ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ညီလာခံနှင့် တိုက်ဆိုင်စွာ စစ်တပ်မှ စစ်ဘက်ထိပ်တန်း ရာထူးများ ရယူထားသော ဒုတိယ ဗိုလ်ချုပ်ကြီး ၅ ဦး၊ ဗိုလ်ချုပ်တဦး၊ ဗိုလ်မှူးချုပ် ၃ ဦးနှင့် တပ်မမှူး ရာထူး အချို့ အပြောင်းအလဲကို အောက်တိုဘာ လဆန်းက ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သသာရီတိုင်း ၃ တိုင်းအား စစ်ဆင်ရေး တာဝန်များ ကွပ်ကဲရသော ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ- ၄) အဖြစ် တာဝန်ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး အား စစ်ဘက် ရာထူးမှ အနားပေးလိုက်ကြောင်း သတင်း ရရှိသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးအား စစ်ဘက်ရာထူးမှ အနားပေးလိုက်သည့်အတွက် လစ်လပ်သွားသော ကစထ (၄) မှူး ရာထူးအား ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်လှိုင်အား ပြောင်းလဲ တာဝန်ပေးခဲ့သည်။
ကစထ (၄) မှူး ဖြစ်လာသော ဒု ဗိုလ်ချုပ်ကြီး ခင်လှိုင်သည် အလုပ်သင် ဗိုလ်လောင်း တေဇ အပတ်စဉ် ၁၇ သင်တန်းဆင်း တဦးဖြစ်ပြီး ၉၉ တပ်မမှူး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး အလုပ်သင်မှ ဒု ဗိုလ်ချုပ်ကြီး ဖြစ်လာသူ ဖြစ်သည်။
ထို့ပြင် ၂၀၁၉ ခုနှစ်က စစ်ရေးချုပ် ဖြစ်လာသော ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းအား ရာထူးမှ အနားပေးခဲ့ပြီး စစ်ရေးချုပ် အသစ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စိုးမင်းဦးအား တာဝန်ပေးလိုက်သည်။ စစ်ရေးချုပ် ဖြစ်လာသော ဒု ဗိုလ်ချုပ်ကြီး စိုးမင်းဦးသည် တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ထို့အတွက် လစ်လပ်သွားသော တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ရာထူးအား ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ် ကြီး အောင်ဇော်အေး အား ပူးတွဲတာဝန်ပေးလိုက်ကြောင်း သတင်းရရှိသည်။
တပ်တွင်းသတင်းများအရ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းအား မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) သို့လည်း ကောင်း အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ- ၄) ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးအား မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက် သို့လည်းကောင်း ပြောင်းရွှေ့ခန့်ထားသည် ဆိုသော်လည်း စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခ်ိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် တာဝန်ပေးမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
“ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးနဲ့မျိုးဇော်သိန်းကို ဦးပိုင်နဲ့MEC (မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း) ကို ပို့တယ်လို့ပြောကြ ပေမယ့် အဲဒီမှာ လက်ရှိ ညိုစောနဲ့ဆန်းဦး ရှိနေတာ့ အဲဒီနေရာမှာ ထားဖို့မဖြစ်နိုင်ဘူး။ တခြားနေရာကို ပို့မယ်ထင်တယ်” ဟု စစ်ရေး လေ့လာသူ တဦးက ဆိုသည်။
လစ်လပ်သွားသော အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂) ရာထူးအား အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်အား ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးတိုးပေးပြီး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။
တပ်မ ၃၃ တပ်မမှူး တာဝန်ယူခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး အောင်အောင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေး များတွင် တပ်မမှူးအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့ အရေးယူမှု စာရင်း၌ ပါဝင်ခဲ့သူလည်း ဖြစ်သည်။
ကရင်ပြည်နယ်၊ မြဝတီမြို နယ်အတွင်း စစ်ဆင်ရေး တာဝန်များ ယူခဲ့သော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် တင်မိုးနိုင်အား စစ်ဘက်ရာထူးမှ အနားပေးခဲ့ပြီး တပ်မ ၄၄ တပ်မမှူး အသစ်အဖြစ် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် ဗိုလ်မှူးကြီး မင်းနောင်စိုး အား ခန့်အပ်လိုက်သည်။
ထို့ပြင် နာမည်ကျော် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်အား တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) ကျောင်းအုပ်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး တပ်မ ၈၈ ဒုတပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်အား တပ်မ ၇၇ တပ်မမှူး အဖြစ် ရာထူးတိုး ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။
ယခု စစ်တပ်ရာထူး အပြောင်းအလဲသည် စစ်ခေါင်းဆောင် သဘောကျသူများအား ရာထူးတိုးပေးခြင်း ဖြစ်ပြီး အနာဂတ် စစ်ဘက်နှင့် အရပ်ဘက် တာဝန်များတွင် ခေါင်းဆောင်အဖြစ် ရာထူးပေးရန် လျာထား ခံရသူများ ဖြစ်နိုင်ကြောင်း စစ်ရေး နိုင်ငံရေး လေ့လာသူအချို့က ဆိုကြသည်။
စစ်တပ် ကျောထောက်နောက်ခံ ပါတီတခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာလည်း လက်ရှိတွင် ခေါင်း ဆောင်ပိုင်း အပြောင်းအလဲ ပြုလုပ်လျက်ရှိပြီး စစ်တပ်မှ မကြာသေးခင်အချိန်က အငြိမ်းစားယူခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး တို့ခန့်အပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှုများလည်း ရှိသည်။
You may also like these stories:
မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မဖိတ်
အင်အားနည်းလာသော စစ်တပ် ရဲမှုထမ်းဟောင်းများဖြင့် အင်အားဖြည့်နေ
စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင် လုပ်ကြံခံရပြီးနောက် စစ်အရာရှိဟောင်းများ သွေးပျက်