စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ ယခု အောက်တိုဘာ ၁ ရက်အထိ ကျေးရွာ ၆၄ ရွာမှ နေအိမ် ၂၁၀၀ ကျော်ထိ မီးရှို့ခံထားရကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ မီးရှို့ခံရမှုကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရသည့် ဒေသခံ ပြည်သူ ၁ သောင်းခန့်မှာ အရေးပေါ် အကူအညီများ လိုအပ်နေသလို အရပ်သား ပြည်သူ ၆၈ ဦးလည်း သတ်ဖြတ်ခံထားရကြောင်း သိရသည်။
တန့်ဆည်မြို့နယ်အတွင်းသို့ သြဂုတ်၊ စက်တင်ဘာလများတွင် တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းများနှင့် ဒေသခံ ပျူစောထီး အဖွဲ့များ ပေါင်း၍ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
Taze People’s Defence Force က “ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် ၃ မြို့နယ်က ပျူတွေ အားကောင်းတဲ့ နေရာလို့ ပြောရမှာပေါ့၊၊ တန့်ဆည်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ၃ ရွာလောက်က ပျူတွေ များတယ်။ အဲဒီလို ပျူတွေနဲ့ တပ်မ ၃၃ အောက်က တပ်ရင်းတွေနဲ့ ပေါင်းပြီး စစ်ကြောင်း ၂ ကြောင်းခွဲ ထိုးနေကြတာ။ စက်တင်ဘာထဲမှာကို တန့်ဆည် မြောက် ပိုင်းက ရွာ ၂၀ ကျော်ကို မီးရှို့ လုယက် သတ်ဖြတ် ဖမ်းဆီးတာတွေ လုပ်သွားတယ်” ဟု ပြောသည်။
တန့်ဆည်နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့သည့် ရွာများထဲတွင် ၅ ရွာမှာ ရွာလုံးကျွတ် မီးရှို့ခံထားရပြီး ဗုဒ္ဓဘာသာဘုန်း တော်ကြီး ကျောင်း ၂ ကျောင်းနှင့် ကျေးလက် ဆေးပေးခန်း တခုလည်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း တန့်ဆည်မြို့ စစ်ရေးအခြေအနေများကို ထုတ်ပြန်ပေးသည့် Taze News မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါအဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ ဖျက်ဆီးခံရသည့် ကျေးရွာများ မှာ ကာပေါင်းကျ၊ ကျီကုန်း၊ ပုတီး၊ စည်းသာ၊ လိပ်ခြံ၊ ပေချောင်း၊ ထန်းကြီးကုန်း၊ ခရုတော၊ ရွာရှည် (မ)၊ ထန်းပင်ဆိပ်၊ ဖလံချိုင်၊ ချောင်းဆုံ (တ)၊ ကုန်းအိုင်၊ မူးခွ၊ ကျွန်းလည်၊ အင်ပင်သာ၊ ရွှေကျင်၊ အကုက္ကား၊ ကဘဲ၊ ဘေရင်း၊ မြောက် အင်း၊ ကမ်းဖြူ (မ)၊ စိမ်းစား၊ ချောင်းရိုး၊ ဝါးရငယ်၊ သာကေတ၊၊ ဂရိတ်၊ တော ဂျင်၊ ကြောင်ဆင်းအိုင်၊ ကံကလေးကုန်း၊ လက်ဆည်၊ အင်တောရိုး၊ ရေရှင်ကုန်း၊ မြေခု၊ ကြက်ဆူကံ၊ ဖန်းခါးဇင်၊ တပ် ကုန်း၊ နားဋောင်းကျ၊ ကျွန်းတောကုန်း တို့ ဖြစ်သည်။
