အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်မြို့ ၌ နိုဝင်ဘာလတွင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်း မရှိကြောင်း ကမ္ဘောဒီးယား အခြေစိုက် The Phnom Penh Post သတင်းဌာနက ရေးသားသည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Chum Sunry ၏ ဖြေကြားချက်ကို ကိုးကား၍ The Phnom Penh Post က ရေးသားခြင်း ဖြစ်သည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chum Sunry က “အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေသာမက မြန်မာနိုင်ငံ အပါအဝင် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီ ယံ ဆွေးနွေးဘက်နိုင်ငံတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ကို ဖိတ်ကြားထားပါတယ်။ မြန်မာ နိုင်ငံက နိုင်ငံရေး မဟုတ်တဲ့ ကိုယ်စားလှယ်ကိုသာ စေလွှတ်ဖို့ အကြံပြုထားပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံ ဘုံသဘောတူညီချက်များကို အမှန်တကယ် အကောင်အထည်ဖော်မှုမရှိခြင်းနှင့် ဒီမိုကရေ စီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခြင်း ကဲ့သို့သော ၎င်း၏ ရန်လိုသည့် မူဝါဒများကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း The Phnom Penh Post တွင်ဖော်ပြထားသည်။
Asian Vision Institute ၏ မဲခေါင် မဟာဗျူဟာ လေ့လာရေး စင်တာ သုတေသီတဦးဖြစ်သူ Thong Mengdavid ကလည်း အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားသည် အရပ်ဘက်အဖွဲ့နှင့် အတိုက်အခံ လှုပ်ရှားမှုများကို စွန့်ပစ် လိုက်ပြီ သို့မဟုတ် မြန်မာစစ်ခေါင်းဆောင်များကို ထောက်ခံလိုက်ပြီ ဆိုသည့် အမြင် မပေါ်လွင်စေချင်သဖြင့် ယခု ကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
၎င်းက “မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ နှေးကွေးနေပေမယ့် ကမ္ဘောဒီးယားနဲ့ တခြားအာဆီယံ အဖွဲ့ ဝင်တွေက မြန်မာ့အရေးကို ဆက်လက် အာရုံစိုက်ထားပါတယ်။ COVID-19 ကာကွယ်ဆေး၊ အစားအသောက်နဲ့ ဆေး ဝါးကဲ့သို့သော လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပံ့ပိုးပေးဖို့ မြန်မာနိုင်ငံထဲက ပြည်သူတွေအတွက် ပိုမို လုံခြုံမှုနဲ့ အကာအကွယ်တွေရဖို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ Thong Mengdavid က မြန်မာစစ်တပ် ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပါ အဝင် ပြည်သူ့စစ်များသည် တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီး အားလုံး အနိုင်ရစေသည့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးသို့ ပြန် သွားသင့်ကြောင်း မှတ်ချက်ပေးသည်။
You may also like these stories:
မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး လုပ်မည်
ဝါရှင်တန်၏ မြန်မာမူဝါဒနောက်ကွယ်မှ လက်တံ နှစ်ခု