စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးခင်ရီက ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ဖို့ ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တတိယအကြိမ် ပါတီညီလာခံ၌ တိုက်တွန်းပြောကြားသွားသည်။
ကြံခိုင်ရေးပါတီညီလာခံ ဒုတိယနေ့တွင် ပါတီခေါင်းဆောင်သစ်များကို ပြန်လည်ရွေးချယ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးခင်ရီအား ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ပြီး သူ၏ ပထမဆုံး မိန့်ခွန်း တွင် ထိိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
“ခေတ်သစ် ကိုလိုနီကျွန်ပြုလိုတဲ့ ကမာ္ဘ့နိုင်ငံကြီး အချို့ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ တဖက်သတ်ကျတဲ့ မီဒီယာများရဲ့ အမှားကိုအမှန် လုပ်ကိုင်နေမှုစတာတွေကြောင့် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး အကောင်းဆုံးအခြေအနေဖြစ် အောင် ကိုင်တွယ်ဖြေရှင်းနေရချိန် မှာ ကျနော်တို့ပါတီဘက်ကလည်း ကျရာအခန်းကဏ္ဍကနေ အစွမ်းကုန်ပူးပေါင်း ဆောင်ရွက် ကြိုးပမ်းဖြေရှင်းသွားကြရဖို့ လိုကြောင်းလည်း တင်ပြလိုပါတယ်” ဟု ပြောသည်။
ပါတီဥက္ကဌသစ်ဖြစ်လာသူ ဦးခင်ရီသည် ဩဂုတ်လ အတွင်းကမှ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ဖယ်ရှားခံရပြီး ကြံ့ခိုင်ရေးပါတီသို့ ပြန်လာကာ ယာယီဥက္ကဌအဖြစ် လက်လွှဲရယူခဲ့သူလည်းဖြစ်သည်။
ဗိုလ်ချုပ်ဟောင်းတဦးဖြစ်သူ ဦးခင်ရီသည် ယခင် နဝတအစိုးရ၊ ဦးသိန်းစိန်အစိုးရများ လက်ထက်တွင် ရဲချုပ်၊ လူဝင် မှုကြီးကြပ် ရေးဝန်ကြီး ရာထူးများ တာဝန်ယူခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအား ဆန့်ကျင်ရာတွင် ငါးထောင်စားဟု လူသိများသည့် စစ်တပ်ထောက်ခံသော မြေပြင်အကြမ်းဖက် ဆန္ဒပြပွဲများအား ဦးဆောင်ကြိုးကိုင် လုပ်ဆောင်ခဲ့သူလည်းဖြစ်ကြောင်း ဝန်ကြီးဟောင်းဦးစိုးသိန်း၏ စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။
ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာခြင်းအတွက် စစ်ကောင်စီက ၎င်းအား ဆန့်ကျင်သူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက် နှိပ်ကွပ်ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လက်ကိုင်တုတ်နေရာမှ ပိုမိုပါဝင်လာနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။
ယနေ့ ပါတီဥက္ကဌအဖြစ် ဦးခင်ရီ ပထမဆုံးပြောသည့် မိန့်ခွန်းတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုပြုကျင့်မှု များရှိ ခဲ့ကြောင်း ထပ်မံပြောဆိုခဲ့ပြီး နိုင်ငံတော်၏ အနာဂတ်အား လူထုဆန္ဒနှင့်အညီ ပုံဖော်ပေးရမည့်အဖွဲ့အစည်း၏ ဆိုးရွား သည့် ဖြစ်ရပ်တခုဟု ဆိုရမည်ဖြစ်ကြောင်း အပြစ်တင်ပြောကြားသည်။
သူသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆိပ်ကြီး-ခနောင်တိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော် လည်း NLD ပါတီမှ ဦးတင်ထွန်းနိုင်(လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး)အား ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။
ယနေ့ကျင်းပသည့် ကြံ့ခိုင်ရေးပါတီညီလာခံဒုတိယနေ့တွင် ဒုတိယဥက္ကဌသစ်များအဖြစ် ယခင်ဒုတိယဥက္ကဌဟောင်း များဖြစ်သူ ဦးလှထွန်းနှင့် ဦးမြတ်ဟိန်းတို့အား ပြန်လည်ရွေးချယ်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင် အောင်ချစ်အား ရွေးချယ်လိုက်ကြောင်းလည်း သိရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးမြတ်ဟိန်းသည် စစ်တပ်တွင် လေတပ်ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစားယူကာ ဦးသိန်းစိန်းအစိုးရလက်ထက်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
ဦးလှထွန်းသည်လည်း စစ်တပ်တွင် ဗိုလ်ချုပ်အဆင့်၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးသိန်းစိန်အစိုးရလက်ထက် တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ယင်းအပြင် စစ်အစိုးရခေတ် ၂၀၀၃ ခုနှစ်မှစတင်ပြီး ၂၀၁၂ ခုနှစ်အထိလည်း ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဦးလှထွန်းအနေဖြင့် ကျောက်ပန်းတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးရွှေကိုအား ရှုံးနိမ့်ခဲ့သည်။
ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာသူ ဦးတင်အောင်ချစ်သည် စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ပြီး နယ်စပ်ရေးရာ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူး သူဖြစ်သည်။
၂၀၂၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် မကွေးတိုင်း၊ အောင်လံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ကြံ့ခိုင်ရေး ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဒေါ်ခင်မျိုးဆက်အား အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။
ပါတီအနေဖြင့် ဥက္ကဌနှင့်ဥက္ကဌ ၂ ဦး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးတို့အား အတည်ပြုရွေးချယ်ပြီးသော်လည်း ပါတီထိပ်ပိုင်းခေါင်းဆောင် ရာထူးနှစ်ခု ဖြစ်သည့် ဒုတိယဥက္ကဌ တဦးနှင့် ပါတီအထွေထွေအတွင်းရေးမှူးတို့အား အတည်ပြုခန့် အပ်ခြင်းမရှိသေးဘဲ ချန်လှပ်ထားသည်။
အဆိုပါ အရေးပါသည့် ပါတီရာထူးနှစ်နေရာအား လတ်တလော စစ်တပ်မှအနားယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့အား ခန့်အပ်မည်ဖြစ်ကြောင်းလည်း ပါတီတွင်း သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုနေသည့်အပြင် အခြားသောစစ်တပ်အရာရှိဟောင်းများလည်း ပါတီသို့ ထပ်မံရောက်လာဦးမည်ဖြစ် ကြောင်းလည်း သိရသည်။
လက်ရှိတွင် ပါတီညီလာခံ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး အတည်ပြုခန့်အပ်လိုက်သည့် ပါတီဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် စာရင်းများအား အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။
You may also like these stories:
စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ
အကွဲအပြဲဖြင့် အာဏာထပ်လုကြဦးမည့် ကြံ့ခိုင်ရေးပါတီ