ထို့ပြင် အောင်ချမ်းသာ၊ ဆင်ငယ်၊ လမ်းဆုံ၊ ရွာမုံတောင်၊ ကံပေါက်၊ ကိုးတောင်ပို့၊ ရွာသစ်(ဝရငယ်)၊ ဗျက်ကြီး၊ အုတ်ဖို အိုင်၊ ရွာသစ်(ဘေးရင်း)၊ ရေဦးကုန်း၊ အင်း ပတ်၊ အိုးသည်ကုန်း၊ ဂွေးကုန်း၊ ပေကုန်း၊ တောင်တော၊ နဘက်ငယ်၊ သစ္စေးကုန်း(တ)၊ နဘက်ကြီး၊ သဲစား(န)၊ သဲစား(ရ)၊ အင်းတောသာ၊ တဆယ်ကျဲ၊ သစ်တော်ပေါက်(မ)၊ ငှက်ပျော တောကျေးရွာများလည်း မီးရှို့ခံထားရပြီး ကာပေါင်းကျကျေးရွာသည် ၁၂ ကြိမ်အထက်မနည်း ရှို့ခံခဲ့ရသလို ချောင်းဆုံ (တ) ကျေးရွာသည်လည်း ၇ ကြိမ်ထက် မနည်း မီးရှို့ခံထားရကြောင်း သိရသည်။
ကာပေါင်းကျကျေးရွာမှ ဒေသခံတဦးကလည်း “အခုက အိမ်မှာ ပြာပုံပဲ ကျန်ခဲ့တော့တာ။ စားစရာ ဆန်မပြောနဲ့ အိုးခွက်ပန်းကန်တောင် မကျန်တော့ဘူး။ အကုန် မီးထဲပါသွားတာ။ ခေတ်ကာလက မကောင်းတော့ အလုပ်ကလည်း ပုံမှန် မရှိဘူး။ ဝင်ငွေကလည်း မရှိဘူး။ စစ်ကြောင်း ခဏခဏ လာတော့ ပြေးနေရတယ်။ တခါတလေ ထမင်းငတ်တယ်။ သူတို့က ရွာကို ဝင်တာနဲ့ တွေ့တဲ့သူဖမ်း၊ အိမ်တွေကို မီးရှို့နေတာဆိုတော့ သူတို့နဲ့ တွေ့ကို မတွေ့ချင်တော့တာ၊ ရွာကလည်း ရွာပျက်ကြီးလို ဖြစ်သွားပြီ” ဟု ပြောသည်။
တန့်ဆည်မြို့နယ် မြောက်ပိုင်းရှိ မူးတိမ်၊ မူးခွ၊ ကဘဲ၊ ဘေရင်း၊ ကျွန်းလည် စသည့် ကျေးရွာများမှ နယ်မြေခံ ပျူစောထီးများ ဦးဆောင်မှုဖြင့် အင်အား၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းသည် စက်တင်ဘာ ၁၆ ရက်မှစ၍ ကျေးရွာပေါင်း ၂၀ ကျော်ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများမှ ပစ္စည်းများကို မွှေနှောက်ယူဆောင်ခြင်းများအပြင် ရေဦးကုန်း၊ ပေကုန်းကျေးရွာမှ ပြည်သူ ၂ ဦး အပါအဝင် ဒေသခံပြည်သူနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၁၂ ဦးအထိ သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။
Taze People’s Defence Force က “သူတို့က ကြောက်မလား ထင်ပြီး ရွာတွေကို မီးတိုက်တာ။ သူတို့ လုပ်တာက ကြောက်မသွားတဲ့ အပြင် နာကျည်းချက်တွေ ခံစားချက်တွေ ပိုမြှင့်ပေးလိုက် သလိုပဲ။ အခုဆိုရင် လူငယ်တော်တော် များများက သူတို့ကို ပြန်ခုခံဖို့ပဲ အားသန်လာကြတယ်၊ တော်လှန်ရေး မပြီးမချင်း တိုက်ပွဲ ဝင်ကြမယ် ဆိုတာမျိုးဖြစ် နေကြပြီ။ ဒါက နောက်ထပ် တော်လှန်ရေး ရေချိန်တခု မြင့်တက်လာတယ်လို့ ပြောရမှာပေါ့။ မီးလောင်တိုက်သွင်းလို့ ပြာကျမယ့်အထဲမှာ တော်လှန်ရေး စိတ်ဓာတ်တွေ မပါဘူးဆိုတာ သိသွားစေတာပေါ့လေ” ဟု ပြောသည်။
ယခုအခါ တန့်ဆည်မြို့နယ်သည် စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရမှု အများဆုံး မြို့နယ်ဖြစ်ပြီး နိုင်ငံတကာမှ လူသားချင်း စာနာရေး အကူအညီများ ယခုအချိန်ထိ မရရှိသလို အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည့် ဒေသခံ ၁ သောင်းကျော်မှာလည်း အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိကြောင်း သိရသည်။
