံးရှုံးရခြင်း၊ ကျွဲနွားများ အတွက် စားကျက်မြေဆုံးရှုံးခြင်း၊ အလုပ်လက်မဲ့များဖြစ်ပေါ်ခြင်း၊ စက်ရုံများမှ ထွက်လာသော မီးခိုးပြာမှုန့် နှင့် စွန့်ပစ်ရေများကြောင့် ကျန်းမာရေးထိခိုက်ခြင်း ကိစ္စရပ်များကို ကြုံတွေ့နေကြရ လျက်ရှိကြောင်း PYO အဖွဲ့က ပြောသည်။
ပင်းပက်ဒေသခံတဦးကလည်း “ အခုက ကျနော်တို့ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ဒီဒေသကို ဒီစီမံကိန်းတွေက နေရာဝင်ယူလာပြီးတော့ ကျနော်တို့ ထွက်သွားပေးရတော့မယ်ပုံပဲ” ဟု ဆိုသည်။
ယခုစစ်အာဏာသိမ်းပြီးနောက်တွင် ထိုစီမံကိန်းများနှင့် ပတ်သက်ပြီး ဒေသခံများဘက်က သတင်း အချက်အလက်ရရှိမှု၊ တွေ့ဆုံဆွေးနွေးနိုင်သည့် အခွင့်အလမ်းများမရှိတော့သလို အဆိုပါကိစ္စရပ်များကို တက်ကြွလုပ်ဆောင်သော ဒေသခံတချို့ကို နိုင်ငံရေးနှင့်ဆက်နွယ်သော ပုဒ်မများဖြင့် ဖမ်းဆီးထောင် ချခြင်း နှင့် ခြိမ်းခြောက်ခြင်းများလည်း ကြုံတွေ့နေရကြောင်း သူက ပြောဆိုသည်။
၂၀၁၇ ခုနှစ်အစောပိုင်း မဆိုင်းငံ့မီအထိ ထိုသံမဏိ စက်ရုံစီမံကိန်းကို MEC နှင့် Rostec (Russia’s State Corporation) လက်အောက်ခံ VO Tyazhpromexport ကုမ္ပဏီတို့အကြား စာချုပ်ဖြင့် လုပ်ငန်းလည်ပတ်ခဲ့ပြီး ပင်းပက်စီမံကိန်းသည် ပင်းပက်တောင် သို့မဟုတ် ထင်းရှူးတောင်ကို မြန်မာ နိုင်ငံတွင် အကြီးမားဆုံး သံသတ္တုမိုင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထိုစက်ရုံကိုတောင်ကြီးမှ ၈ မိုင်ခန့်အကွာ ပင်းပက်ဒေသရှိ မြေ ၅၂၆၀ ဧကပေါ်တွင်တည် ဆောက်ထား သည်။
ပအိုဝ့်လူငယ်အစည်းအရုံး (PYO) မှ ဒါရိုက်တာဖြစ်သူ ခွန်ဦးက “ကျနော်တို့လေ့လာထားချက်အရ ဒီစီမံကိန်းက သံမဏိစီမံကိန်းလို့ ဆိုပေမယ့် သံမဏိလည်း ကောင်းကောင်းမထွက်လာဘူး။ ဘာတွေ ထွက်လာမလဲဆိုတာကိုလည်း သိပ်မသိရဘူး။ လျှို့ဝှက်ထားတယ် လုံခြုံရေးလည်း အရမ်းတင်းကျပ် ထားတယ်” ဟု ပြောသည်။