တန့်ဆည် ကူညီ ထောက်ပံ့ရေး အဖွဲ့ (TSO) တာဝန်ရှိသူတဦး က “စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့၊ ပြည်သူတွေကို ဖမ်းဆီး ဆိုတော့ ကိုယ်လွတ်ရုန်း ပြေးကြရတာပဲ။ လက်ရှိမှာတော့ နေထိုင် စားသောက်ရေးက အဓိက လိုအပ်နေတာပေါ့။ နောက်ပြီး ဆေးဝါးနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတာပေါ့။ လက်ရှိကာလက မိုးရာသီဆိုတော့ စစ်ဘေးရှောင်၊ မီးဘေးရှောင် ပြည်သူတွေအတွက် နေစရာ ခိုင်ခိုင်ခန့်ခန့် မဟုတ်တောင် လုံလုံခြုံခြုံ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒေသတွင်း အကူအညီနဲ့ လုံလောက်မှု မရှိတော့ဘူး၊ အရေးပေါ် အကူအညီ လိုအပ်နေတာမို့ အချိန်မီသာ မရခဲ့ရင် စစ်ဘေးရှောင်၊ မီးဘေးရှောင်နေရတဲ့ အထဲ အငတ်ဘေးပါ ရင်ဆိုင်ကြရတော့မယ်” ဟု ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လေကြောင်း၊ ကုန်းကြောင်း အသုံးပြုကာ အင်အား အလုံး အရင်းနှင့် ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပစ္စည်းများ ခိုးယူခြင်း၊ အမျိုးသမီးများအား အဓမ္မ ပြုကျင့်ခြင်းများ လုပ်ဆောင်နေသည့်အတွက် စစ်ကြောင်းနှင့် ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်း ဒေသခံများက ပြောဆိုသည်။
ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နေအိမ်များအား မီးရှို့ခြင်းများအပြင် အိမ်တိုင်များကို ချိန်းဆောများနှင့် လှီးဖြတ် ခြင်း၊ အိမ်ထရံများခွာခြင်း စသည့် ဖျက်ဆီးမှုများကိုလည်း ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “မိဘ ဘိုးဘွားတွေ ခေါင်းချခဲ့ကြတဲ့ ကိုယ့်ဒေသကို မီးရှို့နေတာ၊ ဖျက်ဆီးနေတာ သိလျက်နဲ့ ထိုင်ကြည့်နေရတဲ့ ခံစားချက်ကတော့ ပြောမပြတတ်အောင်ပါပဲ။ ရွာသူရွာသားတွေလည်း ဘယ်မှာနေလို့ နေရမှန်း မသိတော့ဘူး၊ ရွာကြီးကလည်း ရွာပျက်ကြီးလိုကို ဖြစ်သွားပြီ။ လုပ်ကိုင် စားသောက်ဖို့အတွက် ဘာမှ မကျန်တော့ဘူးဆိုတော့ ဖြစ်သလို ရုန်း ကန်ကြရတော့မှာပေါ့” ဟု ပြောသည်။
ယခုအခါ တန့်ဆည်မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ ၈ လကျော်ခန့် ရှိနေပြီဖြစ်သလို ကျေးရွာအများစုမှာ တိုက်ပွဲဖြစ်ခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ခံခဲ့ရပြီး ကျေးရွာ ၃၅ ရွာမှ ဒေသခံ ၂ သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။
ယခုအခါ စစ်ကိုင်းတိုင်းအတွင်း၌ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခမရ ၁၂၊ ၁၆၊ ၃၆၃၊ ၃၆၄၊ ၃၆၅၊ ၃၆၆ ၃၆၇၊ ၃၆၈၊ ၃၆၉၊ ၃၇၀၊ ၇၀၁၊ ၇၀၂၊ ၇၀၃၊ ၇၀၇၊ ၇၀၈ နှင့် ခလရ ၈၇၊ ၈၉၊ ၂၂၈ စသည့် တပ်ရင်းများ စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ
စစ်ကြောင်းထိုးမှုကြောင့် ဆိပ်ဖြူဒေသခံ ၂ သောင်းကျော် တိမ်းရှောင်